Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ရေစကြိုနယ် ရေလယ်ကျွန်း PDFနဲ့ မြင်းခြံ MG6 ပြောက်ကျားတပ် အချင်းချင်းပစ်ခတ်မှုဖြစ်၊ MG6 အဖွဲ့ခေါင်းဆောင် သေဆုံး

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းရှိ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနဲ့ မြင်းခြံ MG6 ပြောက်ကျားတပ်တို့ ဒီနေ့ မနက်မှာ ပစ်ခတ်မှု ဖြစ်ပွားပြီး MG6 ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် သေဆုံးသွားတယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)တာဝန်ခံ ရဲဘော်ဝေကြီးက ပြောပါတယ်။ MG6 ပြောက်ကျားတပ်က မနေ့ညပိုင်းမှာ ရေစကြိုမြို့နယ် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးဖို့ ကြိုးပမ်းရာမှ နောက်ဆက်တွဲပစ်ခတ်မှု ဖြစ်ပေါ် လာတာလို့ ဆိုပါတယ်။ အခုလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုဟာ ရေစကြိုနယ်မှာ ပထမဆုံးဖြစ်ပါတယ်။ PDF အချင်းချင်းပစ်ခတ်မှု ဖြစ်ပွါးတဲ့ ဒီနေ့မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက် တစ်ရပ်ထုတ်ပြန်ကာ တိုင်ကြားမှုဆိုင်ရာ ကော်မတီတစ်ရပ်ဖွဲ့စည်းထားကြောင်း အသိပေးပါတယ်။

(MG6ပြောက်ကျားတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MG6)
(MG6ပြောက်ကျားတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MG6)

▪️KNU ဖာပွန်ခရိုင် ဇူလိုင်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၁၀၀ ကျော်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)မှာ ဇူလိုင်အတွင်း တိုက်ပွဲပေါင်း ၁၈၉ ကြိမ်ဖြစ်ပွါးခဲ့တယ်လို့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၁ရက်မှ ၃၁ ရက်အထိ ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲနဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို ဒီနေ့ ထုတ်ပြန်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီတပ်က ရွာအတွင်းနဲ့လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်များ အတွင်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်း ဆက်လက် လုပ်ဆောင်ခဲ့တာကြောင့် အပြစ်မဲ့ရွာသား နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၁၀၉ ဦးသေဆုံးပြီး ၈၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။

(တပ်မဟာ(၅)နယ်မြေတွင် မေလက ဖြစ်ခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းအချို့။ ဓာတ်ပုံ - ဓာတ်ပုံ - KNU Mutraw News)
(တပ်မဟာ(၅)နယ်မြေတွင် မေလက ဖြစ်ခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းအချို့။ ဓာတ်ပုံ – ဓာတ်ပုံ – KNU Mutraw News)

▪️တော်လှန်ရေးကာလ (၂)နှစ်ကျော်အတွင်း အမှုပေါင်း ၂၀၀ခန့် ပြီးပြတ်အောင် စစ်ဆေးနိုင်ခဲ့ ဟု NUG တရားရေး ထုတ်ပြန်

စစ်အာဏာရှင်တော်လှန်ရေး (၂)နှစ်ကျော်ကာလအတွင်း တရားမနဲ့ ရာဇဝတ်မှုပေါင်း ၂၀၀ ခန့် ပြီးပြတ်အောင် စစ်ဆေးနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးချိန်မှ လက်ရှ်ိ ၂၀၂၃ ဇွန်လအထိ တရားမမှု ၇၄ မှုနဲ့ ရာဇဝတ်မှု ၃၀၆ မှုကို ကြားနာစစ်ဆေးခဲ့ရာ တရားမမှုပေါင်း ၂၉ မှုနဲ့ ရာဇဝတ်မှုပေါင်း ၁၇၃ မှုတို့ကို ပြီးပြတ်အောင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။ တော်လှန်ရေးအသာစီးရပြီး အုပ်ချုပ်မှုနယ်မြေတွေ ပိုများလာတာနဲ့အမျှ NUG အစိုးရက တရားရေးကဏ္ဍကို အရင်ကထက် ပိုပြီး ဖိဖိစီးစီးလုပ်နိုင်တယ်လို့ CDM တရားသူကြီးတစ်ဦးကပြောပါတယ်။

(NUG အစိုးရ၏ ကသာမြို့နယ်တရားရုံးလုပ်ငန်းများ လည်ပတ်နိုင်ရန် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက လုံခြုံရေးပေးထားသည်ဟု သိရသည်။ ဓာတ်ပုံ-ကသာ ပကဖ)
(NUG အစိုးရ၏ ကသာမြို့နယ်တရားရုံးလုပ်ငန်းများ လည်ပတ်နိုင်ရန် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက လုံခြုံရေးပေးထားသည်ဟု သိရသည်။ ဓာတ်ပုံ-ကသာ ပကဖ)

▪️KNU တပ်မဟာ(၃)နယ်မြေရှိ ကျေးရွာအတွင်း စစ်ကောင်စီလက်နက်ကြီးပစ်လို့ ပြည်သူနှစ်ဦးသေဆုံး၊ ကလေးငယ်အပါအဝင် သုံးဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) တပ်မဟာ(၃) နယ်မြေအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်ခဲ့လို့ အရပ်သား ပြည်သူများ ထပ်မံသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့တယ်လို့ KNUက မနေ့ညက အသိပေးထုတ်ပြန်ပါတယ်။ ဩဂုတ် ၂ ရက်နဲ့ ၃ ရက်တွေမှာ မူး(မုန်း)မြို့နယ် နဲ့ ကျောက်တံတားခါးမြို့ရှိ စစ်ကောင်စီတပ်တို့က ဒေသတွင်းရှိကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုတွေကြောင့် အသက် (၃၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး အသက် (၇၁) နှစ်အရွယ် အဘိုးအိုတစ်ဦး၊ (၆)နှစ်အရွယ် ကလေးငယ်နဲ့ (၃၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။ မနေ့ကလည်း စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် (၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသား တစ်ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

(စစ် ကောင်စီတပ်ဖွဲ့ဝင်အချိုကို ကရင်ပြည်နယ်တွင်၂၀၂၁ နှစ်ကုန်ပိုင်းက တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ် ကောင်စီတပ်ဖွဲ့ဝင်အချိုကို ကရင်ပြည်နယ်တွင်၂၀၂၁ နှစ်ကုန်ပိုင်းက တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪️ဒီပဲယင်းမှာ စစ်တပ်လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ခင်ပွန်းဖြစ်သူ ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ခင်ပွန်းဖြစ်သူ ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ သြဂုတ် ၁ ရက်က ရေဦးမြို့နယ်ဘက်မှ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒီပဲယင်းမြို့နယ်ရှိ ရွာရှည်ကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောပါတယ်။ အဲဒီ လက်နက်ကြီးကျည်ကြောင့် ကျေးရွာအတွင်းရှိ ကိုယ်ဝန် (၇)လရှိ မချောစုဝင်းမှာ လက်နက်ကြီးစထိမှန်ကာ လက်တစ်ဖက် ကျိုးသွားကာ ပခုံးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှုခံယူနေရပြီး ၎င်းရဲ့အမျိုးသား ကိုနိုင်လည်း ပေါင်နဲ့ ခြေထောက်နှစ်ဖက် ပြင်းထန်ထိခိုက်ဒဏ်ရာများ ရရှိသွားတယ်လို့ သိရပါတယ်။

▪️ရေစကြိုနဲ့ မြိုင်မြို့ရှိ ရဲစခန်း၊ ပျူစခန်းများကိုမောင်းသူမဲ့ယာဥ်ငယ်များဖြင့် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုနဲ့ မြိုင်မြို့ရှိ ရဲစခန်းနဲ့ ပျူစောထီးစခန်းများကို မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ မနေ့ နေ့ခင်းက ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာရှိ စစ်ကောင်စီတပ်သားများနဲ့ ပျူများရှိရာ စခန်းကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအခြေစိုက်အဖွဲ့များ ပူးပေါင်းကာ မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးသုံးလုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်စွဲထားတဲ့ မြိုင်မြို့ရဲစခန်းကို မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ဗုံးသီး ငါးလုံးချ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြို(ပကဖ)အဖွဲ့က ပြောပါတယ်။

ရေစကြို(ပကဖ)ရဲဘော်များ စစ်ဆင်ရေးတစ်ခုပြုလုပ်ရန် ပြင်ဆင်နေသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - ရေစကြို(ပကဖ)
ရေစကြို(ပကဖ)ရဲဘော်များ စစ်ဆင်ရေးတစ်ခုပြုလုပ်ရန် ပြင်ဆင်နေသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ – ရေစကြို(ပကဖ)

▪️စစ်တပ် စစ်ကြောင်းထိုးနေလို့ မုံရွာ-မန္တလေးလမ်းပိုင်း ယာယီပိတ်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတလျှောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ ယာယီပိတ်ထားတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းကစလို့ မုံရွာ-မန္တလေးလမ်းပိုင်း အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်ပြီး လိုက်နာခြင်းမရှိသူတွေရဲ့လုံခြုံရေးကို အာမမခံဘူးလို့ ချောင်းဦး(ပကဖ)အဖွဲ့က ထုတ်ပြန်ပါတယ်။ လမ်းပိုင်းမှာရောက်ရှိနေတဲ့ မော်တော်ယာဉ်များ အနေဖြင့် ရောက်ရာအရပ်မှာ ခေတ္တရပ်နားထားဖို့နဲ့ အချင်းချင်း ထပ်ဆင့်အကြောင်းကြားပေးကြဖို့ ပကဖအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။