အောက်တိုဘာ-၁၄၊၂၀၂၅/ဒီးဒီ၊ရှိန်း/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မိုးကုတ်မြို့ဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးနေတယ်လို့ အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က သပိတ်ကျင်းမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၃ရက်မှာ ပြန်ထိန်းနိုင်ပြီးနောက် မိုးကုတ်မြို့ဆီ ဦးတည်စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
လက်တလောမှာတော့ သပိတ်ကျင်းမြို့နဲ့ (၁၀)မိုင်ကျော်ကွာဝေးတဲ့ ဖော့တောလမ်းဆုံမှာတိုက်ပွဲတွေပြင်းထန်နေပြီး အောက်တိုဘာ ၁၃ရက်မှာ စစ်တပ်က ဖော့တောလမ်းဆုံကို ထိန်းချုပ်သွားနိူင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဖော့တောလမ်းဆုံဟာသပိတ်ကျင်း-မိုးကုတ်လမ်းပိုင်းပေါ်မှာရှိပြီး မိုးကုတ်မြို့နဲ့ မိုင်(၄၀)ကျော်ကွာဝေးပါတယ်။ ဒါအပြင် သပိတ်ကျင်း၊ထီးချိုင့်လမ်းဆုံ နေရာလည်းဖြစ်ပါတယ်။ဒါကြောင့် စစ်ရေးအရ အရေးပါတဲ့ နေရာဖြစ်ပြီး မန္တလေး- မိုးကုတ်လမ်းပိုင်းအတွက် ဗျူဟာကျတဲ့ နေရာလည်းဖြစ်တယ်လို့ သိရပါတယ်။
ဖော့တောလမ်းဆုံနဲ့ မိုးကုတ်မြို့အကြားမှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေက အဆင့်ဆင့်ပိတ်ဆို့ထားတယ်လို့လည်း ၎င်းက ပြောပါတယ်။
“ တိုက်ပွဲကကြမ်းနေတယ်။ ဖော့တောကိုတော့ သူတို့ မနေ့ညနေက ရသွားတယ်။ ဒါပေမယ့် ရှေ့မှာ တားဆီးထားတာတွေ အများကြီးပါ။ လွယ်လွယ်နဲ့ မိုးကုတ်မရောက်ပါဘူး” လို့ ၎င်းကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ကစစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်တွေအများအပြားသုံးပြီး လေကြောင်းပစ်ကူနဲ့ တိုးနေတာလို့လည်း ပြောပါတယ်။
ဖော့တောလမ်းဆုံ အကျော်မှာ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခလရ(၁၄၈)တပ်ရင်းလည်း ရှိသေးတယ်လို့ ဆိုပါတယ်။ အဲဒီဒေသမှာ တအာင်းတပ်မတော်(TNLA)၊ မိုးကုတ်ဗျူဟာနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) နဲ့ မဟာမိတ်တွေပူးပေါင်း ခုခံနေတယ်လို့ သိရပါတယ်။
“ ဝက်သေ၊ဖက်ရှည်တို့ ဘက်အထိ တိုးမယ်ထင်ရတယ်။အဲဒီက နေဆိုရင် စဉ့်ကူးမြို့နယ် အစပ်ကို ရောက်မှာ။မိုးကုတ်ဘက်ကိုလည်း ဒီကောင် တွေစစ်ကြောင်းထိုးနေတယ်” လို့တော်လှန်ရေးသတင်းအရင်းမြစ်တဦးကပြောပါတယ်။
တော်လှန်ရေးတပ်တွေဘက်ကလည်းခုခံစစ်ပြင်ဆင်ထားပြီး တိုက်ပွဲ တွေဆက်လက်ပြင်းထန် နေတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ဟာသပိတ်ကျင်း-မိုးကုတ်လမ်းပိုင်းပေါ်က လမ်းလယ်ကျစ်ရွာကို ပြီးခဲ့တဲ့စက်တင်ဘာ၂၃ရက်မှာသိမ်းပြီးနောက်ရှေ့ဆက်တိုးလာတာဖြစ်ပါတယ်။
ဒါ့အပြင် သပိတ်ကျင်းနယ်က တွင်းငယ်ဒေသမှာတော့ တိုက်ပွဲငြိမ်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေတယ်လို့လည်း အဲဒီဒေသက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
သပိတ်ကျင်းနဲ့ မိုးကုတ်ဒေသ တိုက်ပွဲနဲ့ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

















































