ထိုင်းကုန်စည်တွေ တင်သွင်းခွင့်ကို မြန်မာဖက်က ရုတ်တရက် ပိတ်ချလိုက်ခြင်းကြောင့် ထိုင်းအတွက် ဘတ်ငွေ ဘီလီယံနဲ့ချီ ထိခိုက် နစ်နာစေကြောင်း သိရပါတယ်။
နေပြည်တော်က တိုက်ရိုက် ညွှန်ကြားချက်အရ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီ-မဲဆောက်ဂိတ်ကနေ ထိုင်းကုန်စည်တွေ ဝင်ရောက်မှုကို အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ နယ်စပ် ကုန်သွယ်ရေး တာဝန်ရှိသူတွေက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဩဂုတ် ၁၈ ရက်နေ့မှာတော့ ကုန်ကားကြီးတွေပေါ် ထိုင်းကုန်စည်တွေ တင်ဆောင်ဖြတ်သန်းတာကို မြဝတီရဲ့ ချစ်ကြည်ရေး တံတား အမှတ် ၂ မှာ လုံးဝ ပိတ်လိုက်ပြီး အသေးစိတ် အချက်အလက်တွေကိုလည်း မဲဆောက်မှာရှိတဲ့ ထိုင်းအကောက်ခွန် အရာရှိတွေဆီ အကြောင်းကြား အသိပေးတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒီလို အပြောင်းအလဲမျိုးကြောင့် ထိုင်းရဲ့ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍမှာ ဘတ်ငွေ ၁၃၀ ဘီလီယံလောက်ထိ ဆုံးရှုံးနစ်နာမှုတွေ ကြုံလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Public Service Announcement
အခုလို ထိုင်းကုန်စည်တွေ ဝင်ရောက်ခွင့်ကို ပိတ်ထားလိုက်တာဟာ နယ်စပ်ကုန်သွယ်ရေးရဲ့ အကျိုးအမြတ်တွေကို နေပြည်တော်မှာ ရှိနေတဲ့ စစ်ကောင်စီဆီ တိုက်ရိုက် စီးဝင်စေဖို့ အားထုတ်မှု တစ်ခုလို့ ယုံကြည်ရပါတယ်။ ပုံမှန်အားဖြင့်တော့ မြဝတီ နယ်စပ်ကုန်သွယ်ရေးရဲ့ အကျိုးအမြတ် အများအပြားကို စစ်ကောင်စီ မဟာမိတ် ကရင် နယ်ခြားစောင့်တပ် (BGF) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ တချို့က ခွဲဝေ ရယူထားကြပါတယ်။
ဒါပေမဲ့ အခုအခါမှာတော့ စစ်ကောင်စီဟာ ဘဏ္ဍာရေး တောင့်တင်းမှုကို ချဲ့ထွင်ဖို့ အားထုတ်လာနေပြီး အဲဒီ ရည်မှန်းချက် အစိတ်အပိုင်း တစ်ခုအဖြစ် မြဝတီ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍကို တင်းကျပ်လာတာလို့ ယုံကြည်ရပါတယ်။
ချစ်ကြည်ရေး တံတား အမှတ် ၂ ကို စစ်ကောင်စီက ပိတ်ထားလိုက်ပေမယ့် ချစ်ကြည်ရေးတံတား အမှတ် ၁ မှာတော့ နယ်စပ်ဖြတ်ကျော် သွားလာမှုတွေနဲ့ နယ်စပ်အနီးတဝိုက် အသေးစား ကုန်သွယ်မှုတွေ ဆက်ပြီး ရှိနေဆဲပါ။ အမှတ် ၂ တံတားဟာ နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်မှုတွေကို အလုံးအရင်း ဖြတ်သန်းလေ့ရှိတဲ့ နယ်စပ်ဂိတ်ဖြစ်ပြီး စစ်ကောင်စီက အခုလို ပိတ်ထားခြင်းက နယ်စပ် ကုန်သွယ်ရေး ကဏ္ဍမှာ အကြီးအကျယ် ဂယက်ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့ပါတယ်။
ထိုင်းဖက်မှာတော့ မဲဆောက်မြို့ရှိရာ တက်ခ်ခရိုင် စီးပွားရေး အစုအဖွဲ့ဟာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေမှု နောက်ဆက်တွဲ အကျိုးဆက်တွေကို ဆန်းစစ်ဖို့ ဩဂုတ် ၁၈ ရက်နေ့မှာ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ထိုင်းကုန်စည်တွေကို တရားမဝင် လမ်းကြောင်းတွေကနေ တင်သွင်းမှုကိုလည်း ဖမ်းဆီး ဖြိုခွင်းမှုတွေ အရှိန်မြှင့်နေပါတယ်။ နယ်စပ်ကုန်သွယ်ရေးကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ပိတ်ထားတဲ့ အခြေအနေတွေကြောင့် နှစ်နိုင်ငံစလုံးရဲ့ စီးပွားရေး ကဏ္ဍကိုလည်း ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ကြောင်း ထိုင်းဖက်က ထောက်ပြ သတိပေးထားပါတယ်။
ကိုးကား: The Nation
