သြဂုတ်-၂၄၊၂၀၂၅။တာရာ /People’s Spring
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ဒေါငံခါးလမ်းခွဲတိုက်ပွဲအတွင်းမှာ ရဲဘော်လေးဦးကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (Deemawso Local PDF)၊ တပ်ရင်း (၂)က မနေ့က ဩဂုတ် ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။
(၂၁)နှစ်အရွယ်တွေဖြစ်တဲ့ တပ်စုမှူး ခွန်းအောင်သက်၊ တပ်စုမှူး စောနီကဲထူး (ခ) ခွားစီ၊တပ်စိပ်မူး ခွန်းတီးယာနဲ့ (၂၃)နှစ်အရွယ် တပ်သားအောင်လင်းဦးတို့ဟာ သြဂုတ် ၁၈ ရက်က ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
“ရန်သူကျားထိုးတက်တာကို ခံကတုတ်ပစ်ကျင်းထဲကနေ မထွက်ပဲ ရဲဝံ့စွာနဲ့ ကျန်ရဲဘော်တွေ လွတ် မြောက်ဖို့အတွက် လှံစွပ်ထိုးစည်းမျဉ်းအထိ ခုခံကာပစ်ပေးခဲ့ကြတဲ့ ကျနော်တို့ရဲဘော် လေးဦးဟာ အဆုံးမှာ ရန်သူ့လက်ထဲကျရောက်သွားပြီး သုတ် သင်ရှင်းလင်းခံလိုက်ရတာပါ”လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒီးမော့ဆိုမြို့ပေါ်ကို စစ်ကောင်စီက အင်အား ၃၀၀ကျော်နဲ့ လေယာဥ်၊လက်နက်ကြီး၊ဒရုန်း ၊တင့်ကား တွေနဲ့ ဘက်ပေါင်းစုံက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့အနောက်ခြမ်းက တော်လှန်ရေးအင်အားစုတွေရဲ့ ကာကင်းစခန်းတွေထဲက ပြည်အောင်ရတနာ၊ တိုက်ပြာ၊ စသုံးလုံးရုံးတွေကို လက်လွတ်ထားရတယ်လို့ သိရပါတယ်။
“တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတုန်းပါပဲ။အင်အားချင်းမမျှလို့ ယာယီဆုတ်ခွာပေးရတာတော့ စစ်ပွဲရဲ့သဘောသဘာဝပါပဲ။ ပြင်းထန်တဲ့ရန်သူ့ထိုးစစ်ကို ပြင်း ထန်စွာနဲ့ အကောင်းဆုံးတုံ့ပြန် ခုခံနိုင်ခဲ့တဲ့အတွက် ရဲဘော်တို့အားလုံးတာဝန်ကျေခဲ့ကြပါတယ်”လို့ ဒီးမော့ဆို PDF တာဝန်ရှိသူက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်ဟာ ကရင်နီပြည်ရဲ့ စီးပွားရေးအချက်အချာမြို့ဖြစ်ပြီး လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီးနဲ့ ဒီးမော့ဆို-နန်းမယ်ခုံ-မိုးဗြဲလမ်းမကြီး နှစ်ခုနဲ့ရှမ်းတောင်ဘက်ကို ချိတ်ဆက်ထားပါတယ်။
ဒီးမော့ဆို-နန်းမယ်ခုံ-မိုးဗြဲလမ်းဟာလွိုင်ကော်မြို့အတွက် ကာကင်းပုံစံရှိပြီး ဒီနှစ်ကုန်မှာလုပ်မယ့် ရွေးကောက်ပွဲအတွက် လုံခြုံစိတ်ချမယ့်အနေအထားဖြစ်အောင် စစ်ကောင်စီကပြန်ထိန်းချုပ်ဖို့ ကြိုတင်ပြင်ဆင်လိုတဲ့ သဘောလည်းသက်ရောက်တယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တဦးက သုံးသပ်ပါတယ်။
ဒါ့အပြင် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို ပြည် ထောင်စု လမ်းပိုင်းကို စစ်ကောင်စီက ပြန်ထိန်းချုပ်ပြီး မြေပြင်ချိတ်ဆက်မှုပြတ်တောက်နေတဲ့ မြို့စောင့်တပ်ရင်းတွေကို ပြန်ဆက်ချင်နေတာလို့လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ပြောထားပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့မြိုစောင့်တပ် ရင်းနှစ်ခုဖြစ်တဲ့ ခလရ (၁၀၂)နဲ့ ခမရ(၄၂၇)တပ်ရင်းကလွဲလို့ မြို့နယ်ဧရိယာအများစုကို ၂၀၂၃ နိုဝင်ဘာလကုန်ပိုင်းမှာ ကရင်နီတပ်ပေါင်းစုကထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
ကရင်နီတပ်ပေါင်းစုနဲ့ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ ဒေသတွေထဲက လွိုင်ကော်မြို့၊မိုးဗြဲမြို့တွေကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းလောက်ကစလို့ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်ထားပါတယ်။
ကရင်နီပြည်နယ်ထဲမှာ မယ်စဲ့နဲ့ ရှားတောမြို့တွေကို ကရင်နီပူးပေါင်းတပ်တွေက အလုံးစုံထိန်းချုပ်ထားပြီး ၊ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့နောက်ဆုံးကျန်နေတဲ့ အမှတ်(၁၃၅)ခြေလျင်တပ်ရင်း (ခလရ-၁၃၅) တပ်စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။














































