Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (အောက်တိုဘာ ၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️အောင်ဂျာဒေသမှာ ဒီနေ့ မနက် တိုက်ပွဲပြင်းထန်၊ စစ်တပ် လေကြောင်းသုံး တိုက်ခိုက်

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း မိုးမောက်မြို့နယ် အောင်ဂျာကျေးရွာအနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့မနက်က တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ်က မြစ်ကြီးနားကနေ တိုက်လေယာဥ် သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင်လဆန်းမှစတင်ခဲ့တဲ့ ကချင်ဒေသထိုးစစ်မှာ အထိနာလျက်ရှိရာ အခုနောက်ပိုင်း လေကြောင်း တိုက်ခိုက်မှုကို အရင်ထက်ပိုမိုပြုလုပ်လာတာတွေ့ရပါတယ်။

(ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ - KIA)
(ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ – KIA)

▪️KIA အရှင်ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သား ငါးဦးအနက် တစ်ဦးသေဆုံး

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အလော့ဘွမ်(တောင်)အနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ငါးဦးဖမ်းဆီးခံရပြီး တစ်ဦးမှာ ဒဏ်ရာရပြီး ​သေဆုံးသွား​တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က​​ပြောပါတယ်။ စက်တင်ဘာ ၃၀ ရက်က မိုးမောက်မြို့နယ် အလော့ဘွမ်အောက်ရှိ ရှန်တုန်ဘွမ်စခန်းမှ ရိက္ခာသယ်ဖို့ ဆင်းလာတဲ့ ခမရ(၄၃၈)တပ်ရင်းမှ စစ်သား ၁၅ ဦးကို ဝူထန်ယန်ရွာ အနီးမှာ KIA တပ်ရင်း ၂၅ က စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးသေဆုံးပြီး ငါးဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့တာပါ။ ဖမ်းဆီးခံရ​တဲ့ စစ်​ကောင်စီတပ် ​ရှေ့တန်းမှ စစ်သား ငါးဦးအနက် နှစ်ဦးမှာ လူလတ်ပိုင်းဖြစ်ပေမယ့် သုံးဦးမှာ အသက်အရွယ်ကြီး​နေသူများဖြစ်​ပါတယ်။ အခြားရှစ်ဦးမှာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

▪️ညောင်လေးပင်နယ်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ လက်နက်အချို့ရဟု PDF အသိပေး

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိတယ်လို့ PDF တောင်ပိုင်းစစ်ဒေသ နွေဦးစစ်သည်တော်များစစ်ကြောင်း (Spring Warriors Column) က ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်သား တစ်ဦးအလောင်းနဲ့ လက်နက်တစ်လက်ရရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၅ ဦးခန့် သေဆုံးနိုင်ကာ ၁၀ ဦးခန့် ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။ အဲဒီဒေသမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူ သုံးဦးကိုဖမ်းဆီးပြီး နှစ်ဦးကို သတ်ဖြတ်သွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက ထုတ်ပြန်ထားပါတယ်။

▪️ရန်ကုန်မှာ လူငယ်များက စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ဖို့ လှုံ့ဆော်

ရန်ကုန်မြို့ နေရာအချို့မှာ တော်လှန်လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ လူငယ်များက “အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ”၊ “အထွေထွေအကျပ်အတည်းဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆီသို့” စာသားပါ စတေကာများကို လူစည်ကားရာ နေရာအချို့မှာ လိုက်လံကပ်ပြီး စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူတာကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ မြို့နယ် ၂၀ မှာ ကောက်ယူသွားဖို့ စီစဥ်နေပါတယ်။

Public Service Announcement

Public Service Announcement

▪️ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်၊ စစ်ကောင်စီတပ် ပြန်ပစ်လို့ ပြည်သူလေးဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းပိုင်းရှိ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်လို့ ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့ညနေက စစ်ကိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် (၆၀) မမ ဗုံးသီး ၅ လုံးချတိုက်ခိုက်ခဲ့တယ်လို့ ကြောင်လက်သည်း Local PDFအဖွဲ့တာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီရဲစခန်းအပေါ် အတိအကျ ဗုံးချနိုင်ခဲ့တယ်လို့ ပြောပေမယ့် စစ်ကောင်စီရဲ့ ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။

(ဆားတောင်ရဲစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်)
(ဆားတောင်ရဲစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်)

▪️ကသာမှာ စစ်တပ်ထုတ်ကုန်များသယ်ဆောင်လာတဲ့ ကုန်တင်ယာဥ်တစ်စီး စစ်ဆေးတွေ့ရှိ၊ ကုန်ပစ္စည်းများကို သိမ်းဆည်း

စစ်ကိုင်းတိုင်း ကသာမြို့မှာ စစ်တပ်ထုတ်ကုန်များသယ်ဆောင်လာတဲ့ ကုန်တင်ယာဥ်တစ်စီးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က စစ်ဆေးတွေ့ရှိခဲ့ပြီး အဲဒီကုန်ပစ္စည်းများကို သိမ်းယူခဲ့တယ်လို့ ကသာ(အပဖ)တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီယာဥ်ကို ပအဖနဲ့ ပကဖတို့က စစ်ဆေးရေးဂိတ်မှာ မနေ့က တားဆီးစစ်ဆေးစဉ် တွေ့ရှိခဲ့တာဖြစ်ပြီး စစ်တပ်ထုတ်ကုန်များကို သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်မောင်းကိုမူ ခံဝန်ထိုးခိုင်းကာ ယာဥ်နှင့်အတူ ပြန်လွှတ်ပေးလိုက်တယ်လို့ ကသာ(ပအဖ)တာ၀န်ရှိသူက ပြောပါတယ်။

▪️စစ်ကောင်စီတပ်ပစ်ခတ်လို့ ရေစကြိုနယ် ကောက်စိုက်နေသူ အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကောက်စိုက်နေသူအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့က ရေစကြိုမြို့နယ်၊ အလယ်သောင်ကျေးရွာသို့ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများက လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့လို့ သူဌေးကုန်းရွာအနီး ကောက်စိုက်နေတဲ့ (၄၅)နှစ်အရွယ် မညိုမာ ကျည်ထိမှန်သေဆုံးခဲ့ပြီး (၁၈)နှစ်အရွယ် လူငယ်တစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့တယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ (Info Committee Yesagyo)က ထုတ်ပြန်ပါတယ်။ အခြားသတင်းတစ်ရပ်မှာ မနေ့မနက်ပိုင်းကပဲ ပခုက္ကူနည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတ​ပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ Southern YSO PDFအဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။