စက်တင်ဘာ – ၂၈ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring
ငြိမ်းချမ်းရေးနဲ့ နယ်မြေအေးချမ်းရေးအတွက်ဆိုပြီး ကရင့်လက်နက်ကိုင်အဖွဲ့ သုံး ဖွဲ့ တွေ့ဆုံဆွေးနွေးမှု ကို ဒီနေ့ ( စက်တင်ဘာ ၂၈ ရက်) မြ၀တီမြို့နယ်၊ သေ့ကတေကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးမှုကို ကရင့်နယ်ခြားစောင့်တပ်(BGF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) အဖွဲ့သုံးဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ကြတာပါ။
တွေ့ဆုံပွဲကတော့ BGF အမှတ်(၂)စစ်ဒေသဌာနချုပ် သေ့ကတေကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

Public Service Announcement
ကရင်နယ်ခြားစောင့်တပ်(BGF)ဘက်က ဗိုလ်ချုပ်စောချစ်သူ၊ ဗိုလ်မှူးချုပ်စောတင်ဝင်း၊ ဗိုလ်မှူးချုပ်စောမုတ်သုန်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)ဘက်က ဒုတိယဥက္ကဌဒေါက်တာနော်ကပေါ်ထူး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး၊ ဗိုလ်ချုပ်စောဆန်းအောင် စတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် တပ်ဗိုလ်တပ်မှူးတွေ တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)တို့ အဖွဲ့တွေကတော့ စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံပြီး ကူညီဆောင်ရွက်ပေးသွားမယ်လို့ တရားဝင်သတင်းထုတ်ပြန်ထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။
ဒီလို ကရင်လက်နက်ကိုင်အဖွဲ့ သုံး ဖွဲ့က မြ၀တီမြို့မြောက်ဘက်ခြမ်း သေ့ကတေကျေးရွာမှာ ငြိမ်းချမ်းရေးနဲ့ နယ်မြေအေးချမ်းရေးအတွက်ဆိုပြီး တွေ့ဆုံဆွေးနွေးမှုလုပ်နေတဲ့အချိန် အခုရက်ပိုင်းထဲမှာ မြ၀တီမြို့တောင်ဘက်ခြမ်း လေးကေကော်မြို့အနီးမှာတော့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေပါတယ်။



















































