Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေး အဖြေရှာဖို့ အာဆီယံခေါင်း​ဆောင်တွေကို အရှေ့တီမောဝန်ကြီးချုပ်တိုက်တွန်း

မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေး အဖြေရှာဖို့ အာဆီယံခေါင်း​ဆောင်တွေကို အရှေ့တီမောဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။ ဒေသတွင်း ဒီမိုကရေစီမျက်နှာသစ်နိုင်ငံဖြစ်တဲ့ တီမောလက်စတေး(အရှေ့တီမော)ဟာ ၎င်းရဲ့ဒီမိုကရေစီ ခိုင်မာအားကောင်းလာဖို့နဲ့ အာဏာသိမ်းမှု ဒါမှမဟုတ် အာဏာရှင်မှန်သမျှကို ဆန့်ကျင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အာဆီယံနိုင်ငံတွေအနေနဲ့ အာရုံစိုက်ကြဖို့လည်း အရှေ့တီမောဝန်ကြီးချုပ် Kay Rala Xanana Gusmao က သမ္မတ Jose Ramos Horta နဲ့ ပုံမှန်အစည်းအဝေးအပြီး ပြောပါတယ်။

▪️ခမ်းပါတ်နယ်မှာ တိုက်ပွဲဖြစ်၊ စစ်တပ်က ​လေ​ကြောင်းမှ ပစ်ကူ​ပေး

စစ်ကိုင်းတိုင်း၊ ခမ်းပါတ်နယ်မှာ မနေ့က တိုက်ပွဲများ​ခေတ္တရပ်နားခဲ့ရာမှ ဒီနေ့ မနက်မှာ တိုက်ပွဲဖြစ်ပွား​ပြီး စစ်တပ်က​ လေ​ကြောင်းမှ စစ်ကူ​​ပေးခဲ့တယ်လို့ ​ဒေသခံအချို့က ​ပြောပါတယ်။ စစ်​ကောင်စီတပ်ကို PDFများက ကြားဖြတ်တိုက်ခိုက်ရာ ​စစ်တပ်က​ လေ​ကြောင်းမှ လာ​ရောက်ပစ်ကူ​ပေးခဲ့ပြီး စစ်​ကောင်စီတပ် အထိနာလို့ ​လေ​ကြောင်းမှ လာ​ရောက် စစ်ကူ​ပေးခြင်းဖြစ်နိုင်​တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တမူးမြို့နဲ့ မိုင် ၃၀ ကျော်ကွာဝေးတဲ့ ခမ်းပါတ်မြို့ရှိ ရဲစခန်းနဲ့ စစ်​ကောင်စီတပ်ကို ​တော်လှန်​ရေးအင်အားစုများက ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်ညမှာ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးခဲ့ကာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပါတယ်။

(ဇူလိုင် ၂၃ ရက်တွင် ခါမ်းပါတ်မြို့အနီး.စစ်တပ်ရဟတ်ယာဥ်ပျံဝဲ​နေစဥ်။ဓါတ်ပုံ- CJ)
(ဇူလိုင် ၂၃ ရက်တွင် ခါမ်းပါတ်မြို့အနီး.စစ်တပ်ရဟတ်ယာဥ်ပျံဝဲ​နေစဥ်။ဓါတ်ပုံ- CJ)

▪️ကရင်နီပြည်နယ်မှာ ဇူလိုင်အတွင်း တိုက်ပွဲ ၃၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ၈၀ ကျော်သေ

ကရင်နီပြည်နယ်မှာ ဇူလိုင်အတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပါဝင်ပြီး စစ်ကောင်စီကို တိုက်ခိုက်တဲ့ တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့တယ်လို့ KNDFက ဒီနေ့ ထုတ်ပြန်ပါတယ်။ KNDF ပါဝင်တဲ့ တိုက်ပွဲ ၃၃ ကြိမ်ရှိခဲ့ရာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်များထံမှ လက်နက်ငယ် (၈)လက်နဲ့ ခဲယမ်းအမြောက်အများသိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြပါတယ်။။ တိုက်ပွဲတွေမှာ အထိနာတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင်အတွင်း လေကြာင်းတိုက်ခိုက်မှု (၄၂) ကြိမ်ပြုလုပ်ခဲ့ပါတယ်။ KNDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပါတယ်။

(ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တပ်ရင်းအမှတ် (၇)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF B-07)
(ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တပ်ရင်းအမှတ် (၇)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – KNDF B-07)

▪️လေကြောင်းဗုံးကြဲခံရလို့ ပျက်စီးသွားတဲ့ မလိစက်ရုံဓာတ်အားလိုင်း စစ်ရေးကြောင့် ပြုပြင်ဖို့ ခက်နေ

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပျက်စီးခဲ့တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မလိရေအားလျှပ်စစ်စက်ရုံ ဓာတ်အားလိုင်းကို ပြုပြင်ဖို့မှာ စစ်ရေးအခြေအနေများကြောင့် အခက်အခဲရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ မလိချောင်းအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဩဂုတ် ၃ ရက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သိမ်းပိုက်ပြီးနောက် မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက အဲဒီဒေသကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ မလိရေအားလျှပ်စစ်စက်ရုံဟာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)ပိုင် ဘူးဂါးကုမ္ပဏီက ဆောင်ရွက်တဲ့ လုပ်ငန်းဖြစ်ပြီး မြစ်ကြီးနား၊ ဝိုင်းမော်မြို့သို့ ဓာတ်အားပေးပို့တယ်လို့ သိရပါတယ်။

(ယမန်နေ့က မလိချောင်းအနီး လေကြောင်းတိုက်ခိုက်ခံရမှု သတင်းဖော်ပြရာ၌ KIA သတင်းပြန်ကြားရေးဌာနက အသုံးပြုခဲ့သည့်ဓာတ်ပုံ။ ဓာတ်ပုံ - The Kachinnet)
(ယမန်နေ့က မလိချောင်းအနီး လေကြောင်းတိုက်ခိုက်ခံရမှု သတင်းဖော်ပြရာ၌ KIA သတင်းပြန်ကြားရေးဌာနက အသုံးပြုခဲ့သည့်ဓာတ်ပုံ။ ဓာတ်ပုံ – The Kachinnet)

▪️တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး ထိခိုက်၊ နေအိမ်ခြောက်လုံးပျက်စီး

တနင်္သာရီမြို့ပေါ်ကနေ စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့နှင့်အနီးဝန်းကျင်ကျေးရွာများမှ နေအိမ်ခြောက်လုံးပျက်စီးကာ ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသအခြေစိုက်မြိတ်ခရိုင် တပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဟာ သြဂုတ် ၃ ရက် ညပိုင်းမှာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဗောဓိကမ်း၊ ခြောက်မိုင်၊ ငါးမိုင်၊ ဘန်လော စတဲ့ ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။ မနေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေလို့ တနင်္သာရီမြို့နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံများက ပြောပါတယ်။

(စစ်ကောင်စီတပ်မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍ ထိခိုက်ပျက်စီးသွားသော နေအိမ်အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍ ထိခိုက်ပျက်စီးသွားသော နေအိမ်အားတွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️ပုလဲနယ် တနယ်ရွာကို စစ်တပ်စီးနင်းပြီး ပကဖခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ တနယ်ကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကို ပစ်သတ်ကာ နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။ ဩဂုတ် ၂ ရက်က ပုလဲမြို့နယ် အင်မထီးရွာပျူစောထီးစခန်းမှလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဟာ တနယ်ကျေးရွာကို စီးနင်းဝင်ရောက်ခဲ့ပြီးရွာပြင်မှာ ကင်းစောင့်နေတဲ့ ပကဖခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ PDFရဲဘော်များရဲ့ ဆိုင်ကယ် ၁၂ စီးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

(မီးရှို့ဖျက်ဆီးခံရသော တနယ်ကျေးရွာနှင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Pale Entertainment)
(မီးရှို့ဖျက်ဆီးခံရသော တနယ်ကျေးရွာနှင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Pale Entertainment)

▪️ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်ပစ်ခတ်လို့ ရဲဘော်နှစ်ဦးကျဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ဖို့သွားတဲ့ ရဲဘော်နှစ်ဦး ပစ်ခတ်ခံရကာ ကျဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်က ရေစကြိုမြို့နယ်၊ သပြေပင်ကျေးရွာဘက်သို့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာလို့ ဒေသခံပြည်သူများကို ရေစကြို(ပကဖ) က ကယ်ထုတ်ပေးခဲ့ပါတယ်။ အဲဒီနောက် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ သွားတဲ့ ရဲဘော်သုံးဦးကို ကြိုတင်ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ရဲဘော်နှစ်ဦး ကျဆုံးပြီး ရဲဘော်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို(ပကဖ)က ပြောပါတယ်။