စစ်ဆင်ရေးလှုပ်ရှားမှုများ မြို့ပြဆီရောက်ရှိလာပြီဖြစ်၍ ရဲဘော်များလိုက်နာရမည့်အချက်များ ထုတ်ပြန်ခြင်းဟု မန္တလေး PDF ပြော
ဇေအောင်/People’s Spring
မြို့ရွာများသိမ်းပိုက်ထိန်းချုပ်ထိုးစစ်ဆင်ရာတွင် လိုက်နာရမည့်စည်းကမ်းချက်များအပါအဝင် စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင်အားလုံး လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ၏ စစ်ဦးစီးအဖွဲ့က ယနေ့(ဇူလိုင်၁၅ရက်)တွင် ထုတ်ပြန်ကြေညာသည်။
မြို့ရွာများသိမ်းပိုက်ရာ ထိန်းချုပ်ရာ ထိုးစစ်ဆင်ရာတွင် တပ်ဖွဲ့ဝင်များလိုက်နာရမည့်စည်းကမ်းချက် ၁၀ ချက်မှာ အရပ်သားပြည်သူများအား အနိုင်ကျင့်ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ လုံးဝမပြုလုပ်ရန်၊ ပြည်သူလူထု၏ ပိုင်ဆိုင်မှုများ၊ စည်းစိမ်ဥစ္စာများအား အနိုင့်အထက်ပြု သိမ်းယူခြင်းမပြုရန်ဟု မန္တလေး PDF၏ လမ်းညွှန်ဖော်ပြချက်တွင်ပါရှိသည်။
ထို့အပြင် စစ်မြေပြင်အတွင်းရှိ ယာဥ်များကိုခွင့်ပြုချက်မရဘဲသိမ်းဆည်းသုံးစွဲခြင်း မပြုရန်၊ ပြည်သူပိုင်ယာဥ်များကို အသုံးပြုလိုပါက ပိုင်ရှင်ခွင့်ပြုချက်ဖြင့်တန်ရာတန်ကြေးပေးပြီး အသုံးပြုနိုင်ကြောင်း၊ စစ်ဘေးရှောင်ဒုက္ခသည်များအပါအဝင်ပြည်သူလူထုထံမှငွေကောက်ခံခြင်း လုံးဝမပြုလုပ်ရန်၊ စစ်ရေးလိုအပ်ချက်မှလွဲ၍ပြည်သူပိုင် နေအိမ်များအတွင်းသို့ ဝင်ရောက်နေထိုင်ခြင်း မပြုရန်၊ ခွင့်ပြုချက်မရှိဘဲပြည်သူပိုင်နေရာများ၊ ဌာနဆိုင်ရာရုံးများ၊ အခြားအဆောက်အဦများသို့ ဝင်ရောက်ပြီးပစ္စည်းများကို သိမ်းဆည်းယူဆောင်ခြင်းမပြုရန်ဟု ထပ်မံဖော်ပြထားသည်။
သိမ်းဆည်းရမိသည့်ပစ္စည်းများကို ပြည်သူပိုင်ပစ္စည်းအဖြစ် သက်ဆိုင်ရာသို့ စနစ်တကျအပ်နှံရန်၊ ပြည်သူများစစ်ဘေးရှောင်လာပါက တိမ်းရှောင်ရန် အန္တရာယ်ကင်းသောလမ်းအား ဖွင့်ပေးရန်နှင့် လိုအပ်သည်များ ကူညီပေးရန်၊ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး လုံခြုံစိတ်ချရသော စစ်ဘေးရှောင်စခန်းများ၊ နေရာများ၊ စီစဥ်ဆောင်ရွက်ပေးရန်၊ နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဥ်များကို တိတိကျကျ တင်းတင်းကြပ်ကြပ်လိုက်နာရန်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ဖွဲ့ဝင်များအားလုံး ညွှန်ကြားချက်နှင့်စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ထိရောက်စွာအရေးယူမည်ဟု ထုတ်ပြန်သည်။
အလားတူ ပြည်သူ့ဆက်ဆံရေးဆိုင်ရာလမ်းညွှန်ချက်များကိုလည်း မန္တလေး PDFက အချက် ၁၂ ချက် ထုတ်ပြန်ထာသည်။
အဆိုပါ အချက်များတွင် တပ်ဖွဲ့ဝင်အားလုံးသည်မည်သည့်နေရာဒေသတွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်လျော်ညီသော ဝတ်စားဆင်ယင်ပြောဆိုနေထိုင်မှုရှိရန်၊ ပြည်သူလူထုအထင်လွဲမှား ငြိုငြင်စေမည့် အပြောအဆို အနေအထိုင် အသွင်အပြင်မဖြစ်စေရန် ပြုမူနေထိုင်ရန်ဟု ဖော်ပြထားသည်။
ထို့အပြင် ရပ်ရွာအတွင်း နေထိုင်လျှင် သက်ဆိုင်ရာတပ်မှူး၏ ဒေသန္တရအမိန့်များကို တင်းတင်းကျပ်ကျပ်လိုက်နာရန်၊ ရပ်ရွာအတွင်းနှင့် အများပြည်သူ ရှေ့မှောက်တွင် မူးယစ်သောက်စား ဆူပူရမ်းကားခြင်း၊ လက်နက်ဖြင့်ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်းတို့ကို အထူးအလေးထားရှောင်ကျဥ်ရန်၊ ရပ်ရွာအတွင်းနေထိုင်ရာတွင် တပ်ဖွဲ့မှထုတ်ပြန်ထားသော စည်းမျဥ်းစည်းကမ်းများအပြင် ဒေသခံပြည်သူများလက်ခံယုံကြည်ကျင့်သုံးနေသော ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးတမ်းနှင့် ရိုးရာအစဉ်အလာများအား အထူးလေးစားလိုက်နာရန်၊ တပ်ဖွဲ့၏ နယ်မြေစိုးမိုးမှုရယူထားသော ဒေသများတွင် ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနကချမှတ်ထားသော အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာစည်းကမ်းချက်များကိုပါ လေးစားလိုက်နာပြီး အကြည့်အဝပူးပေါင်းဆောင်ရွက်ရန်ဟု ဖော်ပြထားသည်။
ထို့နောက် မြို့ရွာနယ်မြေများကိုသိမ်းပိုက်ပြီးသည့်အခါ အရပ်သား၊ ပြည်သူတို့ပိုင်ဆိုင်သောပစ္စည်းဥစ္စာများကို သက်ဆိုင်ရာတာဝန်ရှိသူများ၏ ခွင့်ပြုချက်မရဘဲ ယူငင်သုံးစွဲခြင်း၊ ပျက်စီးစေခြင်း၊ ခိုးဝှက်ယူငင်ခြင်းများ လုံးဝမပြုလုပ်ရန်၊ စခန်းသိမ်း၊ မြို့သိမ်း၊ နယ်သိမ်းပြီးသည့်အခါ သိမ်းဆည်းရမိသမျှ လက်နက်ခဲယမ်း ရွှေငွေ လက်ဝတ်ရတနာ၊ ဖုန်းစသော အသုံးအဆောင်ပစ္စည်းများ၊ ယာဥ်၊ ယန္တရားများကို သက်မှတ်ထားသော လုပ်ငန်းစဥ်နှင့်အညီ သက်ဆိုင်ရာတပ်ဖွဲ့ တာဝန်ရှိသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံရန်ဟု မြို့သိမ်းတိုက်ပွဲများအတွင်း လိုက်နာရမည့်အချက်လည်း ပါရှိသည်။
ထို့အပြင် မိမိကိုယ်တိုင်(သို့)မိမိတပ်ဖွဲ့တွင် ယူဆောင်သိမ်းဆည်းအသုံးပြုခြင်း လုံးဝခွင့်မပြုရန်၊ မိမိတပ်ဖွဲ့ အခြေပြုနေထိုင်ရာ ရပ်ရွာအတွင်း လူမှုရေးအရှုပ်အရှင်းနှင့် ငွေရေးကြေးရေးအရှုပ်အရှင်းများ လုံးဝခွင့်မပြုကြောင်း၊ တိုင်ကြားခံရခြင်း၊ စုံစမ်းစစ်ဆေးခြင်းများကြောင့် တွေ့ရှိပါက ထိထိရောက်ရောက်အရေးယူရန်၊ မိမိအခြေပြုနေထိုင်ရာ နယ်မြေအတွင်း တပ်ဖွဲ့ပုံရိပ်နှင့်တပ်ဖွဲ့မှပေးအပ်ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုကာ မိမိကိုယ်ကျိုးစီးပွားအတွက် အသုံးမချရန်နှင့် တွေ့ရှိကထိရောက်စွာ အရေးယူရန်၊ မိမိအခြေချနေထိုင်ရာ ရပ်ရွာဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုအသီးသီးနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် မိမိတပ်ဖွဲ့ကသတ်မှတ်ထားသော လမ်းညွန်ချက်များအတိုင်း တိတိကျကျတင်းတင်းကျပ်ကျပ်လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဘောင်ကျော်၍ဆောင်ရွက်ပါက အရေးယူခြင်းခံရန်၊ သတ်မှတ်ခွင့်ပြုထားသူမှအပ တပ်ဖွဲ့ဝင်အားလုံးအနေဖြင့် မီဒီယာတွင်အင်တာဗျူးဖြေဆိုခြင်း၊ သတင်းပေးပို့ခြင်းမပြုလုပ်ရန်နှင့် တာဝန်သတ်မှတ်ထားသူမှလွဲပြီး မီဒီယာနှင့်ဆက်ဆံရာတွင် တပ်ဖွဲ့ဝင်အားလုံး “ပြောခွင့်ဖြေဆိုခွင့်မရှိပါ”ဟု ဖြေရန် အစရှိသည့်အချက်များ ပါဝင်သည်။
ထို့အပြင် အရေးပေါ်အခြေအနေတွင်လိုက်နာရမည့်လမ်းညွှန်ချက်များကိုလည်း အချက် ၆ ချက်ဖြင့် မန္တလေး PDFက ထပ်မံထုတ်ပြန်ရာလေကြောင်းတိုက်ခိုက်မှု ခံရစဥ်အတွင်း မိမိတပ်ကို အအုပ်အစညိးမပျက် လှုပ်ရှားဆောင်ရွက်နိုင်ရေး၊ အရာရှိအဆင့်ဆင့်မှ အထူးကြပ်မတ်ဆောင်ရွက်ရန်၊ လေကြောင်းအန္တရာယ်ကာကွယ်ရေးလမ်းညွှန်ချက်များကို တိတိကျကျလိုက်နာရန်၊ တိုက်ပွဲတွင်းကာလတွင် မိမိတို့တပ်ဖွဲ့က ချမှတ်ထားသည့် စစ်ရေးအစီအမံအတိုင်း တည်တည်ငြိမ်ငြိမ်တိတိကျကျ ဆောင်ရွက်နိုင်ရေး အရာရှိအဆင့်ဆင့်မှ အထူးကြပ်မက်ဆောင်ရွက်ရန်၊ စစ်ရေးအခြေအနေကြောင့် လက်ရှိအခြေပြုနေရာကိုစွန့်ခွာရပါက သတ်မှတ်ထားသော စစ်ရေးအစီအမံအတိုင်း စနစ်တကျလုပ်ဆောင်ပြီး ဆက်သွယ်သတင်းပို့ရန်၊ ဓါတုအဆိပ်ဗုံး၊ မီးလောင်ဗုံး၊ အန္တရာယ်တွေ့ကြုံရပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် မိမိတပ်ဖွဲ့ဆေးကုသရေးအဖွဲ့က ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို တိတိကျကျလိုက်နာရန်နှင့်ဖြစ်စဥ်များကို စနစ်တကျမှတ်တမ်းတင်ရန်၊ တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း အရပ်သားပြည်သူများ၊ စစ်သုံ့ပန်းများနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးကြော်ငြာစာတမ်း၊ ဂျနီဗာကွန်ဗန်းရှင်းပါ အချက်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ချမှတ်ထားသော ကျင့်ဝတ်စည်းကမ်းများအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ရန်တို့ဖြစ်သည်။
အထက်ပါ လမ်းညွန်ချက်များပါ အချက်တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက သတ်မှတ်ထားသောစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဥ်များအတိုင်း တိတိကျကထိထိရောက်ရောက်အရေးယူသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတိပေးထားသည်။
“ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးလှုပ်ရှားမှုတွေက မြို့ပြတွေဆီ ရောက်ရှိလာပြီဖြစ်တဲ့အတွက် ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်။”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် ဇွန်လ ၂၆ ရက်မှစပြီး ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနှင့် ရှမ်းမန်းစစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပါဝင်ဖော်ဆောင်နေသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူပူးပေါင်း၍ ကျောက်မဲ ၊ မိုးကုတ် ၊ နောင်ချို နှင့် မတ္တရာ၊ စဥ့်ကူး စစ်မျက်နှာများတွင် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီစခန်းအများအပြား သိမ်းဆည်းထားပြီး စစ်သုံ့ပန်းများ၊ စစ်လက်နက်ပစ္စည်းအများအပြားကိုလည်း ရရှိထားသည်။