Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့မှု လုံးဝအနှစ်သာရမရှိဘဲ အနောက်နိုင်ငံတွေက စစ်တပ်ကို ပိုမိုဖိအားပေးဖို့ ကိုထိန်လင်းပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီရဲ့ ပြစ်ဒဏ်လျှော့ပေါ့ခဲ့ခြင်းဟာ ဘာမှအနှစ်သာရမရှိဘဲ အနောက်နိုင်ငံတွေအနေနဲ့ အာဏာသိမ်းကို ပိုမိုဖိအားပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်(ခေါ်) ကိုထိန်လင်းက Reuters သတင်းဌာနကို ပြောပါတယ်။ ပုဒ်မပေါင်း ၁၉ ခုနဲ့စွဲချက်တင်ခံရပြီး နှစ်ပေါင်း ၃၃ နှစ် ထောင်ဒဏ်မတရားချမှတ်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက သြဂုတ် ၁ ရက်မှာ ၆ နှစ် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေးဖြစ်တယ်လို့ ကိုထိန်လင်းက ပြောပါတယ်။

▪️လွိုင်ကော်-မိုးဗြဲလမ်းပိုင်း တိုက်ပွဲဆက်ဖြစ်နိုင်လို့ ပြည်သူများ စစ်ရေးသတိရှိကြဖို့ KNDF သတိပေး

လွိုင်ကော်-မိုးဗြဲလမ်းပိုင်းမှာ တိုက်ပွဲဆက်လက် ဖြစ်ပွားနိုင်လို့ ပြည်သူများအနေနဲ့ စစ်ရေးသတိရှိကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း (၂)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၀ ရက်ကစတင်ခဲ့တဲ့ လွိုင်ကော်-မိုးဗြဲ လမ်းမကြီးတိုက်ပွဲမှာ ဇူလိုင် ၂၅ ရက်အထိ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား၂၀ သေဆုံး​ပြီး လက်နက် ရှစ်လက်လည်း ရရှိခဲ့ပါတယ်။ မနေ့ မနက်ပိုင်းမှာလည်း ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးပေါ်မှတဆင့် စစ်ကောင်စီရဲ့ တပ်ဖွဲ့များမှာ ဖရူဆိုမြို့ဖက်သို့ဦးတည်ကာ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်ပေါင်းစုများနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

(ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF-B02)
(ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF-B02)

▪️ခမ်းပါတ်မြို့ အနီးတိုက်ပွဲပြန်ဖြစ်

တမူးမြို့နယ်၊ ခမ်းပါတ်မြို့အနီး ဇူလိုင်လကုန်ပိုင်းမှာ တိုက်ပွဲများ​ခေတ္တရပ်နားပြီး စစ်​ရေးတင်း​နေရာမှ နှစ်ရက်ဆက်တိုက်ပွဲပြန်ဖြစ်​နေတယ်လို့ ​ဒေသခံအချို့က ​ပြောပါတယ်။ မနေ့က ခမ်းပါတ်မြို့နယ် ကံမကြီးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး ဒီနေ့ မနက်ပိုင်းမှာလည်း ထင်းဇင်ရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့​တယ်လို့ သိရပါတယ်။ အင်အား(၈၀)ဝန်းကျင်ပါ​တဲ့ စစ်​ကောင်စီတပ်ဟာ ကံမကြီးရွာမှ ပြည်သူသုံးဦးကို ​ပေါ်တာဆွဲလာပြီး ထင်းဇင်ရွာသို့လာကာ ဘုန်းကြီး​ကျောင်းမှာ တပ်စွဲထားစဥ် ​ဒေသမှာ ​တော်လှန်​ရေးအင်အားစုများက ဒီနေ့ မနက်ပိုင်းမှာ စတင် တိုက်ခိုက်ခဲ့တာလို့ ​ဒေသခံ အချို့က​ပြောပါတယ်။

(ခမ်းပါတ်မြို့ အနီးဝန်းကျင်ကိုGoogleMapတွင်​တွေ့ရမှူ)
(ခမ်းပါတ်မြို့ အနီးဝန်းကျင်ကိုGoogleMapတွင်​တွေ့ရမှူ)

▪️ကနီရဲစခန်းမှာ စခန်းမှူးမွေးနေ့လုပ်နေစဥ် တိုက်ခိုက်ခံရပြီး မွေးနေ့ရှင်နဲ့ နယ်ထိန်းတို့ သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့ရဲစခန်းမှာ စခန်းမှူးမွေးနေ့ပွဲကျင်းပနေစဥ် မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခံရပြီး မွေးနေ့ရှင်စခန်းမှူးနဲ့ နယ်ထိန်းတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ကနီမြို့ရဲစခန်းမှာ စခန်းမှူးထွန်းမြင့်ရဲ့ မွေးနေ့ပွဲပြုလုပ်နေစဉ် မောင်းသူမဲ့လေယာဉ်ငယ် နှစ်စီးဖြင့် ဗုံးသီး လေးလုံးချ တိုက်ခိုက်ခဲ့တယ်လို့ KLG PDF (ကျောက်လုံးကြီး)က အသိပေးထုတ်ပြန်ပါတယ်။ မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ၁၅ မိနစ်အတွင်း နှစ်ကြိမ်တိုင် သွားရောက်ဗုံးချခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စခန်းမှူးထွန်းမြင့်နဲ့ နယ်ထိန်း ဆန်းဌေးတို့ နှစ်ဦးသေဆုံးပြီး မြို့နယ်မှူး၊ ရဲမေတစ်ဦးနဲ့ ရဲမိသားစုဝင် နှစ်ဦးလည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားတယ်လို့ KLG PDF(ကျောက်လုံးကြီး) အဖွဲ့က ဆိုပါတယ်။

(တိုက်ခိုက်ရာတွင် အသုံးပြုသော မောင်းသူမဲ့လေယာဥ်ငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-KLG PDF)
(တိုက်ခိုက်ရာတွင် အသုံးပြုသော မောင်းသူမဲ့လေယာဥ်ငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-KLG PDF)

▪️မူဆယ်-ကွတ်ခိုင်ကြားရှိ တီးမားရွာခံလူငယ်နှစ်ဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်ကြား တီးမားကျေးရွာမှ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးအဖွဲ့(KHRW)တို့က ပြောပါတယ်။ ဇူလိုင် ၂၅ ရက်က တီးမားကျေးရွာမှာ လူငယ်နှစ်ဦးရဲ့ကားကို စစ်ကောင်စီက ဖမ်းဆီးပြီး လူသတ်ဖြတ်ကာ ကားကိုယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လူငယ်နှစ်ဦးရဲ့ ကားပေါ်မှာ ဆေးဝါးပစ္စည်းအချို့တွေ့ရှိခြင်းကြောင့် စစ်ကောင်စီက ဖမ်းသွားတယ်လို့ သိရပါတယ်။

(အသတ်ခံရ​​သော လူငယ်နှစ်ဦး ။ဓါတ်ပုံ-KHRW)
(အသတ်ခံရ​​သော လူငယ်နှစ်ဦး ။ဓါတ်ပုံ-KHRW)

▪️ရေစကြို-ပခုက္ကူလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြို-ပခုက္ကူလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ထိခိုက်မှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ရေစကြိုမြို့ပေါ်မှ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဒိုင်နာယာဥ်ဖြင့် ထွက်လာရာ အဲဒီယာဥ်ကို ရေစကြို-ပခုက္ကူလမ်းမပေါ် ငါးမွေးမြူရေးခြံအနီး မိုင်းသုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်သား ငါးဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရေစကြို(ပကဖ)ရဲဘော်များ စစ်ဆင်ရေးတစ်ခုပြုလုပ်ရန် ပြင်ဆင်နေသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - ရေစကြို(ပကဖ)
ရေစကြို(ပကဖ)ရဲဘော်များ စစ်ဆင်ရေးတစ်ခုပြုလုပ်ရန် ပြင်ဆင်နေသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ – ရေစကြို(ပကဖ)

▪️ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF များ တိုက်ပွဲများဖြစ်၊ စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းများနဲ့ ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ရေဦးမြို့မှ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၂၀ ကျော်ပါ စစ်ကောင်စီတပ်ဟာ မနေ့က မရကန်ကျေးရွာအတွင်း ဝင်ရောက်ပြီး နေအိမ် ၃၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ မနေ့ မနက်ပိုင်းက ဒီပဲယင်းမြို့နယ်တစ်နေရာမှာ ရေဦးမြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၃၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒေသတွင်း မဟာမိတ်အဖွဲ့များနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

(ပြန်လည်တည်ဆောက်ထားသည့် နေအိမ်များ ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ပြန်လည်တည်ဆောက်ထားသည့် နေအိမ်များ ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)