Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီနှင့်ဆွေးနွေးရန် အကြောင်းမရှိဟု KNU ထပ်လောင်းပြော

စစ်သုံ့ပန်းများ၏ အသက်ရှင်ရပ်တည်ရေးသည်များစွာ အရေးကြီးသည်ဟုလည်း ပြည်သူများအား ပဒိုစောတောနီးက အသိပေးသည်။

(သင်္ဃန်းညီနောင်ဗျူဟာမှ လက်နက်ချအညံ့ခံသောစစ်သုံ့ပန်းများ။ဓာတ်ပုံ-KNU)
(သင်္ဃန်းညီနောင်ဗျူဟာမှ လက်နက်ချအညံ့ခံသောစစ်သုံ့ပန်းများ။ဓာတ်ပုံ-KNU)

▪️လက်နက်ချလာသူများ အသက်အန္တရာယ်လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာများ အလေးထားဆောင်ရွက်မည်ဟု KNU ပြောရေးဆိုခွင့်ရှိသူပြော

မောင်မောင်/People’s Spring

စစ်အာဏာရှင်စနစ်ကို ရှင်းလင်းရမည်ဖြစ်၍ စစ်ကောင်စီနှင့် စကားပြောဆိုရန်လုံး၀ မရှိကြောင်း၊ စစ်အာဏာရှင်စနစ် ပြုတ်ကျမှသာ ဆွေးနွေးရမည့် ကိစ္စရပ်များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

မြ၀တီ၊ သင်္ဃန်းညီနောင်ဗျူဟာမှ လက်နက်ချ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ကျော်အား စစ်ကောင်စီထံ လွှဲပေးရန် KNUနှင့် စစ်ကောင်စီအကြား ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ဝါဒဖြန့် ဝေမှု များ ရှိနေသည့်အပေါ် KNU၏ သဘောထားအား မေးမြန်းရာ ပဒိုစောတောနီးက People’s Springနှင့် သီးသန့်မေးမြန်းမှုတွင် ယခုကဲ့သို့ ရှင်းလင်းစွာ ထပ်လောင်းအသိပေးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့်ဆွေးနွေးရန်၊ စကားပြောရန် နိုင်ငံတကာက တိုက်တွန်းမှုများ ရှိခဲ့သော်၊ သို့ရာတွင် စစ်တပ်အာဏာသိမ်းပြီးကတည်းက ရှင်းလင်းစွာ အသိပေးထားပြီးဖြစ်ကြောင်း၊ ဆွေးနွေးဖြေရှင်းရသည့် အခြေအနေကို စစ်ကောင်စီက ဖျက်ဆီးခဲ့၍ KNU ၏ သဘောထားကိုလည်း ပြတ်သားစွာ အသိပေးပြီးဖြစ်ကြောင်းပဒိုစောတောနီးက ရှင်းပြသည်။

” နိုင်ငံရေးကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးရေးတွေဘာတွေ လာပြောစရာမလိုဘူး ဒီအချိန်မှာ။ ဘာမှ ဂရုမစိုက်ဘဲ ဒီလိုလုပ်တဲ့လူတွေကို ကျနော်တို့ လက်ခံလို့ မရတော့ဘူး ရှင်းဖို့ပဲရှိတယ်။ အဲဒီ စစ်အာဏာရှင်စနစ်က မရှင်းရင် ကျနော်တို့ တဝဲတလည်လည်နဲ့ ပြန်ခံနေရမယ်။ အဲဒါကြောင့် သိပ်ပြီးတော့ အဲဒီလာပြီး စကား ပြောကြရအောင်ဆိုတဲ့ သူတွေကို ကျနော်တို့ဘာမှ မပြောချင်ဘူး။ ဒါပေမဲ့ လုပ်စရာလည်းမလိုဘူး”ဟု ပဒိုစောတောနီးက ပြောသည်။

၎င်းက ဆက်လက်၍ “ဘယ်အချိန်မှာ စကား ပြောရမလဲဆိုရင် ကျနော်တို့ သိတယ်။ အဲဒီ အချိန်ကျရင်တော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်မယ်လေ။ တစ်ခုပဲ ရှိတာက အခုက ကိုယ်လုပ်ရမယ့် အလုပ်ကို ကိုယ်ဆက်ပြီးလုပ်မယ်။ ပြောစရာ ရှိတဲ့အချိန်ကျမှ စကားပြောမယ်။ သူတို့ကတော့ ပြောမှာပဲလေ။ ဘာဖြစ်လို့လဲဆိုရင် ဒီတိုက်ပွဲကို သူတို့ တိုက်နေတာ မဟုတ်ဘူး။ တကယ်တိုက်နေတာက ကျနော်တို့။ အဲဒါကြောင့်မို့လို့ ကျနော်တို့ အသိဆုံးပါ” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

မြ၀တီမြို့ ၌လက်တလောဖြစ်ပေါ်နေသည့် အရေးကိစ္စများနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် KNU အကြားဆွေးနွေးမှု ရှိခဲ့ပြီးသဘောတူညီချက်ရခဲ့သည်ဟု ဝါဒဖြန့်မှုများနှင့်ပတ်သက်ပြီး ပဒိုစောတောနီးက မဟုတ်မှန်ကြောင်းပြောဆိုကာ စစ်ကောင်စီက သွေးခွဲရန်လုပ်ဆောင်မှု သာဖြစ်ကြောင်း ရှင်းပြသည်။

“အဲဒါကြောင့်မို့လို့ ဒီလို၊ ဒီလို သဘောတူညီချက်တွေဆိုတာ ကျနော်ပြောပြီးသား စစ်ကောင်စီနဲ့ စကားပြောစရာအကြောင်းကို မရှိဘူး။ စစ်အာဏာရှင်စနစ် ပြုတ်ကျမှပဲ နောက်ဆက်ပြီးဆွေးနွေးရမယ့်ဟာတွေ ဆွေးနွေးမယ်။ အဲဒါကြောင့် ဒီလို ဖြစ်နေတဲ့ဟာတွေက လုံး၀ မမှန်ဘူး။ ဒီလို ထွက်နေတဲ့ သတင်းတွေက စစ်ကောင်စီကဖြန့်လိုက်တဲ့ သတင်းတွေပဲဖြစ်တယ်။ လုံး၀ မဖြစ်နိုင်ပါဘူး ဒီကာလမှာ”ဟု ပဒိုစောတောနီးက ပြောသည်။

ဖမ်းမိ စစ်သုံ့ပန်းများ အရေးနှင့်ပတ်သက်ပြီး ထွက်ပေါ်နေသည့် သတင်းများမှားများနှင့်ပတ်သက်ပြီး ပဒိုစောတောနီးကရှင်းပြရာ ဖမ်းမိစစ်သုံ့ပန်းများကို စိစစ်ခြင်း၊ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များရှိသော်လည်း အဆိုပါ စစ်သုံ့ပန်းများ၏ အသက်အန္တရာယ်လုံခြုံမှုကို ဦးစားပေးသည့် KNUက မူဝါဒခိုင်မာစွာရှိနေကြောင်း ပြောပြသည်။

” ကျနော်တို့ လက်ထဲမှာရှိတဲ့ လက်နက်ချလာတဲ့ မိသားစုတွေ အပါအဝင် အကုန်လုံးပေါ့ အဲဒီ ၆၁၇ယောက် အဲဒီလူတွေကိုလည်း ညှိနှိုင်းပြီး ပြန်ပို့ မယ်ဆိုတဲ့ သတင်းကြီးကလည်း ဘာမှန်းကို မသိဘူး ထွက်လာတယ်။ ထွက်လာတာအပြင် ကျနော်တို့ကို ပြန်ပြီးတော့ အပြစ်ဖို့တာလည်းရှိသေးတယ်။ ကျနော်တို့ မလွှတ်လို့ ဒီလူတွေ ဘာမှ ပြန်ခွင့်မရဘဲနဲ့ လေယာဉ်ပျံကြီးက ဟောင်းလောင်းပြန်သွားတယ်ဆိုပြီး ဖြစ်လာပြန်ရော။ အဲဒါကြောင့်မို့လို့ မနေ့က စပြီးတော့ ကျနော်က အထူးသဖြင့် မီဒီယာလောကကို ထိတွေ့ပြီးတော့ လုံး၀ မဟုတ်ရပါကြောင်း၊ ကျနော်တို့ မူပေါ်လစီအရ ဒီလို ခိုင်ခိုင်မာမာရပ်တည်တယ်။ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု အပိုင်းမှာ ခိုင်ခိုင်မာမာ ရပ်တည်တဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ အထူးသဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ရဲ့ ကျင့်စဉ်နဲ့ ကျင့်ဝတ်တွေ ထဲမှာ တကယ့်အလေးအထား ဆောင်ရွက်နေတဲ့ အပိုင်းတွေကလည်း ခေတ်ကာလ ကြာလှပါပြီ။ အဲဒါအပြင် နိုင်ငံတကာမှာ လိုက်နာကျင့်သုံးအပ်တဲ့ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားတဲ့ဥပဒေတွေရော သုံ့ပန်းဥပဒေတွေရော ကျနော်တို့ အသေအချာကို လိုက်နာပါတယ်ဆိုတာကို သေချာရှင်းပြတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

စစ်သုံ့ပန်းများ၏ အသက်ရှင်ရပ်တည်ရေးသည်များစွာ အရေးကြီးသည်ဟုလည်း ပြည်သူများအား ပဒိုစောတောနီးက အသိပေးသည်။

“သူတို့ရဲ့ လုံခြုံမှုဆိုတာ အရမ်းအရေးကြီးတယ်။တချိန်တုန်းက ကိုယ့်ရန်သူဖြစ်ခဲ့သည့်တောင်မှပဲ ကိုယ့်လက်ထဲမှာ အညံ့ခံတယ် အရှုံးပေးတယ် အေးအေးဆေးဆေး နေပါရစေဆိုတဲ့ဟာမျိုးဖြစ်လာပြီဆိုရင် ကျနော်တို့က အဲဒီလမ်းအတိုင်းပဲ တည့်တည့်မတ်မတ် သွားဖို့ရှိတယ်။ အဲဒါကြောင့် ဘာမှ စိုးရိမ်စရာမရှိပါဘူးလို့ ကျနော်ပြောပါရစေ”ဟု ပဒိုစောတောနီးက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းသည် ရတခတွင်ရောက်ရှိကာ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ်ကွပ်ကဲနေကြောင်း သိရသဖြင့် ရသမျှနည်းလမ်းများအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မေးမြန်းခန်း

တစ်ချိန်တည်း​ပေါ်ထွက်လာတဲ့ KIA နဲ့ KNU တို့ရဲ့ ထိုးစစ် စတာ​တွေနဲ့ပတ်သပ်ပြီးကရင်အမျိုးသားအစည်းအရုံး(KNU)​ပြော​ရေးဆိုခွင့်ရှိသူလည်းဖြစ် ၊ ဗဟို​အလုပ်အမှု​ဆောင်ကော်မတီဝင်လည်းဖြစ်တဲ့ ပဒို​စော​တောနီး နဲ့ People's Spring သတင်းဌာနရဲ့​မေးမြန်းခန်းကို ​ဖော်ပြ​ပေးလိုက်ပါတယ် ။

သတင်း

မတ်လ ၇ရက်တွင် KNUဦးဆောင်သည့် ပူးပေါင်းတပ်က ထိုးစစ်အရှိန်မြှင့်ပြီး ကျိုက်ဒုံ ၊ ဖာပွန်၊ သင်္ဃန်းညီနောင်ဗျူဟာတို့အား သိမ်းပိုက်ခဲ့သည့် အခြေအနေနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။

သတင်း

KNLA၊ PDF ပူးပေါင်းတပ်များက ခမရ(၂၇၅) တပ်ရင်းအား ယနေ့စတင်တိုက်ခိုက်နေ၍ စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ကူပေးတိုက်ခိုက်နေသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များက ရေးသားနေကြသည်။