ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့ရှိ”သနားခြင်းမယ်တော်” ဘုရားကျောင်းအား စစ်ကောင်စီက အကြောင်းမဲ့ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ထုတ်ပြန်သည်။
ထီးသော်ကူးကျေးရွာရှိ ဘုရားကျောင်းအား စစ်ကောင်စီက ဩဂုတ် ၁၂ ရက် ည ၈နာရီခန့်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
![(ဖရူဆိုမြို့ရှိ "သနားခြင်းမယ်တော်" ဘုရားကျောင်းအား စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/08/368063068_632580285607434_6182018260792557828_n.jpg?resize=880%2C660&ssl=1)
ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပြီး တိုက်ပွဲပြန်လည်ငြိမ်သက်ချိန်တွင် စစ်ကောင်စီက တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသောကျေးရွာအတွင်းရှိ “သနားခြင်းမယ်တော်” ဘုရားကျောင်းအား တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းအဆောက်အဦအပြင်ဘုရားကျောင်းဝန်းအတွင်းရှိ အခြားအဆောက်အဦများအပါအဝင် ခြံစည်းရိုးအုတ်တံတိုင်းများလည်း ထိခိုက်ပျက်စီးခဲ့သည်။
မြေပြင်စစ်ရေးအခြေနေအရ ယခုအချိန်မှသာ မှတ်တမ်းယူထုတ်ပြန်ပေးရခြင်းဟု KNDF က အသိပေးသည်။
![(ဖရူဆိုမြို့ရှိ "သနားခြင်းမယ်တော်" ဘုရားကျောင်းအား စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/08/368177838_632580325607430_1126302029759775157_n.jpg?resize=880%2C660&ssl=1)
“အခုမှ မဟုတ်ဘူးလေ။အရင်ကတည်းကလည်း လူထုနေအိမ်တွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ကောင်စီက ဖျက်ဆီးခဲ့တာပဲ။အခုကလည်း သူတို့ ဒီလိုတွေ ဆက်လုပ်နေဆဲဆိုတာ မှတ်တမ်းတင် ထုတ်ပြန်တာမျိုးပဲ။နောက်တစ်ခုက အခု ဖရူဆို -ဒီးမော့ဆို လမ်းပိုင်းတိုက်ပွဲကလည်း ခဏရပ်နေတဲ့သဘောပဲ။စစ်ကောင်စီဘက်က ထိုးစစ်ပြန်စတာနဲ့ တိုက်ပွဲ ပြန်ဖြစ်လာမှာပဲ”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
![(ဖရူဆိုမြို့ရှိ "သနားခြင်းမယ်တော်" ဘုရားကျောင်းအား စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/08/368046858_632580315607431_3690854110387408629_n.jpg?resize=880%2C660&ssl=1)
ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ်ရင်းများနှင့် ကရင်နီပူးပေါင်းတပ်များအကြား သြဂုတ် ၂ရက် မှစ၍ ၁၄ရက်အထိ ထွေလီဗီလာကျေးရွာ ၊ ငွေတောင်ရွာသစ်ကျေးရွာ ၊ ကဒါးလားကျေးရွာ ၊ ထီးသော်ကူး ကျေးရွာများ တစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများတွင် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကာ အချိန်မရွေးထိတွေ့မှုဖြစ်နိုင်၍ ပြည်သူများအနေဖြင့် ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားခြင်းမပြုလုပ်ရန်နှင့် စစ်ရေးသတိရှိစွာသွားလာနေထိုင်ပေးကြရန် KNDF တိုက်တွန်းသည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)