သြဂုတ်-၅၊၂၀၂၅။ထားမြတ်၊ရဲခေါင်/Peoples Spring
တနင်္သာရီတိုင်း၊ကလိန်အောင်မြို့ အရှေ့ခြမ်း မြန်မာ-ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင်တပ်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ(၃၃)က ယနေ့(ဩဂုတ်၅ရက်) ထုတ်ပြန်သည်။
သြဂုတ် ၄ရက် နေ့လယ် ၁နာရီ၁၅မိနစ်ခန့်က နတ်အိမ်တောင်စခန်း စစ်ကူလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်နှင့် ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့မှ ကာကင်းယူထားသောတပ်ဖွဲ့ဝင်များနှင့် ကော့လှိုင်ကျေးရွာအနီးတွင် ထိတွေ့မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
၄၅ မိနစ်ခန့်ကြာ ထိတွေ့မှုဖြစ်ပွားစဥ် စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ သောကြောင့် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း အသိပေးသည်။

Public Service Announcement
တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်ထံမှ ခမရ (၄၀၉)တပ်ရင်းနံပါတ်ပါ MA 4 တစ်လက်၊ ၆၀မမဗုံးသီး လေးလုံး၊ အီနာဂါဗုံးသီး နှစ်လုံး၊ ကျည်ဘောက် ခုနစ်ခုနှင့် ကျည် ၁၀၀ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း နည်းဗျူဟာ(၃၃)က ဖော်ပြသည်။
ထို့အပြင် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိိခဲ့ပြီး ဆုံးရှုံးထိခိုက်မှုမရှိိခဲ့ကြောင်း သိရသည်။
ထိတွေ့မှုဖြစ်စဥ်တွင် KNLAတပ်ရင်း ( ၂၇ )တပ်ဖွဲ့၊ ကော်သူလေးအာမီ( KTLA )တပ်ဖွဲ့၊ နည်းဗျူဟာ ( ၃၃) စစ်ဆင်ရေးတပ်ဖွဲဲ့၊ ဒေါနတပ်ရင်း -၂ (YGF) တပ်ဖွဲ့၊ ဒေါနတပ်ရင်း-၃ (KBDF)တပ်ဖွဲ့၊ ရာမညတပ်တော်(NMSP/ AD၊RMA)တပ်ဖွဲ့နှင့် မွန်ပြည်တော် လှန်ရေးတပ်(MSRF)တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
” စစ်ကူစစ်ကြောင်းတွေထပ်ရောက်လာတော့ တိုက်ပွဲအရှိန်ပိုမြင့်လာဖို့ရှိတယ်”ဟု နတ်အိမ်တောင်စခန်း၏ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ ဗျူဟာ(၃၃)စစ်ဆင်ရေးမှူး စောဒါးကိုက လူထုနွေဦးသို့ ပြောသည်။
ဇူလိုင်လ ဒုတိယပတ်ကလည်း နတ်အိမ်တောင်စခန်းသို့စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲလေး ကြိမ်ဖြစ်ပွားခဲ့ကာ ဗိုလ်မှူးအောင်ဘိုဟိန်းအပါအဝင် စစ်ကောင်စီတပ်သား လေးဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ငယ် (၉) လက် ၊ RPG (၁)လက် ၊ ၆၀ မမ (၁)လက်နှင့် ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။
နတ်အိမ်တောင်နယ်စပ်စခန်းသို့ စစ်ကြောင်းထိုးလာသော တပ်ရင်းများအနက် စစ်ကောင်စီကမ်းရိုးတန်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ -၂၈၂၊ခလရ – ၂၇၃၊ခမရ- ၄၀၈၊ခမရ- ၄၀၉၊ ခမရ -၄၁၀ တပ်ရင်းတို့ ပါဝင်သည်။
နတ်အိမ်တောင်စခန်းသည် ထီးခီးဒေသ အရှေ့မြောက်ဘက်ခြမ်း၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်းဖြစ်သည်ဟု ကရင်သတင်းရင်းမြစ်က အသိပေးသည်။
KNUတပ်မဟာ(၄)ပူးပေါင်းတပ်သည် ထီးခီး၊ ထီးထ၊ ဘောဒီ၊ငါးရံ့နီ၊သုခ စစ်ကောင်စီနယ်စပ်စခန်းများကို ယခုနှစ်အတွင်း သိမ်းပိုက်ထားပြီး ကျန်နေသည့် တပ်စခန်းများ တိုက်ခိုက်သွားရန်ရှိဟု ကရင်သတင်းရင်းမြစ်က ပြောသည်။
