ဩဂုတ်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring
ကော်သူးလေအာမီ(KTLA) ခေါင်းဆောင်ဗိုလ်နယ်ဒါးမြကတနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ကလိန်အောင်-နတ်အိမ်တောင် လမ်းကြောင်းရှိ မြန်မာ-ထိုင်းဓာတ်ငွေ့ပိုင်းလိုင်း ဖြတ်သန်းရာ ကီလိုမီတာ ၄၀ ခန့်ကို သိမ်းပိုက်ထိန်းချုပ်ထားကြောင်း ထိုင်းသတင်းဌာနကို ဖြေကြားထားသော်လည်း မြေပြင် တွင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ရှိနေပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိဟု KNLA တပ်မဟာ(၄) သတင်းရင်းမြစ်ကပြောသည်။
“နတ်အိမ်တောင် ဂတ်စ်ပိုက်လိုင်းအဲဒီတကြောမှာကြတော့တပ်မဟာ(၆)ကနေပြီးတော့ တပ်ရင်း (၂၇)တပ်ရင်းရယ်၊ တပ်ရင်း၁၀ရယ်၊တပ်ရင်း(၁၂)ရယ် ပူးပေါင်းပြီးထိုးစစ်ဆင်တဲ့စကစတပ်တွေကို ပိတ်ဆို့ပြီးလုပ်တာပေါ့။ ထိုင်းသတင်းမှာကျတော့ KTLAက ထိန်းချုပ်ထားတဲ့အကြောင်းကတော့ ဗိုလ်နယ်ဒါးမြက ထိုင်းသတင်းဌာန တခုမှာ ပြောခဲ့တဲ့ဟာ။ KTLAက ထိန်းချုပ်တယ်ဆိုပြီးဗိုလ်နယ်ဒါးမြကပြောတယ်ပေါ့။ဒီဂတ်စ်ပိုက်လိုင်းကလိန်အောင်နဲ့ နတ်အိမ်တောင်စခန်းတောက်လျှောက် ဂတ်စ်ပိုက်လိုင်းတလျှောက်လုံး KTLAက ထိန်းချုပ်တယ်လို့ ဗိုလ်နယ်ဒါးမြကပြောတာပေါ့” ဟု တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။
သို့သော်မြေပြင်၌ KTLA ထိန်းချုပ်ခြင်းမရှိဘဲ တပ်မဟာ(၆) တပ်ရင်း(၂၇)နှင့် တပ်မဟာ(၄) တပ်ရင်း(၁၀)၊ တပ်ရင်း(၁၂) ပူးပေါင်းထားသည့် ဗျူဟာအမှတ်(၂) နှင့် မွန်-ထားဝယ်ဒေသခံ PDF များ ပူးပေါင်းထိန်းချုပ်ထားသည့် ပုံစံဖြစ်သည်ဟုအထက်ပါသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement
အဆိုပါဒေသ၌နတ်အိမ်တောင်စစ်စခန်း နှင့်လက်နက်ကြီးစခန်းကုန်း ၂ခု ကျန်နေပြီး ယင်းစခန်း ၂ခုလုံးကိုထိုးစစ်ဆင်ရန် တော်လှန်ရေးပူးပေါင်းတပ်က ပြင်ဆင်နေသကဲ့သို့စစ်ကောင်စီကလည်း ယင်းဒေသသို့ အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည်ဟုသိရသည်။
“အဲဒါကြောင့် စစ်ကြောင်းတွေထိုးတယ်။ ကလိန်အောင်ကနေတပ်ရင်း ၅ရင်း ၆ရင်း ပူးပေါင်းပြီးတော့ စစ်ကြောင်းထိုးတဲ့အတွက် တိုက်ပွဲ တော့ ဆက်လက်ဖြစ်ပွားနေတာပေါ့”ဟုတပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။
အဆိုပါစစ်တပ်စစ်ကြောင်းများကို KNLAနှင့် မွန်၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်လျက်ရှိသည်ဟု ၎င်းကဆက်ပြောသည်။
KTLA ခေါင်းဆောင်၏ ပြောဆိုချက်၊ လက်ရှိ မြေပြင် အခြေအနေများနှင့်ပတ်သက်၍ KNLA တပ်ရင်း(၂၇) တပ်ရင်းမှူး စောမူးဂေထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။ ကရင်သတင်းဌာန KICကလည်း KNLA တပ်ရင်း(၂၇) တပ်ရင်းမှူး ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းဖော်ပြထားရာ ထိုင်း-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ KTLA ခေါင်းဆောင်ပြောဆိုချက် လက်တွေ့နှင့်ကွဲလွဲနေဟု ဖော်ပြထားသည်။
ထိုင်းအစိုးရပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ကုန်သွယ်ရေးလုပ်ငန်း-PTTEPကုမ္ပဏီမှ လုပ်ကိုင်နေသည့် မြန်မာမှထိုင်းအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ကီလိုမီတာ ၄၀ ကို ကော်သူးလေအာမီ (KTLA) က ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်းစောနယ်ဒါးမြ၏ ပြောဆိုချက်ကို ဘန်ကောက်ပိုစ် သတင်းစာကဩဂုတ်လ ၉ ရက်နေ့တွင်ဖော်ပြခဲ့သည်။
ယင်းအပေါ် တပ်မဟာ (၆) KNLA၊ တပ်ရင်း ၂၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောမူးဂေက မြေပြင်အနေအထားနှင့် ကိုက်ညီမှုမရှိကြောင်း၊ လုပ်စရာရှိသည်များကို လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ဟု KICက ဖော်ပြသည်။
KTLA ခေါင်းဆောင် ဗိုလ်နယ်ဒါးမြသည် ယခင်က ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)စစ်ဦးစီးချုပ်ဖြစ်သော်လည်း ဝေါ်လေဒေသ၌ အရပ်သားများ သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ KNU၏ စုံစမ်းစစ်ဆေးမှု မခံယူဘဲ KTLAကို ဖွဲ့စည်းခဲ့၍ ၂၀၂၂ နှစ်လယ်ပိုင်းတွင် KNU အဖွဲ့က ထုတ်ပယ်ခဲ့သည်။ ၎င်းသည် KNU ဥက္ကဌဟောင်း စောဘိုမြ၏သားဖြစ်သည်။
KTLA တပ်အချို့သည် မြိတ်-ထားဝယ်ခရိုင်အတွင်း KNLA တပ်မဟာ(၄)ကို တိုက်ခိုက်မှုများ လုပ်ခဲ့၍ KNLA အရာရှိ အချို့နှင့်ရဲဘော်အချို့ကျဆုံးကာအချို့ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်များရှိခဲ့သည်။
