သြဂုတ်-၁၇၊ ၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီး ဒေသရှိဆေးရုံနှင့်မူကြိုကျောင်းအားစစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား သေဆုံး၊ထိခိုက်မှုများကြောင်း သတင်းရရှိသည်။
ယနေ့(သြဂုတ် ၁၇ရက်) နံနက် ၈နာရီခန့်တွင် မော်ချီးဒေသ လိုခါးလိုကျေးရွာရှိ ပြည်သူ့ဆေးရုံနှင့် နေ့လယ်ပိုင်းတွင် (၁၆)ကုန်းရပ်ကွက် မူကြိုစာသင်ကျောင်းနှင့် စားသောက်ဆိုင်တို့ကို ပစ်မှတ်ထား၍ စစ်တပ်ကဗုံးကြဲခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

“အထိအခိုက်များတယ်။အတိအကျ ဦးရေမသိရသေးဘူး။သေဆုံးတာလည်း ရှိတယ်။ ကလေးငယ်တွေပါတယ်လို့ ကြားတယ်”ဟု ကရင်နီစစ်ရှောင်အရေး ကူညီနေသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

Public Service Announcement
မည်သည့်တိုက်ပွဲမှမရှိဘဲ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုခံနေရကြောင်း မော်ချီးဒေသခံတစ်ဦးက အသိပေးသည်။
“ဒီနေ့က တနင်္ဂနွေနေ့ဖြစ်တော့ အလုပ်တွေနားပြီး ဘုရားကျောင်းသွားကြ၊ အိမ်မှာနားကြတဲ့သူတွေများတယ်။အခုလာကြဲသွားတဲ့နေရာက လူနေအိမ်စိပ်ပြီး ဈေးဆိုင်တွေများတဲ့နေရာ။အထိအခိုက် များနိုင်တဲ့နေရာမျိုးဗျာ။တမင်ကိုပဲ ပြည်သူတွေ မသေသေအောင် မထိထိအောင် ရက်စက်နေတာပါ။ မော်ချီးမှာ ဘာတိုက်ပွဲမှ မရှိဘူး။ ခဲလုပ်သားနဲ့ ဒေသခံပြည်သူကျေးရွာသားတွေ ၊ရပ်ဝေးက စီးပွား
ရေးလာလုပ်ကြတဲ့ ပြည်သူတွေအများစုနေထိုင်နေတဲ့ ဒေသလေးဗျ”ဟု ၎င်းက ပြောသည်။
သေဆုံးသူနှင့် ထိခိုက်သူ ၁၀ဦးထက်မနည်းရှိကြောင်း ကနဦးသိရပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီထံ လူထုနွေဦးက ဆက်သွယ်နေဆဲ ဖြစ်သည်။ ဒေသခံအချို့က သေဆုံးသူများတွင်ကလေးငယ်များလည်းပါဝင်ပြီး ၁၇ ဦးထက်မနည်းသေဆုံးကြောင်းပြောသည်။
ဒေသခံများကတင်ထားသော အပျက်အစီးများကြားရုပ်အလောင်းများရှာဖွေနေသည့်ရုပ်သံမှတ်တမ်းအချို့တွင်သေဆုံးသူများ၏ရုပ်အလောင်းများကို ဒေသခံများက ရှာဖွေသယ်ယူနေသည်ကိုလည်းတွေ့ရသည်။
ထို့အပြင် စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ထားရသည့် မော်ချီးဒေသရှိ ပြည်သူများအား မကြာခဏ ဗုံးကြဲသတ်ဖြတ်ခြင်း ၊ ထိတ်လန့်အောင် ဆောင်ရွက်နေခြင်းသည် ၎င်းတို့ထိန်းချုပ်ရာ ဒေသဆီသို့ ရွှေ့ပြောင်းစေရန် ရည်ရွယ်ချက်မျိုးတွေ့ရကြောင်းကရင်နီစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
“ဖားဆောင်း တိုက်ပွဲကြောင့် အနောက်က ပြည်သူတွေ၊စစ်ရှောင်တွေကို မဆီမဆိုင် ဗုံးကြဲနေသလို သူတို့ရဲ့ ရွေးကောက်ပွဲကြောင့် ပြည်သူတွေကို မြို့ထဲရွေ့လာစေချင်နေတဲ့သဘောကို တွေ့ရတယ်”ဟု ၎င်းက ပြောသည်။
ယခုနှစ် မတ်လကစ၍ စစ်ကောင်စီသည် မော်ချီးဒေသကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ခုနစ်ကြိမ်ထက်မနည်းပြုလုပ်ခဲ့ရာ သေဆုံးသည့် အရပ်သားပြည်သူ ၃၀ ဝန်းကျင်ရှိကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီသည်ဩဂုတ် ၁၇ရက်မနက်တွင် မိုးကုတ်မြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး အပါအဝင် ၃ဦး သေဆုံးခဲ့ကြောင်းတအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။
