close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မိုက်ပွင့်နေတာ မသိဘဲ နှစ်ကိုယ်ကြား ဆွေးနွေးနေခဲ့ကြတဲ့ ထရမ့်နဲ့ အင်ဒိုနီးရှား သမ္မတ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံချိန်မှာ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ထရမ့်ရဲ့သားနဲ့ တွေ့ဆုံခွင့် တောင်းဆိုခဲ့ပြီး အဲဒီ ပြောစကားတွေက ပိတ်မထားတဲ့ မိုက်တစ်လုံးကြောင့် လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံချိန်မှာ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ထရမ့်ရဲ့သားနဲ့ တွေ့ဆုံခွင့် တောင်းဆိုခဲ့ပြီး အဲဒီ ပြောစကားတွေက ပိတ်မထားတဲ့ မိုက်တစ်လုံးကြောင့် လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။

ဂါဇာ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးပွဲ အခမ်းအနားအတွက် အောက်တိုဘာ ၁၃ ရက်နေ့က အီဂျစ်နိုင်ငံဆီ ရောက်ရှိနေချိန်မှာ ပရာဘိုဝိုက ထရမ့်ရဲ့ သားဖြစ်သူ ထရမ့် အဖွဲ့အစည်း ဒုတိယ အမှုဆောင် ဥက္ကဋ္ဌ အဲရစ်ထရမ့်နဲ့ တွေ့ဆုံခွင့် ရနိုင်မလားဆိုပြီး အမေရိကန် သမ္မတဆီ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နှစ်ကိုယ်ကြား ပြောဆိုမှုမျိုး ဖြစ်ပေမယ့် အနီးမှာ မိုက်တစ်လုံးကို ဖွင့်ထားမှန်း သတိမမူမိတဲ့အခါ အဲဒီစကားတွေက ပြင်ပကို ပေါက်ကြားကုန်တာပါ။

ဗီဒီယိုမှတ်တမ်းအရ ထရမ့်နဲ့ ပရာဘိုဝိုတို့ဟာ ထရမ့်ရဲ့ နောက်ဖက်မှာ ရှိနေတဲ့ မိုက်က ဖွင့်ထားမှန်း သတိမထားမိဘဲ နှစ်ဦးတည်း စကားပြောနေခဲ့တာကို တွေ့ရပါတယ်။ တချို့ စကားတွေက ဗလုံးဗထွေး ဖြစ်နေလို့ သိပ်ပြီး အသံမကြည်ပေမယ့် ပရာဘိုဝိုက ဒေသတစ်ခုခုကို ရည်ညွှန်းပြီး မလုံခြုံတဲ့အကြောင်း ပြောခဲ့ပြီး ထရမ့်က ဘာကြောင့်လဲလို့ ပြန်မေးခဲ့ပါတယ်။

နောက်တော့ ပရာဘိုဝိုက သူ့အနေနဲ့ အဲရစ်နဲ့ တွေ့ခွင့် ရနိုင်မလားဆိုပြီး ထရမ့်ကို ခွင့်တောင်းခဲ့ပါတယ်။ ထရမ့်က သူ့သား အဲရစ်ဟာ လူတော်လေးဖြစ်ပြီး ပရာဘိုဝိုဆီ သူ့ကို ဖုန်းခေါ်ခိုင်းလိုက်ပါ့မယ်လို့ ပြန်ပြောခဲ့ပါတယ်။ နောက်တော့ ပရာဘိုဝိုက ဟာရီဆိုတဲ့ နာမည်တစ်လုံးကို ရည်ညွှန်းခဲ့ပါတယ်။ ပြီးတော့ ပိုကောင်းတဲ့ နေရာတစ်ခု ရှာရမယ်လို့လည်း ဆိုပါတယ်။ ထရမ့်ကဆက်ပြီး အဲရစ်ကို ဖုန်းဆက်ခိုင်းလိုက်မယ်လို့ ပြောပြီး ပရာဘိုဝိုက အဲရစ်ဖြစ်ဖြစ်၊ ဒေါ်နယ်လ် ဂျူနီယာဖြစ်ဖြစ်လို့ ပြောကြားခဲ့တဲ့ အသံကို ကြားရပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ရဲ့ သားနှစ်ဦးဖြစ်တဲ့ အဲရစ်နဲ့ ဒေါ်နယ်လ် ဂျူနီယာတို့ဟာ ထရမ့် အဖွဲ့အစည်းရဲ့ ဒုတိယ အမှုဆောင် ဥက္ကဋ္ဌတွေပါ။ အဲဒီ အဖွဲ့အစည်းဟာ အိမ်ခြံမြေ၊ ဟိုတယ်တို့ အပါအဝင် စီးပွားရေး လုပ်ငန်း အများအပြားကို ဖြန့်ကျက် လုပ်ကိုင်နေပါတယ်။

ထရမ့်နဲ့ ပရာဘိုဝိုတို့ ဆွေးနွေးနေခဲ့တဲ့ ကိစ္စဟာ နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ် တစ်ခုခုအတွက်လား၊ မိသားစု စီးပွားရေး လုပ်ငန်းတွေနဲ့ သက်ဆိုင်သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အိမ်ဖြူတော်၊ အင်ဒိုနီးရှား သမ္မတရုံး၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ထရမ့် အဖွဲ့အစည်းရဲ့ အင်ဒိုနီးရှား ဒေသခံ မိတ်ဖက်လုပ်ငန်း MNC Groupတို့ကလည်း ဘာမှတ်ချက်မှ မပေးပါဘူး။

ပရာဘိုဝိုရဲ့ စကားထဲမှာပါတဲ့ ဟာရီဆိုတာက ဘယ်သူ့ကို ရည်ညွှန်းသလဲ ဆိုတာ မသိရပေမယ့် MNC Group ထူထောင်သူနဲ့ အမှုဆောင် ဥက္ကဋ္ဌကတော့ ဟာရီ တာနိုဆိုဒစ်ဘ်ဂျိုဆိုတဲ့ ပုဂ္ဂိုလ်ပါ။ MNC Groupဟာ Trump အဖွဲ့အစည်းရဲ့ နှစ်ရှည်လများ စီးပွားရေး မိတ်ဖက်အဖြစ် ရပ်တည်ခဲ့သလို ဟာရီကလည်း ထရမ့်ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှု အခမ်းအနားကိုတောင် တက်ရောက်ခဲ့ဖူးပါတယ်။

MNC Groupရဲ့ အိမ်ခြံမြေ ယူနစ်ဟာ ဂျကာတာမြို့ရဲ့ တောင်ဖက် ၆၀ ကီလိုမီတာလောက် အကွာမှာ Trump အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး အပန်းဖြေ စခန်းတစ်ခု တည်ဆောက်နေတယ်လို့လည်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုမယ့် အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တက်ရောက်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အခုအခါဂါဇာကမ်းမြှောင်ဒေသမှာပြန်လည် ထူထောင်ရေးကိုပဲ အာရုံစိုက်ရတော့မှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားက စစ်ပွဲကို မရပ်ဘဲ ဆက်တိုက်ခိုက်နေမယ်ဆိုရင် ယူကရိန်းဆီ Tomahawk ဒုံးကျည်တွေ ပေးပို့ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆုံးဖြတ်ဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

‘စစ်ပွဲပြီးသွားပြီ’လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။ ဂါဇာ ပဋိပက္ခနဲ့ ပတ်သက်ပြီး အမေရိကန်က ထဲထဲဝင်ဝင် ပါဝင် ညှိနှိုင်းပေးခဲ့တဲ့နောက် အခုရလဒ်ကို ထရမ့်က အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။