Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရမခ ကို သိမ်းပိုက်နိုင်ခဲ့ခြင်းအား ပအိုဝ်းနှင့် မွန် တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ဂုဏ်ပြုသဝဏ်လွှာပို့

လွတ်မြောက်မှု အစစ်အမှန် အပြည့်အ၀ ရရှိရေး လက်တွဲတိုက်ပွဲဝင်မည်ဟု အသိပေး

လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် အောင်ပွဲခံနေသော MNDAAရဲဘော်များ။ ဓာတ်ပုံ - MNDAA

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ်များက လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)အား အလုံးစုံ သိမ်းပိုက်နိုင်မှုအပေါ် ပအိုဝ်း နှင့် မွန်တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာ ညီနောင်မဟာမိတ် သုံးဖွဲ့အပါအဝင် ဘ၀တူ နောင်တော် တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ လက်တွဲ တိုက်ပွဲဝင်မည်ဟု ဖော်ပြခဲ့သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) တို့ ပူးပေါင်းပြီး ဩဂုတ် ၇ ရက်နေ့စွဲဖြင့် သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

MNDAA၊ တအာင်းတပ်မတော်(TNLA) တို့ဦးဆောင်ပြီး မန္တ​လေး PDF အပါအဝင် တော်လှန် ရေးမဟာမိတ်တပ်ဖွဲ့များက ရမခအား ဩဂုတ် ၃ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်း အပါအဝင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းလုံးများ အရှိန်အဟုန်ပြင်းပြင်း ရိုက်ခတ် နိုင်ခြင်းအပေါ် ဝမ်းသာဂုဏ်ယူကြောင်း နှင့် ပြည်တွင်းပြည်ပ ရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်ထောင်စု သွေးချင်းများက သောင်းသောင်းဖြဖြ ကြိုဆိုနေကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

MNDAA၊ TNLAနှင့် AA ညီနောင်သုံးဖွဲ့၏ နှစ်သစ်ကူး ကြေညာချက်တွင် လက်ရှိရင်ဆိုင်နေရသော စစ်အာဏာရှင် စနစ်ကို တွန်းလှန်တိုက်ခိုက်နေရသော တော်လှန်ရေးအဖွဲ့များအနေဖြင့် စည်းလုံးစွာ အလုပ်လုပ်ရန် အထူးအရေးတကြီး လိုအပ်လက်ရှိကြောင်း ၊ စစ်အာဏာရှင်တိုက်ထုတ်နိုင်ရေး လုပ်သင့်လုပ်ထိုက်သည်များ ဆက်လုပ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ရာ အဆိုပါ ဖော်ပြချက်နှင့်အညီ စစ်အုပ်စု၏ ရှုံးနိမ့်မှုများကို ပီပီပြင်ပြင် တွေ့မြင်နေရပြီ ဖြစ်ကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

PNLO၊ PNFCနှင့် NMSP-AD တို့အနေဖြင့်လည်း တစိတ်တပိုင်း လွတ်မြောက်ရုံဖြင့် အားလုံး မလွတ်မြောက်နိုင်၊ အားလုံးလွတ်မြောက်မှသာ လွတ်မြောက်မှု အစစ်အမှန်ကို အပြည့်အ၀ရရှိမည်ဟု ခံယူထားကြောင်း၊ ထိုခံယူချက်နှင့်အညီ အားလုံးလွတ်မြောက်ရေးအတွက် စုပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း အသိပေးသည်။

“ကျနော်တို့နိုင်ငံမှာ စစ်အာဏာရှင်စနစ်ဆိုးရဲ့ နှိပ်စက်အနိုင်ကျင့် ဒုက္ခပေးခဲ့တဲ့ဒဏ်ကို နိုင်ငံရှိ တိုင်းရင်းသားပြည်သူအားလုံး နှစ်ရှည်ခံစားလာခဲ့ရတာ အားလုံးအသိပါ။ ခုလို ပြည်သူတရပ်လုံးပါဝင်တဲ့ နွေဦးတော်လှန်ရေးပေါ်ပေါက်လာတာလည်း စစ်အာဏာရှင်စနစ်ကို သက်ဆိုးဆက်ချင်၊ သက်ဆိုးရှည်စေချင်နေတဲ့ စစ်အုပ်စုကြောင့်ပါပဲ။ ဒီနိုင်ငံမှာ စစ်အာဏာရှင်စနစ်ရှိနေသ၍ ကိုယ့်ဒေသ လွတ်မြောက်ရုံနဲ့ လွတ်မြောက်ပြီလို့ ပြောလို့မရနိုင်ပါဘူး။ စစ်အာဏာရှင် အားနဲနေချိန်မှာ နေသာသလိုရှိနိုင်ပေမယ့် စစ်အာဏာရှင်အားပြန်ကောင်းလာချိန် ကိုယ့်ကိုပြန်တိုက်ခိုက်နှိပ်ကွပ်မှာပါ။ ဒါကြောင့် ဒေသအားလုံး တိုင်းရင်းသားပြည်သူအားလုံးလွတ်မြောက်မှ စစ်အာဏာရှင်စနစ်ကို ရှင်းလင်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အစားထိုးနိုင်မှ လွတ်မြောက်မှုအစစ်အမှန်ဖြစ်မှာပါ” ဟု PNLO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောကြားသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံလိုလားသော စစ်အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဘုံလုပ်ငန်းစဉ် တွင် ညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင် ဘ၀တူ ညီနောင် တော်လှန်ရေးအင်အားစုများနှင့်အတူ ခိုင်ခိုင်မာမာ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု သဝဏ်လွှားပေးပို့ခဲ့သည်။

ထိုအပြင် ကရင်နီတပ်မတော်(KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF/KNPLA)၊ ကရင်နီ အမျိုးသားသွေးစည်းညီညွတ်ရေးအဖွဲ့(KNSO/KNSA)၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DMO – Local PDF)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တို့ ပါဝင်​သော ကရင်နီတပ်​ပေါင်းစုကလည်း ရမခ အောင်မြင်မှု အပေါ် ဂုဏ်ပြု သဝဏ်လွှာ သြဂုတ် ၄ ရက်တွင်ပေးပို့ထားသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၏ တနေ့ထက် တနေ့ စစ်ရေးအရှိန် အောင်မြင်မှုသည် စုပေါင်းအင်အား၏ တက်ညီလက်ညီ စည်းလုံးမှုအကျိုးဆက်ဖြစ်သည့်အပြင် MNTJP/MNDAA ၏ စစ်ရေးမဟာဗျူဟာ ပြောင်မြောက်မှုကြောင့် စစ်ကောင်စီ စခန်းများ အလီလီကျရှုံးခဲ့ရခြင်းဖြစ်ကြောင်း ကရင်နီတပ်ပေါင်းစု၏ သဝဏ်လွှာ၌ ဖော်ပြကာ နယ်မြေ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးရေးကို အမြန်ဆုံး ပြန်လည်ဆောင်ရွက်နိုင်ပါစေဟု ဆန္ဒပြုထားသည်။

အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု စနစ်သစ်ပေါ်ထွန်းရေးအတွက် ကျရာနေရာမှ ပြည်သူလူထု တစ်ရပ်လုံး မျှော်မှန်းလျက်ရှိသော စစ်ရေး နိုင်ငံရေး လုပ်ငန်းစဉ်များကို ဟန်ချက်ညီစွာ အတူ တကွ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း ဖော်ပြထားသည်။

စစ်အုပ်စု၏ စစ်တိုင်းတစ်ခုကို ပထမဆုံးအကြိမ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည့် ရမခ ကိုသိမ်းခဲ့​သော အောင်ပွဲအတွက် ကရင်၊ ချင်း၊ ကရင်နီ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်များက ဂုဏ်ပြုကြောင်း ဖော်ပြထားပြီး ဟန်ချက်ညီတိုက်ပွဲဝင်မည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အရာရှိမိသားစုများကိုမှု လားရှိုးမြို့တိုက်ပွဲမစတင်မီက ရဟတ်ယာဉ်သုံးရွှေ့ပြောင်းဟုဆို

သတင်း

လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ယနေ့ ဩဂုတ် ၃ရက်တွင် အပြီး သတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်ကြေညာသည်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ဦး​ဆောင်​သော ပူး​ပေါင်းတပ်များက လားရှိုးမြို့ရှိ စစ်​ကောင်စီတပ်၏အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) ကိုအပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်​ကြောင်း ​စစ်​ရေးရင်းမြစ်များက​ပြောသည်။

သတင်း

လားရှိုးစစ်ဆေးရုံ အစောင့်တပ်ဖွဲ့ဝင်များ MNDAA ထံလက်နက်ချ