ဩဂုတ်၁၈၊၂၀၂၅။လူအေး/People’s Spring
ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နန်းမားမြို့တွင်ယနေ့ ဩဂုတ် ၁၈ရက်က စစ်ကောင်စီလက်အောက်ခံ ရဲနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းဒေသခံများကပြောပြီး ဒေသတွင်း၌ တိုက်ပွဲဖြစ်နေ၍ ညပိုင်းတွင် စစ်ကောင်စီက မိုးညှင်း-နန်းမားလမ်းပိုင်းအား ပိတ်လိုက်ကြောင်း သတင်းရရှိသည်။
နန်းမားရဲစခန်းမှ ရဲနှစ်ဦးသည် မြို့အဝင်တနေရာ၌ ယနေ့ နံနက် ၈နာရီတွင် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“နှစ်ယောက်စလုံးသေသွားတယ်လို့ကြားတယ်။ သူတို့တွေက နန်းမားရဲစခန်းက။အပစ်ခံရတာကလည်း နန်းမားအပိုင်ထဲမှာဖြစ်တာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
အဆိုပါရဲနှစ်ဦးနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေကိုမသိရှိရသေးပေ။
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှမမုံကိုင်နှင့်မိုင်းနောင်ကျေးရွာတို့တွင် သြဂုတ်၁၆ရက်ကစ၍ တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် SNAပြည်သူ့စစ်ပူးပေါင်းစခန်းအချို့ကိုကချင်လွတ်လပ်ရေးတပ်မ တော်(KIA)ပူးပေါင်းတပ်က သိမ်းယူခဲ့သည်။
ယနေ့ည ၈နာရီကျော်မှစတင်ပြီး စစ်ကောင်စီတပ်က နန်းမားမြို့မှနေ၍ လက်နက်ကြီးများပစ်ခတ်နေပြီး မိုးညှင်း-နန်းမားလမ်းပိုင်းကို ပိတ်လိုက်သည်။ မိုးညှင်းမြို့နှင့် နန်းမားမြို့သည် ၈မိုင်ကျော်သာဝေးသည်။
” လက်နက်ကြီးသံတွေ ကျယ်တယ်။နန်းမားကနေ ပစ်နေတာ။ လမ်းလည်းပိတ်လိုက်တယ်ဆိုတော့ ဘာသတင်းရတယ်မသိဘူး။ တိုက်ပွဲက ဆက်မယ်ထင်ရတယ်”ဟု မိုးညှင်းမြို့တစ်ဦးက ပြောသည်။
ဒေသတွင်း၌ စစ်ရေးတင်းမာနေစဉ် SNAတပ်သည် ဒေသခံလူငယ်များအား အတင်းအဓမ္မဖမ်းဆီးပြီး စစ်သားစုဆောင်းနေကြောင်း ဒေသခံများက ပြောသည်။
