close
Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်တွင် စစ်တ​ပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဟင်္သာကုန်းကျေးရွာကို စစ်တ​ပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

(မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ပြီးခဲ့သည့်မေလက မီးရှို့ဖျက်ဆီးခဲ့စဉ်။ ဓာတ်ပုံ - CJ)
(မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ပြီးခဲ့သည့်မေလက မီးရှို့ဖျက်ဆီးခဲ့စဉ်။ ဓာတ်ပုံ - CJ)

​အင်ကြင်း/People’s Spring

နိုဝင်ဘာ ၇ ရက် ညနေ ၅နာရီခွဲခန့်က မတ္ထရာမြို့နယ်၊ ဟင်္သာကုန်းကျေးရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့၍ ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိမှန်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲမရှိဘဲ ပစ်တာ။ ခုရက်ပိုင်း ရမ်းသမ်းပစ်လို့ ထိခိုက်သေဆုံးတာတွေ တော်တော်များနေပြီ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် (၆၅)နှစ်အရွယ် အဘွားအိုတစ်ဦးအပါအဝင် ဒေသခံပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံးပြည်သူနှစ်ဦး၏ အသေးစိတ်အချက်အလက်များအား မသိရသေးပေ။

Public Service Announcement

Public Service Announcement

နိုဝင်ဘာလ ၃ ရက်ကလည်း မတ္တရာမြို့နယ်၊ ကိုးပင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အသက်(၇၀)ဝန်းကျင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သေးသည်။

အာဏာသိမ်းစစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာများအား လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်နေကြောင်း ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့ သတင်းတာဝန်ခံက ပြောသည်။

“မတ္တရာမြို့ပေါ်ကနေ လေးဘက်လေးလံပစ်တာ။ အနောက်ဘက်တို့တောင်ဘက်တို့ မြောက်ဘက်တို့ ဦးစားပေးပစ်တယ်။”ဟု ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့ သတင်းတာဝန်ခံက ပြောသည်။

ထို့ကြောင့်ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်ဝေးရာတွင်နေထိုင်ကြရန်နှင့် လက်နက်ကြီးသံများကိုနားစွင့်ရှောင်ရှားကြရန် ကာကွယ်ရေးအဖွဲ့များက နှိုးဆော်ထားသည်။

မတ္တရာမြို့ပေါ်မှ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် လူနေကျေးရွာများအား ပစ်ခတ်တိုက်ခိုက်နေရာ အောက်တိုဘာ ၂၇ ရက်က စကျင်ကျေးရွာမှ အမျိုးသမီးတစ်ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အောက်တိုဘာ၃၁ရက်ကလည်း လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ရာ အလည်ကျေးရွာနေ ပြည်သူနှစ်ဦး ထိခိုက်ပြီး အောက်ကင်းရွာနေ အမျိုးသမီး၁ ဦးသေဆုံးခဲ့သည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်နေရာ အောက်တိုဘာ ၂၁ ရက်က မတ္တရာမြို့နယ်အနောက်​ခြမ်းတွင် စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် တစ်နှစ်ခွဲခန့် ကလေးငယ်တစ်ဦးနှင့် ကလေးမိခင်တို့ သေဆုံးခဲ့သေးသည်။

မတ္တရာမြို့နယ်ရှိ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ၊ အကာကွယ်ရှိသော နေရာများတွင် နေထိုင်ကြရန်၊ လေယာဥ်များ ပျံသန်း ဝဲနေလျှင် အကာကွယ်ရှိနေရာများတွင် နေပေးကြပါရန်နှင့် တနေရာနှင့် တနေရာ ကူးသန်း ပြေးလွှားချင်းများ မပြုလုပ်ကြပါရန် ကာကွယ်ရေးအဖွဲ့များက မေတ္တာ ရပ်ခံထားသည်။

မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သိမ်းယူထားသော တပ်စခန်းများကို ပြန်လည်ရရှိရန် စစ်ကောင်စီက လက်နက်ကြီး နှင့်လေကြောင်းတိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းများကိုပါ အသုံးပြု၍ တန်ပြန်ထိုးစစ်ဆင်နေကြောင်း၊ သို့သော် တိုက်ပွဲများတွင် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီအလောင်းများ သိမ်းဆည်းရမိခဲ့ပြီး သိမ်းထားသော စခန်းများအား အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်း အောက်တိုဘာ တတိယပတ်အတွင်း၌ မန္တလေး PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်ဝေးရာတွင်နေထိုင်ကြရန်နှင့် လက်နက်ကြီးသံများကိုနားစွင့်ရှောင်ရှားကြရန် ကာကွယ်ရေးအဖွဲ့များက နှိုးဆော်ထားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အထိနာနေသည့် စစ်ကောင်စီတပ်က ကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်၍ ပြည်သူတစ်ဦး ဒဏ်ရာရကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကျောက်ကြီးတွင်လည်း စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးငယ်အပါဝင် ပြည်သူများထိခိုက်မှုရှိ

Trending

Facebook