Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မဟာမိတ်တပ်အချင်းချင်း တိုက်ပွဲဖြစ်၍ TNLAနှင့် SSPPတပ်ဖွဲ့ဝင် ၈ဦးသေ

စက်တင်ဘာ ၂၃ရက်ကလည်း TNLAနှင့် SSPP တို့သည် ကွတ်ခိုင်မြို့နယ် မန်ပန်ကျေးရွာ တွင်လှုပ်ရှားနေသည့် SSPP စစ်ကြောင်းနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

(TNLAနှင့် SSPP နှစ်ဖက်တာဝန်ရှိသူများ ညှိနှိုင်းပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(TNLAနှင့် SSPP နှစ်ဖက်တာဝန်ရှိသူများ ညှိနှိုင်းပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

▪️TNLAက ‘၁၀၂၇ စစ်ဆင်ရေး’တာဝန်ယူနေသည့်တပ်ဖွဲ့ကို SSPPက နှောက်ယှက်ပစ်ခတ်ဟု အသိပေး

▪️ရွာသားဖမ်းဆီးမှုဖြေရှင်းပေးသည့်တပ်ဖွဲ့ဝင်များကို TNLAက ချေမှုန်းခြင်းဖြစ်ဟု SSPP ထုတ်ပြန်

မဟာမိတ်ဆက်ဆံရေးတည်ဆောက်ထားသည့် တအာင်းတပ်မတော်(TNLA)နှင့် ရှမ်းပြည်တပ်မတော်(SSPP/SSA)အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်သေဆုံးထိခိုက်ရှိခဲ့ကြောင်း SSPPနှင့် TNLA တို့က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု စယ်လန့်ကျေးရွာမှာ နေထိုင်သည့် ဒေသခံပြည်သူ စိုင်းမောဝ်အွန်ကို TNLAက ဖမ်းဆီးခဲ့မှုအပေါ် နှစ်ဖက်အပြန်အလှန် စွပ်စွဲသည့် သတင်းထုတ်ပြန်ချက်များ ယနေ့ ထုတ်ပြန်ထားသည်။ ယခင်ကလည်း စယ်လန့်ရွာရှိ ရှမ်းစော်ဘွား၏ ရှေးဟောင်းမြို့ရိုးကို TNLAက ဖျက်ဆီးသည်ဟုဆိုကာ ပြဿနာရှိခဲ့ဖူးပြီး TNLAကလည်း ရှေးဟောင်းမြို့ရိုးကို ဖျက်ဆီးခြင်းမရှိဘဲ စစ်ကောင်စီတပ်စွဲရာနေရာကိုသာ ဖယ်ရှားခဲ့ဟု ရှင်းလင်းခဲ့သည်။

ယခုဖြစ်စဉ်တွင်လည်း စိုင်းမောဝ်အွန်ကို ဖမ်းဆီးမှု TNLA ထံ သွားရောက်မေးမြန်းရာ စတင်ဝိုင်းဝန်းပစ်ခတ်၍ နှစ်ဖက်တပ်များ ထိခိုက်သေဆုံးမှုရှိပြီး SSPP စစ် သုံ့ပန်းနှစ်ဦးကိုလည်း TNLAက ပစ်သတ်ခဲ့ကြောင်း SSPPက ထုတ်ပြန်သည်။

ထိုသို့ ထုတ်ပြန်ရာတွင် TNLA၏ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်သည့် ဓာတ်ပုံမှတ်တမ်းများကိုပါ ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

(TNLAနှင့် SSPP နှစ်ဖက်တာဝန်ရှိသူများ ညှိနှိုင်းပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(TNLAနှင့် SSPP နှစ်ဖက်တာဝန်ရှိသူများ ညှိနှိုင်းပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

ရွာသားဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး SSPP/SSA ဘက်က အုပ်ချုပ်ရေးတာဝန်ခံမူဆယ်မြို့နယ်မှူးဦးဆောင်သည့် လုံခြုံရေးတပ်သား(၇)ဦးက TNLA ထံမေးမြန်းရာ အင်အား ၁၀၀ခန့်ရှိ TNLA မှ စတင်ပစ်ခတ်သောကြောင့် နေ့လည် ၁၂ နာရီအချိန်ထိ စယ်လန့်ကျေးရွာအတွင်း၌ ရုန်းရင်းဆန်ခတ်တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း၊ သတ်ကွင်းထဲ ကျန်နေသည့် SSPP မြို့နယ်မှူးနှင့် ရဲဘော် တို့အား ဖမ်းဆီးပြီး ရွာလယ်ခေါင်တွင် TNLA က ပစ်သတ်ခဲ့ကြောင်း SSPPက ထုတ်ပြန်သည်။

စစ်သုံ့ပန်းအဖြစ် အဖမ်းခံရချိန်တွင် SSPP/SSA ဒုစစ်ဦးချုပ် စဝ်ငေါဝ်းဖနှင့် Wechatမှ လှမ်းတင်ပြပေးခဲ့ပါသဖြင့် စဝ်ငေါဝ်းဖမှ လူကိုဖမ်းဆီးထားသော်လည်း လူသားချင်းစာနာမှုအနေဖြင့် အသက်လွှတ်ငြိမ်းချမ်းသာခွင့်ပေးပါရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ ၎င်းရဲ့အသံကို တဖက်လူကြီးထံ ဖွင့်ပြရန် ပြောလိုက်ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေချိန်တွင်လည်း ပြဿနာပိုမကြီးထွားအောင် စဝ်ငေါဝ်းဖမှ TNLA စစ်ဦးချုပ် တားဟိုပရန်ထံ နှစ်ဖက်တပ်ဗဟိုလူ ကြီးများ ဝိုင်းဝန်းထိန်းသိမ်းသွား ကြရန် ညှိနှိုင်းဆွေးနွေးခဲ့ပါသော်လည်း တားဟိုပရန်မှ အပြတ်ချေမှုန်းသွားရန် အမိန့်ချပြီးဖြစ်ကြောင်း ပြောကာ ဆက်သွယ်မှု ဖြတ်တောက်လိုက်သည်ဟု SSPPက ထုတ်ပြန်သည်။

အခြားတဖက်တွင် SSPP ဆက်ဆံရေးတာဝန်ရှိသူများက နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးဖြေရှင်းရန် အခြားသော TNLAခေါင်းဆောင်ကြီးများကို ကြိုးစားချိတ်ဆက်သော်လည်း ၎င်းတို့မှာ တားဆီးနိုင်သည့် အခြေအနေတွင်ရှိမရှိကြောင်းတိုက်ရိုက်ညွှန်ကြားသည့်သူတို့တွင်သာ တာဝန်ရှိနေကြောင်း ပြန်ကြားခဲ့သည်ဟု ဖော်ပြသည်။

SSPP၏ ထုတ်ပြန်ချက်တွင် နှစ်ဖက်တိုက်ပွဲအတွင်း TNLA ဘက်က ၅ဦးထက်မနည်း ကျဆုံးကာ SSPP ဘက်ကတစ်ဦးကျဆုံး၊ မြို့နယ်မှူးအဆင့်ရှိသူနှင့် တပ်သားတစ်ဦး သတ်ဖြတ်ခံရကြောင်း၊ အခြားရဲဘော်များ ပျောက်ဆုံးနေကြောင်း အသိပေးသည်။

ယင်းဖြစ်စဉ်အပေါ် TNLAကလည်း ထုတ်ပြန်ရှင်းလင်းခဲ့ရာ SSPP ထုတ်ပြန်ချက်၌ ဖော်ပြထားသည့် အချက်များဖြင့် မတူညီဘဲ SSPPက စတင်ပစ်ခတ်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေးတွင် တာဝန်ယူနေကြသည့် PSLF/ TNLAမှ တပ်စုတစ်စုကို SSPP/SSAမှ တပ်ဖွဲ့ဝင် ၁၀ဦးပါဝင်သည့်အဖွဲ့မှ လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာပြီး TNLA တပ်ဖွဲ့ဝင်များအား စတင်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ ယင်းပစ်ခတ်မှုအတွင်း TNLAမှ တပ်ဖွဲ့ဝင် လေးဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ SSPPမှလည်း တပ်ဖွဲ့ဝင်လေးဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

အခင်းမဖြစ်ပွားမီ နိုင်ဝင်ဘာ ၆ရက်တွင် မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ် ဆက်သွယ်ထား သည့် ကားလမ်းမကြီးအား တာဝန်ယူထာသည့် TNLA၏ မိုင်းဆက်ရွာ၊ ဖိုင်ကျောင်းရွာ၊ မန်ဖာရွာလုံခြုံရေး စခန်းတို့ကို SSPPမှ နံနက်ပိုင်းတွင် သုံးကြိမ်၊ မွန်းလွှဲပိုင်းတွင် ငါးကြိမ် လာရောက်နှောင့်ယှက်ခြင်းနှင့် ဓါတ်ပုံ မှတ်တမ်းယူခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်ဟု ဖော်ပြသည်။

SSPP အဖွဲ့ဝင်များကို TNLAမှ ရိုက်ကူးထားသည့်ဓာတ်ပုံများ ပယ်ဖျက်စေပြီး နောင်တွင် ထိုကဲ့သို့ မပြုလုပ်ရန် သတိပေးကာပြန်လွှတ်ပေးခဲ့ကြောင်း၊ ထိုနောက် နိုဝင်ဘာ ၇ရက် နံနက်ပိုင်းတွင် SSPP ၏ တိုက်နယ်မှူးဖြစ်သူ စိုင်းမောင်အောင်မှ မိမိတို့ TNLA၏ လုံခြုံရေးစခန်းအနီးသို့ ထပ်မံရောက်ရှိလာပြီး မိမိတို့ တပ်နေရာချထားမှုတို့ကို ဓာတ်ပုံမှတ်တမ်းရိုက်ကူးလာ၍ စိုင်းမောင်အောင်အား ခေါ်ယူမေးမြန်း စုံစမ်းခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ထိုသို့ မေးမြန်းနေစဉ် SSPPမှ အရာရှိဖြစ်သူ စိုင်းလင်းနှင့်အဖွဲ့တို့ ရောက်ရှိလာပြီး မိမိတို့အား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရသည်ဟု ဆိုသည်။

အခင်းဖြစ်ပွားပြီးနောက် ပြဿနာအားမကြီးထွားလာစေရန် နှစ်ဖက်ခေါင်းဆောင်များမှ ထိန်းညှိ ထိန်းသိမ်းသွားမည်ဖြစ်ပြီး၊ လက်ရှိပြဿနာအား နှစ်ဖက်၏ မဟာမိတ်ရေးရာရုံးမှ အပြန်အလှန်ဆက်သွယ်ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း အသိပေးသည်။

တစ်ချိန်တည်းမှာပင် ယခုပြဿနာအား အချိန်မှီထိန်းသိမ်းနိုင်ပါရန်နှင့် မဟာမိတ်အား ရှေးရှုသောအားဖြင့် စိုင်းမောင်အောင်ကိုလည်း ရပ်မိရပ်ဖထံ အပ်နှံပေးပြီးဖြစ်ကြောင်း TNLAက အသိပေးထုတ်ပြန်ထားသည်။

စက်တင်ဘာ ၂၃ရက်ကလည်း TNLAနှင့် SSPP တို့သည် ကွတ်ခိုင်မြို့နယ် မန်ပန်ကျေးရွာ တွင်လှုပ်ရှားနေသည့် SSPP စစ်ကြောင်းနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။