Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးတွင် လေယာဥ်ဆီတင် စစ်သင်္ဘောများ တိုက်ခိုက်ခံရ

သင်္ဘော ၅စီးအနက် သုံးစီးမှာ လေယာဥ်ဆီတင်လာပြီး ကျန်နှစ်စီးမှာ ပွိုင့် ၅ လက်နက်များပါ တပ်ဆင်ထားသော စစ်သင်္ဘောများ ဖြစ်သည်။ လေယာဥ်ဆီတင်သင်္ဘောများအား ကာကွယ်ရန် စစ်သင်္ဘောပေါ်မှ ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း M.R.D.A၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်နောင်ရိုးက ပြောသည်။

(ကချင်ပြည်နယ်သို့ဆန်တက်သွားသည့် သင်္ဘောအုပ်စုမှ တစ်စီးအား ၂၀၂၂ခုနှစ်က တွေ့ရစဉ်၊ ဓာတ်ပုံ - Tigyaing Revolution -TR)
(ကချင်ပြည်နယ်သို့ဆန်တက်သွားသည့် သင်္ဘောအုပ်စုမှ တစ်စီးအား ၂၀၂၂ခုနှစ်က တွေ့ရစဉ်၊ ဓာတ်ပုံ - Tigyaing Revolution -TR)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်အတွင်း လေယာဥ်ဆီများတင်ဆောင်လာသော စစ်သင်္ဘော ၅ စီးအားတိုက်ခိုက်ရာ စစ်သား ၁၀ဦးခန့် သေဆုံးကြောင်းမြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၅ရက်) နေ့လယ် ၁နာရီခန့်က ပခုက္ကူမြို့ ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ၅ စီးအား ညောင်ပင်ကြီးမရောက်မီ ဆားလင်းကြီးမြို့နယ်အတွင်း မြစ်ကြောင်းတနေရာတွင် တိုက်ခိုက်ခဲ့ကြောင်း M.R.D.A က အသိပေးသည်။

သင်္ဘော ၅စီးအနက် သုံးစီးမှာ လေယာဥ်ဆီတင်လာပြီး ကျန်နှစ်စီးမှာ ပွိုင့် ၅ လက်နက်များပါ တပ်ဆင်ထားသော စစ်သင်္ဘောများ ဖြစ်သည်။ လေယာဥ်ဆီတင်သင်္ဘောများအား ကာကွယ်ရန် စစ်သင်္ဘောပေါ်မှ ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း M.R.D.A၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်နောင်ရိုးက ပြောသည်။

ထို့အပြင် ပြည်သူ့ရဲဘော်များက လက်လုပ် (၄၀) မမ၊ (၆၀) မမနှင့် လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတစ်စီးမှာ (၆၀)မမ ထိမှန်၍ ခေတ္တရပ်သွားခဲ့ပြီး ရှေ့သင်္ဘောများက ပစ်ကူကာစောင့်ခေါ်ခဲ့ရကြောင်း M.R.D.A ရဲဘော်များက ပြောသည်။

စစ်သင်္ဘော ၅စီးသည် မုံရွာ အလုံဆိပ်ကမ်းတွင် ကမ်းကပ်ထားပြီး ထိခိုက်သူအချို့အားဆေးကုသမှုခံယူနေရကြောင်း M.R.D.A က ဆိုသည်။

“သေတဲ့ကောင်တွေက ဒုတိယတစ်စီးပေါ်ကပါ။ လေယာဥ်ဆီတွေက ခန္တီးအတွက်လို့ကြားတယ်ဗျ။ အဲ့မှာလေယဉ်ဆီနည်းနေပြီ ထင်တယ်။”ဟု နောင်ရိုးက ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်သား အင်အား ၈၀မှ ၁၀၀ကြား လိုက်ပါလာကြောင်း ၎င်းက ပြောသည်။

ဒေါင်းရာဇာပြောက်ကျားတပ်ဖွဲ့၏ခေါင်းဆောင် ဗိုလ်မှန်ကြီးကလည်း “လေယာဥ်ဆီပါတဲ့အစီးကို ဘေးက စစ်သင်္ဘောက ရံပေးထားတယ်။ နောက် ကနှစ်စီးက ပစ်ပြီးလိုက်တယ်။ အဲသင်္ဘောတွေကိုတိုက်တာပါ။”ဟု ပြောသည်။

သို့သော် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်သင်္ဘောများအား ပေါင်းဝကျေးရွာအနီးတွင် အခြားတော်လှန်ရေးအဖွဲ့များက ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ၎င်းတို့ပစ်ခတ်မှုကြောင့် မြစ်ကမ်းဘေးရှိ နေအိမ်အချို့ ပျက်စီးမှုများရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ဆင်ရေးကို စေတန်ဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် မုံရွာတပ်ခွဲ (၂ )၊ ဒေါင်းရာဇာပျောက်ကြားတပ်ဖွဲ့၊ SGF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။