Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၁၃ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကရင်တိုင်းရင်းသားများနဲ့အတူရပ်တည်ပြီး ရန်သူဖက်ဆစ်စစ်တပ်ကို အပြီးတိုင်ချေမှုန်းမယ်လို့ ယာယီသမ္မတ ပြော

အမျိုးသားတန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် ကရင်တိုင်းရင်းသားများနှင့်အတူတကွရပ်တည်ပြီး ရန်သူဖက်ဆစ်စစ်တပ်ကို အပြီးတိုင်ချေမှုန်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ မနေ့က ကျရောက်တဲ့ (၇၃)နှစ်မြောက် ကရင့်အာဇာနည်နေ့မှာ ဂုဏ်ပြုစကား ပြောကြားခဲ့တာပါ။ အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွတ်လပ်ခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတို့အတွက် ကရင်အမျိုးသားခေါင်းဆောင်များဟာ ကရင့်တော်လှန်ရေးနှင့်အတူ နွေဦးတော်လှန်ရေးမှာလည်း စုစည်းညီညွတ်စွာ ဦးဆောင်ပါဝင်နေခြင်းကို ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ မြင်တွေ့ရမှာဖြစ်တယ်လို့ ယာယီသမ္မတက ဆိုပါတယ်။ ကရင်အမျိုးသားတော်လှန်ရေးအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်လျက်ရှိတဲ့ KNU/KNLA ရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ဦးဆောင်တော်လှန်မှုများကို ယနေ့ နွေဦးတော်လှန်ရေးမှာ မျက်ဝါးထင်ထင် တွေ့မြင်နေရလို့ လွန်စွာလေးစားဂုဏ်ယူတယ်လို့ ကချင်တိုင်းရင်းသား ယာယီသမ္မတက ပြောပါတယ်။

(ယမန်နေ့(သြဂုတ် ၁၂ရက်)က ခလယ်လွီထူခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့သော (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား ပုံရိပ်များ။ဓာတ်ပုံ - KNU)
(ယမန်နေ့(သြဂုတ် ၁၂ရက်)က ခလယ်လွီထူခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့သော (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား ပုံရိပ်များ။ဓာတ်ပုံ – KNU)

▪️စစ်အုပ်စုနဲ့နီးစပ်တဲ့ ခရိုနီပိုင် ရွှေဗျိုင်းဖြူကုမ္ပဏီ လူမွဲခံယူခြင်းဥပ​ဒေအသုံးပြု ဖျက်သိမ်း

စစ်ကောင်စီနဲ့နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုက လက်အောက်ခံစက်သုံးဆီကုမ္ပဏီကို လူမွဲခံယူခြင်းဆိုင်ရာဥပဒေကို အသုံးပြုပြီး ဖျက်သိမ်းလိုက်ပါတယ်။ အဲဒီလို ဖျက်သိမ်းဖို့ ဩဂုတ် ၁၀ ရက်မှာ ကျင်းပပြုလုပ်တဲ့ အစုရှယ်ယာရှင်များ အစည်းအဝေးမှာ ရှယ်ယာရှင်များရဲ့ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းမှာလို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေကတဆင့် ဖော်ပြ​ကြေညာပါတယ်။ ရွှေဗျိုင်းဖြူကုမ္ပဏီကို စစ်အုပ်စုနဲ့နီးစပ်သူ ခရိုနီသူဌေးကြီး ဦးသိန်းဝင်းဇော်က ပိုင်ဆိုင်ထားပြီး လောင်စာဆီလုပ်ငန်း၊ သတ္တူတူးဖော်ရေးလုပ်ငန်း၊ ကျောက်မျက်တူးဖော်ရေးလုပ်ငန်း၊ တယ်လီကွန်းလုပ်ငန်း၊ ဘဏ်၊ သစ်လုပ်ငန်း၊ရေလုပ်ငန်း၊ ပလတ်စတစ်အိတ်ထုတ်လုပ်ရေးစက်ရုံ၊ ပဲမျိုးစုံနဲ့ သကြားတင်ပို့ရောင်းချခြင်း စတဲ့လုပ်ငန်းများစွာ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ရွှေဗျိုင်းဖြူစက်သုံးဆီကုမ္ပဏီဟာ မြန်မာ့နိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှာလည်း ပါဝင်ပြီး စစ်တပ်အတွက်လိုအပ်တဲ့ လောင်စာဆီများကိုလည်း အဓိကတင်သွင်း​ထောက်ပံ့​ပေး​နေပါတယ်။ နောက်ပြီးရွှေဗျိုင်းဖြူကုမ္ပဏီဟာ လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group နှင့်ပူးပေါင်းပြီး နော်ဝေးအစိုးရပိုင် Telenorဆက်သွယ်ရေးကွန်ယက်ကို ဝယ်ယူနိုင်​အောင် ကာလတိုအတွင်းချမ်းသာလာသူလည်းဖြစ်ပါတယ်။

ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်း​ဇော်
ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်း​ဇော်

▪️ကသာမြို့နယ်မှာ စစ်ကောင်စီတပ်ကို KIA၊ PDF ပူးပေါင်းတပ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDFပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်းတော်မြို့ဘက်မှ ဝင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကသာမြို့နယ် ပင်းမလွတ်ကျေးရွာအနီး လမ်းဆုံမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်မှု အခြေအနေကို မသိရသေးဘဲ ကသာမြို့နယ်အတွင်း လတ်တလော အဲဒီစစ်ကြောင်းအပြင် ချောင်းဝကျေးရွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်း ရှိနေပါတယ်။

(KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို TNLA တိုက်ခိုက်လို့ တိုက်ပွဲဆက်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ TNLAက မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ လားရှိုးမြို့နယ် နမ့်လောင်းကျေးရွာအနီး ဩဂုတ် ၉၊ ၁၀ ရက်တွေမှာ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဩဂုတ် ၁၁ ရက်မှာ ဟိုလောက်ရွာအနီး ထပ်မံတိုက်ပွဲဖြစ်ခဲ့တာလို့ ဖော်ပြပါတယ်။ TNLAက စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်လက်အောက်ခံ စကခ (၁၆) ခလရ-၆၈၊ ရမခ/ခလရ – ၁၇ စုပေါင်းအင်အား ၆၀ ခန့်နဲ့ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး TNLA တပ်မဟာ(၆) စစ်သေနယ်မြေရှိ ဟိုလောက်ရွာအနီး တိုက်ပွဲသို့ စစ်ကောင်စီဘက်မှ စစ်ကူအင်အားအများအပြား ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။

(TNLA တပ်ဖွဲ့ဝင်များကိုစစ်ရေးပြအခမ်းအနားတစ်ခုတွင်တွေ့ရစဉ်။ ။ဓါတ်ပုံ-The New york Times)
(TNLA တပ်ဖွဲ့ဝင်များကိုစစ်ရေးပြအခမ်းအနားတစ်ခုတွင်တွေ့ရစဉ်။ ။ဓါတ်ပုံ-The New york Times)

▪️ကလေးမြို့နယ်မှာ ဆေးခန်းလာပြတဲ့ သားအမိနှစ်ဦးကို စစ်တပ် သတ်ဖြတ်

ကလေးမြို့တောင်ပိုင်းရှိ စက္ကန့်ကျေးရွာမှာ နေမကောင်းလို့ ဆေးခန်းလာပြတဲ့ သားအမိနှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်မီးရှို့သွားတယ်လို့ ဒေသခံများက ပြောပါတယ်။ အသက်(၅၀)အရွဘ် ဒေါ်ဟွေးအီယာန်နဲ့ အသက် (၃၀)အရွယ် သားဖြစ်သူ ကိုစမြူအဲလ်တို့ကို မနေ့က စစ်ကောင်စီတပ်က သတ်ဖြတ်မီးရှို့သွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ် သတ်ဖြတ်ခံရသူတွေဟာ ကလေးမြို့တောင်ပိုင်းရှိ ကျွန်းချောင်းကျေးရွာမှ ဖြစ်ပြီး သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းများကို ဒေသခံများက မနေ့ ညနေပိုင်းမှာ တွေ့ရှိခဲ့တာပါ။

▪️မီးဘေးသင့်ပြည်သူများကို လှူဒါန်းမယ့် သစ်များခိုးယူတဲ့ စစ်တပ်အား တိုက်ခိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မီးဘေးသင့်ပြည်သူများကို လှူဒါန်းမယ့်သစ်များ ခိုးယူလာတဲ့ စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ သြဂုတ် ၆ ရက် မနက်က ယင်းမာပင်မြို့နယ်မှာ အင်အား ၁၀၀ ပါ စစ်ကြောင်းဟာ စည်သူရွာနဲ့ သံဘိုကျေးရွာကြားအရောက် ULF မဟာမိတ်တပ်ပေါင်းစုနှင့် ​ထိတွေ့မှုစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီးလည်း စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြားထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ULF ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

(မီးဘေးသင့်ပြည်သူများလှူဒါန်းမည့်သစ်များ ခိုးယူလာသည့် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဥ်)
(မီးဘေးသင့်ပြည်သူများလှူဒါန်းမည့်သစ်များ ခိုးယူလာသည့် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဥ်)