အောက်တိုဘာ-၁၉၊ ၂၀၂၅။မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကျောက်ကုန်း ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၁၁ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။
ဒီကနေ့(အောက်တိုဘာ ၁၉ ရက်) မနက် ၇နာရီမှာ အရာတော်မြို့နယ် သလဲဘာ ပျူစောထီးကျေးရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ၅၀ ဝန်းကျင်ဟာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ကျောက်ကုန်းကျေးရွာကို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
“ နှစ်ဦးတော့ အတည်ပြုလို့ရတယ်။အမျိုးသမီး နှစ်ဦး။ဓားစားခံအနေနဲ့။စစ်ကြောင်းက ရွာထဲမှာပဲရှိသေးတယ်။ရွာထဲက ပြည်သူပိုင်ပစ္စည်းတွေ ကို ယူနေကြတယ်။ရွာပြင် မထွက်သေးဘူး” လို့ ဝက်လက်အခြေစိုက် သတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
ဝက်လက်မြို့နယ်နေသူတစ်ဦးကလည်း” သလဲဘာနဲ့ ကျောက်ကုန်းနဲ့က မူးမြစ်တံတားပဲ ခြားတာ။ဘာမှမဝေးဘူး။ကျောက်ကုန်းက ခဏခဏ စစ်ကြောင်းထိုးခံရတယ်” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ်ပကဖရဲ့အချက်အလက်တွေအရ အခု စစ်အုပ်စုစစ်ကြောင်းထိုးတာဟာ သုံးကြိမ်မြောက်ဖြစ်ပြီး အရင်စစ်ကြောင်းထိုးတုန်းကလည်း ရွာခံလေးဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေဘို- မုံရွာ ဖြတ်လမ်း လမ်းဆုံမှာရှိတဲ့ ဝက်လက်မြို့နယ်ထဲက ရွာသာကြီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူအချို့ထိခိုက်သေဆုံးတာရှိပါတယ်။
အခု အောက်တိုဘာပထမပတ်မှာလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိခဲ့ပါတယ်။
စစ်ရေးအခြေအနေအရ ဝက်လက်မြို့နယ်အရှေ့ခြမ်းက လမ်းပိုင်းတွေအားလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၅ ရက် ကစပြီး အသုံးပြုခွင့် ယာယီပိတ်ထားပါတယ်။

















































