Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️တော်လှန်ရေးအင်အားစုများ မျှော်ရည်ပိုင်းဖြတ်ထားမှုကို NUCC၊ NUG တို့ ပူးတွဲကြေညာ

တော်လှန်ရေးအင်အားစုများ မျှော်ရည်ပိုင်းဖြတ်ထားတဲ့ ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက် စံတန်ဖိုးများကို လမ်းလွဲစေတဲ့ မည်သည့် နိုင်ငံရေးအခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က ဒီနေ့ ပူးတွဲကြေညာပါတယ်။ မျှော်ရည်ပိုင်းဖြတ်ထားတဲ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ပန်းတိုင်ဟာ အသွင်သဏ္ဍာန်သာမက အနှစ်သာရပါ ပြည့်စုံခိုင်မာ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး (System Change) ဖြစ်တယ်လို့ ဆိုပါတယ်။ အသွင်သဏ္ဍာန်သာပြောင်း၍ အနှစ်သာရပြောင်းလဲခြင်းမရှိသော အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမယ့် အုပ်ချုပ်သူ အပြောင်းအလဲ (Regime Change) လုံးဝမဟုတ်လို့လည်း ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။ အဲဒီရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ဖို့ လက်ရှိ တရားမဝင် စစ်အာဏာသိမ်းယူထားမှုကို အပြီးတိုင် ဖယ်ရှားရမယ့်အပြင် စစ်အာဏာသိမ်းတဲ့ အလေ့အထနဲ့ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှုကို ထာဝရ အဆုံးသတ် ချုပ်ငြိမ်းစေရမယ်လို့ အခိုင်အမာ လက်ခံယုံကြည်ကြောင်း NUCC နဲ့ NUG တို့က ထုတ်ပြန်ပါတယ်။

▪️မင်းတပ်ဒေသ တော်လှန်ရေးအင်အားစုများရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ CNC(မင်းတပ်) ဖွဲ့စည်း

ချင်းအမျိုးသားကောင်စီ(မင်းတပ်)-Chin National Council ကိုဖွဲ့စည်းလိုက်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေး၊ အတိုင်းအတာတစ်ခုအထိ အောင်အောင်မြင်မြင် ခရီးပေါက်လာတဲ့အပြင် အနာဂတ်ချင်းလူမျိုးများအတွက် နိုင်ငံရေးလမ်းစဉ်များ ချမှတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး၊ တန်းတူရေး အခြေခံ လူ့အခွင့်အရေးတို့ကို အာမခံချက်ပေးမယ့် မူဝါဒလုပ်ငန်းစဉ်များ ရေးဆွဲချမှတ် အကောင်အထည်ဖော်မည့် နိုင်ငံရေး ဦးဆောင် အဖွဲ့အစည်းတကြီး လိုအပ်လာတာကြောင့် CNCမင်းတပ်ကိုဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။ အဲဒီလို့ ဖွဲ့စည်းရာမှာ ပြည်တွင်း ပြည်ပတော်လှန်ရေးအင်အားစုများ စုပေါင်းဖွဲ့စည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ချင်းအမျိုးသားကောင်စီ(မင်းတပ်)အနေဖြင့် ဒေသတွင်း အမြင့်ဆုံးအာဏာကျင့်သုံးမယ့် အဖွဲ့အစည်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

▪️လဲချားမြို့နယ်ရှိ နေရာသုံးခုမှာ SSPPနဲ့ စစ်ကောင်စီ ဒီနေ့မနက် တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ် လဲချားမြို့နယ်ရှိ နေရာသုံးနေရာမှာ ဒီနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းဆုက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက စစ်ကောင်စီတပ်က SSPP တပ်ဖွဲ့များရှိတဲ့ဘက်ကို အမြောက်နဲ့ပစ်ခတ်နေပြီး ဒီနေ့ မနက်ပိုင်းမှာ ချဥ်းကပ်လာတာကြောင့် အပြန်အလှစ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ SSPP ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မှာပဲ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA )ဟာ ဌာနချုပ် လုံခြုံရေးအတွက်ကြောင့် မည်သည့်အကြောင်းပြချက်နှင့်မှ တပ်ပြန်လည် မဆုတ်ပေးနိုင်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီဖက်ကို ခိုင်မာစွာအကြောင်းပြန်ခဲ့ပြီးဖြစ်တယ်လို့ SSPPက ထုတ်ပြန်ပါတယ်။

(ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP)
(ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – SSPP)

▪️ကျောက်မဲမှာ မြို့နယ်စည်ပင်ဦးစီးမှူးနဲ့ လျှပ်စစ်အရာရှိ​တို့ သေနတ်အပစ်ခံရပြီး ​သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီနေ့ နေ့ခင်းက စစ်​ကောင်စီရဲ့ မြို့နယ်စည်ပင်ဦးစီးမှူးနဲ့ လျှပ်စစ်ဌာန အရာရှိတို့ သေနတ်ဖြင့် ပစ်သတ်ခံရ​တယ်လို့ ဒေသခံများက​ပြောပါတယ်။ ကျောက်မဲမြို့၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ၊ဦးစီးမှူးနဲ့ နမ္မတူမြို့မှ လျှပ်စစ်ဌာန အရာရှိတစ်ဦးတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားတာလို့ သိရပါတယ်။ စည်ပင်ဦးစီးမှူးနဲ့ လျှပ်စစ်အရာရှိတို့ သေဆုံးခဲ့ပြိး အုပ်ချုပ်ရေးမှူးမှာ လက်ထိသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

(​ကျောက်မဲမြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(​ကျောက်မဲမြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪️လားရှိုးမှာ ဒီနေ့ ဟိုတယ်ဗုံးပေါက်ကွဲမှုနဲ့ ဓားပြတိုက်မှုဖြစ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဒီနေ့ မနက်က ဟိုတယ်တစ်လုံး ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး မြို့အဝင်ရပ်ကွက်မှာလည်း ဓားပြတိုက်ခံရမှုဖြစ်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ လားရှိုးမြို့ သုခလမ်းနဲ့ သံလွင်လမ်းကြားရှိ Lashio Sunny Hotelမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် မီးလောင်နေတယ်လို့ ဒေသခံများက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။ နောက်ပြီး လားရှိုးမြို့အဝင် မြို့သစ်ရပ်ကွက်မှ နေအိမ်တစ်လုံး ဓားပြတိုက်ခံရပြီး သေနတ်သံလည်း ကြားရကြောင်း၊ မြို့ပေါ်တွင် အခြေအနေများ ရှုပ်‌ထွေးနေကြောင်း ဒေသခံများက ပြောပါတယ်။

▪️ဆားလင်းကြီးမှာ လေယာဥ်ဆီတင် စစ်သင်္ဘောများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်အတွင်း လေယာဥ်ဆီများ တင်ဆောင်လာတဲ့ စစ်သင်္ဘော ငါးစီးကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦးခန့် သေဆုံးတယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)က သတင်းထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက ပခုက္ကူမြို့ ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘော ငါးစီးကို ညောင်ပင်ကြီးမရောက်မီ ဆားလင်းကြီးမြို့နယ်အတွင်း မြစ်ကြောင်းတနေရာမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ သင်္ဘော ငါးစီးအနက် သုံးစီးမှာ လေယာဥ်ဆီတင်လာပြီး ကျန်နှစ်စီးမှာ ပွိုင့် ၅ လက်နက်များပါ တပ်ဆင်ထားတဲ့ စစ်သင်္ဘောများ ဖြစ်တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတစ်စီးမှာ (၆၀)မမ ထိမှန်လို့ ခေတ္တရပ်သွားခဲ့ပြီး ရှေ့သင်္ဘောများက ပစ်ကူကာ စောင့်ခေါ်ခဲ့ရတယ်လို့ M.R.D.A ရဲဘော်များက ပြောပါတယ်။

(ကချင်ပြည်နယ်သို့ဆန်တက်သွားသည့် သင်္ဘောအုပ်စုမှ တစ်စီးအား ၂၀၂၂ခုနှစ်က တွေ့ရစဉ်၊ ဓာတ်ပုံ - Tigyaing Revolution -TR)
(ကချင်ပြည်နယ်သို့ဆန်တက်သွားသည့် သင်္ဘောအုပ်စုမှ တစ်စီးအား ၂၀၂၂ခုနှစ်က တွေ့ရစဉ်၊ ဓာတ်ပုံ – Tigyaing Revolution -TR)

▪️မုံရွာမှာ PDF တပ်စိတ်မှူးတစ်ဦး ပစ်သတ်ခံရပြီး ရဲဘော်တစ်ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ PDF တပ်စိတ်မှူးတစ်ဦး ပစ်သတ်ခံရပြီး ရဲဘော်တစ်ဦး ဖမ်းဆီးခံရတယ်လို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်မောင်တူးက ပြောပါတယ်။ သြဂုတ် ၁ ရက် ညနေက မုံရွာမြို့နယ်၊ သပြေပင်စုရွာအနီး ယင်းမာပင်နယ်အခြေစိုက် ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုရဲ့ (၂၆)နှစ်အရွယ် တပ်စိတ်မှူး MZO ကို စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ တပ်စိတ်မှူးနဲ့အတူပါလာတဲ့ ရဲဘော်တစ်ဦး ဖမ်း​ဆီးခံရပြီး တစ်ဦးမှာ လွတ်မြောက်ခဲ့တယ်လို့ ရဲဘော်မောင်တူးက ပြောပါတယ်။