စက်တင်ဘာ−၉၊၂၀၂၅။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ဖားကန့်မြို့တွင်စစ်ရေးတင်းမာနေစဉ်ယနေ့(စက်တင်ဘာ ၉ရက်)နေ့လယ်ပိုင်းက မှော်ဝမ်းရပ်ကွက်ရှိ ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်စွဲထားသည့် စုပေါင်းရုံးနှင့် ရဲစခန်းကြားရှိ ပေါ်ဦးရွှေဆိုင်ဓားပြတိုက်ခံရခြင်းဖြစ်သည်။
“ဆိုင်ထဲကိုဝင်လာတဲ့လူနှစ်ယောက်ကသေနတ်ထုတ်ပြီး ဘယ်သူမှဝင်မနှောက်ယှက်ဖို့ခြိမ်းခြောက်တယ်။ပြီးတော့ရွှေတွေယူသွားတယ်။ ပတ်ဝန်း ကျင်ကသိပေမယ့်တယောက်မှ ဝင်မကပ်ရဲဘူးဖြစ်တာ”ဟု မှော်ဝမ်းရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

Public Service Announcement
ဓားပြတိုက်သွားသူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်နိုင်သည်ဟု ဒေသခံအချို့က ယူဆနေကြသည်။
” အဲဒီရွှေဆိုင်က ရဲစခန်းနဲ့ စုပေါင်းရုံးကြားမှာရှိတာလေ။ နောက်ပြီးတော့ ဓားပြတိုက်တဲ့ပုံစံကအေးအေးဆေးဆေး။ စစ်သားတွေလို့ထင်လို့လည်းဘယ်သူမှမကပ်ရဲတာ”ဟု ဒေသခံတဦးကပြောသည်။
ဖားကန့်မြို့နယ်တွင် လက်တလော တိုက်ပွဲပြင်းထန်နေပြီ ယနေ့ နေ့လယ် ၂နာရီခန့်တွင် ဆန်းကြယ်ရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်သွားသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်ကလည်း အဆိုပါလေယာဉ်အား ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်အချို့က ပြောသည်။
ကချင်ပြည်နယ်တွင် ယမန်နေ့ကလည်း မြစ်ကြီးနားမြို့ပေါ်မှ ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရသည်။
