စက်တင်ဘာ-၆၊ ၂၀၂၅။ ဇေအောင်/People’s Spring
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ထပ်မံဗုံးလာကြဲလို့ သားအဖနှစ်ဦး ထိခိုက်ပြီး ဖခင်ဖြစ်သူ သေဆုံးခဲ့ပါတယ်။
ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က နတ်မောက်မြို့နယ်၊ ရုံးပင်ကွတ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးနဲ့ ဗုံးလာကြဲခဲ့လို့ လူနေအိမ်ပေါ်ကျရောက်ပြီး အသက် ၄၀ အရွယ် ဦးဇော်ထွန်းဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ဒါ့အပြင် ၎င်းရဲ့သမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ် မိန်းကလေးမှာလည်း လက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“တစ်ယောက်ကတော့ ပွဲချင်းပြီးသေဆုံးတယ်။ နောက်ထပ်နှစ်ယောက်ကတော့ ဆေးရုံရောက်သွားပြီ”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ဟာ နတ်မောက်မြို့နယ်မှာ တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး ဩဂုတ် ၂၄ ရက် ညပိုင်းကလည်း လဲဘူးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သြဂုတ် ၃၀ ရက်မှာလည်း နတ်မောက်မြို့နယ်၊ ကန်သာကျေးရွာနဲ့ ဖတ်တောရေကျေးရွာကြားကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးနဲ့ ထပ်ပြီးဗုံးချတိုက်ခိုက်လို့ အသက် ၂၇ နှစ်အရွယ် သမီးဖြစ်သူမှာ နေရာတင်သေဆုံးပြီး ဖခင်ဖြစ်သူ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
