ဩဂုတ်-၁၈၊၂၀၂၅။ထားမြတ်/People’s Spring
ပအိုဝ်းဒေသဆီဆိုင်မြိုနယ်နောင်ဗိုကျေးရွာကိုစစ်ကောင်စီလက်အောက်ခံ PNO/PNA ပြည်သူ့စစ်က မီးရှို့ခဲ့၍ အိမ်ခြေ ၂၀ထက်မနည်း မီးလောင် ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူခွန်ရိန်းယံက ပြောသည်။
နောင်ဗိုလ်ရွာကို PNO/PNA ပြည်သူ့စစ်က မီးရှို့ခဲ၍ နေအိမ်များမီးလောင်နေသည့် အခြေ အနေကို PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းဖြင့် ရိုက်ကူးထားသည့် ရုပ်သံကို PNLAက သြဂုတ် ၁၈ ရက်တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီကနောင်ဗိုရွာကို ဩဂုတ် ၉ရက်မှ စတင်မီးရှို့နေခြင်းဖြစ်သည်။
“အဲဒီမှတ်တမ်းဗီဒီယိုကတော့ ကျနော်တို့ ဒရုန်းနဲ့ ရိုက်ယူနိုင်ခဲ့တာ ၃ရက်ရှိပြီ။နောင်ဗိုလ်ကျေးရွာမှာ မီးရှို့ခံရတဲ့ နေအိမ်က ကျနော်တို့ ရယူခဲ့တဲ့ မှတ်တမ်းအရဆိုရင် ၂၀ထက်မနည်းတော့ဘူး”ဟု PNLA ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

Public Service Announcement
“တချို့က စစ်ဘေးရှောင်ပြည်သူတွေနေတဲ့အိမ်။ ပြည်သူတွေက ပြန်လို့မရသေးဘူး။ ပြန်လို့မရသေးဘူးဆိုတာ သူတို့ မောင်းထုတ်ထားတာ။ သူတို့ အရင်က စာပို့ပြီးမှ မောင်းထုတ်ထားတဲ့ရွာဖြစ်တယ်” ဟု ခွန်ရိန်းယံက ပြောသည်။
စစ်ကောင်စီနှင့် PNO/PNA ပြည်သူ့စစ်သည် ဆီဆိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးလာ၍ PNLAနှင့် တိုက်ပွဲများ တပတ်ကြာဖြစ်ပွားခဲ့သည်။ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ PNLA ဘက်က ဆုတ်ခွာပေးရခြင်းဖြစ်ကြောင်း၊ ထို့နောက်စစ်ကောင်စီနှင့် PNO/PNA ပြည်သူ့စစ်က ပအိုဝ်းကျေးရွာများကိုဆက်တိုက်မီးရှို့နေကြောင်း PNLA ဘက်က အသိပေးထားသည်။
“PNO ပြည်သူ့စစ် အနေနဲ့ ပအိုဝ်းလူမျိုးကို ကိုယ်စားမပြုဘူးဆိုပေမယ့် အဲဒီမှာ ရှိနေတာက ပအိုဝ်းလူမျိုးက အများစုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပအိုဝ်းလူမျိုးတွေ အနေနဲ့ သေချာစဉ်းစားဖို့ လိုပါတယ်။ကိုယ့်လူမျိုး ကိုယ်ဒေသ ကိုယ်ရွာကို ခရိုနီ နေဝင်းထွန်းရဲ့ အကျိုး၊ စစ်ကော်မရှင်ရဲ့အကျိုး အာဏာရှင်ရဲ့အကျိုးအတွက် ပြန်ပြီးမီးရှို့နေရတယ် ပြန်ပြီးတော့ တိုက်ခိုက်ဖျက်ဆီးနေရတယ်ဆိုတာ ဘယ်လိုမျိုး စိတ်ဓာတ်နဲ့ လုပ်ရပ်ကြသလဲဆိုတာ သေချာပြန်စဉ်းစားကြဖို့လိုပါတယ်” ဟု PNLA ပြောရေးဆိုခွင်ံရှိသူ ခွန်ရိန်းယံက ပြောသည်။
ပြည်သူကို ရန်သူအဖြစ် သတ်မှတ်တိုက်ခိုက်နေသည့်လုပ်ရပ်သည် များစွာ အောက်တန်းကျသည့် လုပ်ရပ်ဖြစ်၍ သေချာစွာ စဥ်းစားရန်လိုအပ်ကြောင်းလည်း ၎င်းကတိုက်တွန်းသည်။
PNO/PNAပြည်သူ့စစ်ကို ခရိုနီနေဝင်းထွန်းဦးဆောင်နေခြင်းဖြစ်ကြောင်း ခွန်ရိန်းယံကဆက် ပြောသည်။
နောင်ထော်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ်နှင့် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNO/PNAပြည်သူ့စစ်တပ်ဖွဲသည် ဩဂုတ် ၁၈ရက်နေ့ အချိန်ထိ နောင်ထော် ၊ နောင်ဗို၊ တပူးထိုကျေးရွာများကို မီးရှိနေလျက်ရှိကြောင်းလည်း PNLAက သတင်းထုတ်ပြန်ခဲ့သည်။
