Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီမြို့ လက်ခတ်တောင်စခန်းပြန်ရရေး စစ်ကောင်စီနှင့် BGFက လက်နက်ကြီးပစ်ကူ အလုံးအရင်းသုံး ထိုးစစ်ဆင်နေ

လက်ခတ်တောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လက်နက်ကြီး၊ လက်နက်ငယ်များ ယူဆောင်လာပြီး အလင်းဝင်လာခြင်းများရှိကြောင်း ဓာတ်ပုံနှင့်တကွ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်က လက်ခတ်တောင်ကုန်းမှနေ၍ ပြည်သူများရှိရာ နေရာများအား ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် အမှတ်အသားများအား တွေ့ရစဉ်။ ဓာတ်ပုံ - Saw Kaw)
(စစ်ကောင်စီတပ်က လက်ခတ်တောင်ကုန်းမှနေ၍ ပြည်သူများရှိရာ နေရာများအား ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် အမှတ်အသားများအား တွေ့ရစဉ်။ ဓာတ်ပုံ - Saw Kaw)

ကရင်ပြည်နယ် မြ၀တီမြို့နယ် လက်ခတ်တောင်ကြောကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တို့က ယနေ့နံနက်တွင် လက်နက်ကြီးပစ်ကူ အလွန်အကျွံသုံးပြီး ထိုးစစ်ဆင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က ပြောသည်။

လတ်ခတ်တောင်စခန်းကို KNU ဦးဆောင်သည့် ပူးပေါင်းတပ်က ဇူလိုင် ၂၁ရက်တွင် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က ယင်းနေရာကို ပြန်ရရေး ဇူလိုင် ၂၄ရက်မှစ၍ ပြန်လည်ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ၁၀ကြိမ်ထက်မနည်းဖြစ်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ကော်ဘရာစစ်ကြောင်းက အသိပေးထားသည်။

ယနေ့တွင် စစ်ကောင်စီနှင့် BGF ပူးပေါင်း‌ပြီး ယခင်နေ့များထက်လက်နက်ကြီး ပစ်ကူများစွာ သုံးပြီးထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်နေသည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

“ဒီမနက်က တော်တော်ထုတယ်။ အရင်နေ့ထက်အလုံး(လက်နက်ကြီး)ပိုများတာပေါ့။ အလုံးကတော့ နှစ်ရာ သုံးရာတော့ အနည်းဆုံးပဲ။ သူတို့က မရရအောင် လုပ်ဖို့ အစီအစဉ်ရှိတာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

သို့ရာတွင် စစ်ကောင်စီတပ်များအနေဖြင့် လတ်ခတ်တောင်ကို အလွယ်တကူ ရမည်မထင်ကြောင်း ၎င်းကသုံးသပ်သည်။

“ဒီမနက် ၅နာရီမှာ စကစဘက်နဲ့ BGFနဲ့ ပေါင်း‌ပြီး မရရအောင် တိုက်ဖို့စီစဉ်တာပဲ။ ဒီဘက်ကလည်း မရဖို့ကာထားတာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

လက်ခတ်တောင်ကို စစ်ကောင်စီထိုးစစ်ဆင်လာနေ၍ အခြားနေရာများ၌လည်း စစ်မျက်နှာများ ပိုကျယ်ပြန့်လာနိုင်သည်ဟုလည်း ၎င်းက သုံးသပ်သည်။

ယနေ့ နံနက် ၉နာရီအထိ သတင်းများအရ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်မှု မရှိသေးကြောင်း၊ သို့ရာတွင် လေကြောင်းတိုက်ခိုက်မှုပါဝင်လာနိုင်ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

လက်ခတ်တောင်စခန်းပြန်ရရင် စစ်ကောင်စီက အကြိမ်ကြိမ် ကြိုးပမ်းနေသော်လည်း တောင်ခြေပင် မကပ်နိုင်သေးဘဲ စစ်ကောင်စီတပ်မှဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၇ဦး သေဆုံးကာ ၃၄ဦး ဒဏ်ရာရခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော်တစ်ဦး ကျဆုံးကာ ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း အသိပေးသည်။

လက်ခတ်တောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လက်နက်ကြီး၊ လက်နက်ငယ်များ ယူဆောင်လာပြီး အလင်းဝင်လာခြင်းများရှိကြောင်း ဓာတ်ပုံနှင့်တကွ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

လက်ခတ်တောင်ဒေသတွင် တပ်မဟာ (၆)KNU/KNLA၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ၊ ရောင်နီစသည့် တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်သည်။