Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မြန်မာက အထည်ချုပ် စက်ရုံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်ချင်း စတင်လျှော့ချမယ်လို့ H&M ကြေညာ

ကမ္ဘာပေါ်မှာ ဒုတိယအကြီးမားဆုံး ဖက်ရှင် အဝတ်အထည်ကုမ္ပဏီကြီးဖြစ်တဲ့ H&Mက မြန်မာနိုင်ငံမှာရှိတဲ့ မိတ်ဖက် အထည်ချုပ်စက်ရုံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တစ်ဆင့်ချင်းစီ လျှော့ချသွားမယ်လို့ ကြေညာခဲ့ပါတယ်။ မြန်မာမှာ ရှိတဲ့ H&M ရဲ့ မိတ်ဖက်အထည်ချုပ်စက်ရုံတွေမှာ ဝန်ထမ်းတွေအပေါ် အနိုင်ကျင့်မှု၊ အမြတ်ထုတ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အကြောင်းပြပါတယ်။ မကြာသေးခင်က လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာအထည်ချုပ်စက်ရုံတွေမှာ အမျိုးမျိုးသော ဖက်ရှင်နဲ့ အားကစား အမှတ်တံဆိပ်တွေအတွက် တာဝန်ယူ ချုပ်လုပ်ပေးနေတဲ့ စက်ရုံတွေမှာ တစ်နှစ်တာ ကာလအတွင်း လုပ်သားတွေအပေါ် အနိုင်ကျင့်မှု ၁၅၆ ခုထက်မနည်း ဖြစ်ပေါ်ခဲ့ကြောင်း ပါရှိခဲ့ပါတယ်။ အဲဒီထဲက ၂၀ ဟာ H&M အတွက် အဝတ်အထည်တွေ ချုပ်လုပ် ထောက်ပံ့ပေးနေတဲ့ စက်ရုံတွေမှာဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အထည်ချုပ် စက်ရုံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်ချင်း စတင်လျှော့ချမယ်လို့ H&M ကြေညာ
မြန်မာနိုင်ငံက အထည်ချုပ် စက်ရုံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်ချင်း စတင်လျှော့ချမယ်လို့ H&M ကြေညာ

▪️KNU တပ်မဟာ(၃)နယ်မြေမှာ စစ်ကောင်စီရထား မိုင်းဆွဲတိုက်ခိုက်ခံရကာ ပျက်စီး

မန္တလေးမှထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းထောက်ပို့ရထားကို ရန်ကုန်−မန္တလေးမီးရထားလမ်း၊ ကညွှတ်ကွင်းမြို့အနီး KNUနဲ့ PDF ပူး‌​ပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းထောက်ပို့ရထားကို ဒီနေ့ မနက်ပိုင်းက KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ရထားကို မိုင်းဆွဲခဲ့တာမှန်ကန်ပြီး မြေပြင်အခြေအနေ အသေးစိတ်ကို အတည်ပြုနေဆဲဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

(စစ်​ကောင်စီတပ်ရထားတွဲ မိုင်းဆွဲခံရ၍ ပျက်စီး​နေမှူ။ ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်)
(စစ်​ကောင်စီတပ်ရထားတွဲ မိုင်းဆွဲခံရ၍ ပျက်စီး​နေမှူ။ ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်)

▪️ဖရူဆိုမြို့ရှိ ‘သနားခြင်းမယ်တော်’ ဘုရားကျောင်းကို စစ်ကောင်စီ လေယာဥ်ဖြင့်ဗုံးကြဲ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ရှိ ‘သနားခြင်းမယ်တော်’ ဘုရားကျောင်းကို စစ်ကောင်စီက အကြောင်းမဲ့ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ထီးသော်ကူးကျေးရွာရှိ ဘုရားကျောင်းကို စစ်ကောင်စီတပ်က ဩဂုတ် ၁၂ ရက် ညပိုင်းက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘုရားကျောင်းအဆောက်အဦအပြင် ဘုရားကျောင်းဝန်းအတွင်းရှိ အခြားအဆောက်အဦများ၊ ခြံစည်းရိုးအုတ်တံတိုင်းများလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ မြေပြင်စစ်ရေးအခြေနေအရ အခုအချိန်မှသာ မှတ်တမ်းယူထုတ်ပြန်ပေးရခြင်းဖြစ်တယ်လို့ KNDF က အသိပေးပါတယ်။

(ဖရူဆိုမြို့ရှိ "သနားခြင်းမယ်တော်" ဘုရားကျောင်းအား စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ဖရူဆိုမြို့ရှိ “သနားခြင်းမယ်တော်” ဘုရားကျောင်းအား စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

▪️အမှတ်(၁)စစ်ဒေသမှာ ဇွန်လတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၄၀၀ သေ၊ လက်နက် ၂၆ လက်ရဟု NUG ထုတ်ပြန်

အမှတ်(၁) စစ်ဒေသနယ်မြေ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၄၃၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဇွန်လတိုက်ပွဲများအတွင်း ရန်သူ ၄၀၀ ဦး သေဆုံးပြီး ၅၇၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနဲ့ EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့တာလို့ ဆိုပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၂၆)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် ၂၆ ဦးကျဆုံးခဲ့ပြီး ၅၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

(မော်လိုက်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(မော်လိုက်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)

▪️ဖားကန့်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်နဲ့ SNA ပစ်ခတ်လို့ ပြည်သူခုနစ်ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ရှမ်းနီတပ်(SNA) ပူးပေါင်းစခန်းက လက်နက်ကြီးဖြင့်ပစ်ခတ်လို့ အရပ်သားပြည်သူ ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက စစ်အုပ်စုက ဖားကန့်မြို့နယ် နန့်ပုတ်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒေသခံအမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့တာပါ။

(စစ်ကောင်စီနှင့် ရှမ်းနီတပ်(SNA) ပူးပေါင်းစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - Aung Hein Min/FB)
(စစ်ကောင်စီနှင့် ရှမ်းနီတပ်(SNA) ပူးပေါင်းစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ – Aung Hein Min/FB)

▪️ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီရုံးနှစ်ရုံးကို ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဖျက်ဆီးနေတာကြောင့် မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာရုံး နှစ်ရုံးကို မောင်းသူမဲ့လေယာဥ်ဖြင့် ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ညနေပိုင်းက ဘုတလင်မြို့ပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း ဗုံးသီး သုံးလုံးနဲ့ စုပေါင်းရုံးအတွင်း ဗုံးသီး တစ်လုံး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မနေ့ ညနေပိုင်းမှာပဲ ကနီမြို့နယ် နွားခြံကုန်းကျေးရွာ ရောက်ရှိနေတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်ကို ဗုံးသီး သုံးလုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးက အသိပေးပါတယ်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန်ပြင်ဆင်နေသည့် ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေးရဲဘော်များအား တွေ့ရစဥ်)
(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန်ပြင်ဆင်နေသည့် ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေးရဲဘော်များအား တွေ့ရစဥ်)

▪️ရွှေဘိုမြို့အဝင် ရိက္ခာတင်ယာဥ်နဲ့ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်မှာ ရိက္ခာတင်ယာဥ်နဲ့ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ BLACK WOLF – ARMY သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ သြဂုတ် ၁၅ ရက် ညနေပိုင်းက ရွှေဘိုမြို့ တထပ (၂)မှလာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာတင်ယာဥ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးသေဆုံးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ညနေပိုင်းမှာပဲ ရွှေဘိုမြို့အဝင် မုခ်ဦးအနီး တပ်စွဲထားတဲ့ အင်အား ၅၀ ဦးပါ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ တစ်ဦးသေဆုံးတယ်လို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။