ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီးစစ်ကောင်စီဘာတွေကြံစည်ထားသလဲဆိုတာကို မလေးရှားက အသေးစိတ် ဆန်းစစ်သွားမယ်လို့ ဆိုပါတယ်။
မလေးရှား အစိုးရပိုင် မီဒီယာရဲ့ ဩဂုတ် ၈ ရက်နေ့ ဖော်ပြချက်မှာတော့ နောက်လထဲမှာ မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်ရဲ့ ခရီးစဉ်အတွင်း စစ်အာဏာပိုင်တွေ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအကြောင်း သေသေချာချာ ထဲထဲဝင်ဝင် ဆန်းစစ် မေးမြန်းသွားမယ်လို့ ဖော်ပြထားပါတယ်။
မလေးရှားဟာအရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သလို စစ်တပ် အာဏာသိမ်းမှုကြောင့် ပြည်တွင်းရေး အကျပ်အတည်းတွေ အကြီးအကျယ် ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြားဝင်ညှိနှိုင်းမှုတွေလုပ်ဆောင်ပေးနေပါတယ်။

Public Service Announcement
ဇူလိုင်လကုန်မှာတော့ စစ်ကောင်စီဟာအာဏာသိမ်းမှုအပြီး အရေးပေါ် အခြေအနေ ကြေညာမှုကို ရုပ်သိမ်းခဲ့တဲ့နောက် အာဏာသိမ်းစစ်ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်ကယာယီသမ္မတဖြစ်တဲ့ သူ့ကိုယ်သူအာဏာလွှဲပြောင်းပေးပြီးနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ အတည်ပြုခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေ၊အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတွေကတော့ အဲဒီ ရွေးကောက်ပွဲဟာ စစ်ကောင်စီ တစ်ဖက်သတ် ခြယ်လှယ်မယ့် အတုအယောင် တစ်ခုသာ ဖြစ်တယ်လို့ တပ်အပ် စွပ်စွဲထားပါတယ်။ အထူးသဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လိုမျိုးဒီမိုကရေစီ အင်အားစုတွေကို ထောင်သွင်းအကျဉ်းချပြီး ကျင်းပမယ့် ရွေးကောက်ပွဲမျိုးဟာဘယ်လိုမှ စစ်မှန်နိုင်စရာ မရှိဘူးလို့ နိုင်ငံရေး သုတေသီတွေက ထောက်ပြထားပါတယ်။
ဟာဆန်ကတော့ သူဟာ မြန်မာနိုင်ငံမှာ စီစဉ်ထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တိကျ ပြတ်သားတဲ့ အခြေအနေမှန်တွေကို ဆန်းစစ်ပြီး အောက်တိုဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံ ခေါင်းဆောင်တွေဆီ ရှင်းလင်းပြလိုတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်မှာ သူနဲ့အတူ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတွေလည်း လိုက်ပါမယ်လို့ ဟာဆန်က ပြောပါတယ်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မြန်မာနိုင်ငံကို စက်တင်ဘာ ၁၉ ရက်နေ့မှာ လာရောက်ဖို့ စီစဉ်ထားပါတယ်။
မြန်မာဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်ပေမယ့်လည်း အာဏာသိမ်း စစ်တပ်ဟာ မြန်မာ့ အကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အာဆီယံ အဆိုပြုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာ့ကိုယ်စားလှယ် တက်ရောက်ခွင့်ကို ပိတ်ပင်ဖို့ အာဆီယံက ဆုံးဖြတ်ထားပါတယ်။
ကိုးကား-Bangkok Post
