အောက်တိုဘာ-၁၉၊ ၂၀၂၅။လူအေး၊ထားမြတ်/People’s Spring
တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ မိုးမိတ်နဲ့ မိုင်းငေါ့မြို့တွေကို အာဏာသိမ်းစစ်ကောင်စီတပ်ကဒီကနေ့ နေ့လည်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံအချို့ပြောပါတယ်။
“ မနေ့ကညကလိုပဲ။မြို့တွေကိုဆက်တိုက်ကြဲသွားတာ။ အရပ်သားတွေအတွက်ကတော့တကယ့်ကို အန္တရာယ်ကြီးနေတာပါ။ စစ်တပ်ကအရပ်သားတွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်နေတာ” လို့ ရှမ်းမြောက်ဒေသခံတဦးကပြောပါတယ်။
အောက်တိုဘာ ၁၉ရက်၊မွန်းလွဲ ၁၂ နာရီခွဲ နဲ့ ၁နာရီ၂၀ မိနစ်အကြားမှာ နမ့်ဆန်၊ မိုးမိတ်၊ မိုင်းငေါ့ နဲ့ မန်တုံမြို့နယ်တွေကို ဗုံးပတ်ကြဲသွားတာလို့ သိရပါတယ်။ ဖုန်း လိုင်းဆက်သွယ်ရေးအခက်အခဲကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေတွေကို မသိရသေးပါဘူး။

Public Service Announcement
စစ်ကောင်စီက လေကြောင်းကဗုံးကြဲတိုက်ခိုက်ရာမှာ မြို့ထဲနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“ ဆွေးနွေးပွဲမဖြစ်ခင်မှာသူတို့ကစစ်ရေးအရ ဖိအားပေးတဲ့ သဘောမျိုးလည်းဖြစ်နိုင်တယ်ပေါ့ဗျ။ နောက်ပြီးတော့ ရွေးကောက်ပွဲလည်း နီးလာတဲ့အခါ အဲဒီကိစ္စနဲ့လည်း ဆက်စပ်မှာပေါ့” လို့ တအာင်းသတင်းရင်းမြစ်က ပြောပါတယ်။
အလားတူ စစ်ကောင်စီက ဒီနေ့ ညနေ ၂နာရီကျော်ခန့်မှာ မိုးကုတ်မြို့ အနောက်ပိုင်းကိုလည်း ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါသေးတယ်။ ဒါကြောင့် TNLAထိန်းချုပ်ထားတဲ့မြို့နယ်တွေအနက်မြို့ငါးမြို့ကိုနာရီပိုင်းအတွင်းဗုံးကြဲခဲ့တာဖြစ်ပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်စီစဉ်မှုနဲ့ စစ်ကောင်စီနဲ့ တအာင်းတပ် TNLAအကြား ဆွေးနွေးပွဲ ထပ်မံဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
” နောက်ပြီးတော့လည်း သူတို့သိမ်းထားတဲ့ မြို့တွေပေါ့နော် ကျောက်မဲ၊ သီပေါသူတို့ ဝင်ပြီးတဲ့ မြို့တွေကို ပြန်ပြီးမှ မနှောက်ယှက်နိုင်အောင် ပတ်ပတ်လည်တွေကို စစ်ရေးဖိအားပေးတာမျိုးလည်းဖြစ်နိုင်တယ်”လို့ ရှမ်းမြောက်က စစ်ရေးလေ့လာသူတဦးကပြောပါတယ်။
TNLAကလည်း စစ်ကောင်စီရဲ့ အောက်တိုဘာ ၁၉ ရက်လေကြောင်း တိုက်ခိုက်လာမှုကို အသိပေးထုတ်ပြန်ထားပါတယ်။ နမ့်ဆန်နဲ့ မန်တုံမြို့ကို စစ်ကောင်စီကဒီကနေ့ မွန်းလွဲ ၁နာရီမှာ လေကြောင်း တိုက်ခိုက်လာပြီး အသေးစိတ် အခြေအနေတွေ ဆက်လက်အသိပေးမယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုက အောက်တိုဘာလ၁၈ ရက်ညပိုင်းမှာလည်း နမ့်ဆန်၊နမ္မတူ၊ နောင်ချိုနဲ့ကျောက်မဲမြို့နယ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။နမ့်ဆန်မြို့နယ်ကွမ်ဟယ်ကျေးရွာကိုဗုံးကြဲတိုက်ခိုက်မှုမှာ ၁၀နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် အရပ်သားခြောက်ဦးသေဆုံးပြီး လေးဦးဒဏ်ရာခဲ့ပါတယ်။
TNLAဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ၂၇ရက်နေ့ကစတင်တဲ့ ၁၀၂၇စစ်ဆင်ရေးနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကျောက်မဲမြို့၊သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းကမိုးကုတ်မြို့စုစုပေါင်း ၁၂ မြို့ကိုသိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။ အဲဒီမြို့နယ်တွေထဲကနောင်ချိုမြို့ကို ပြီးခဲ့တဲ့ဇူလိုင်လလယ်မှာ စစ်ကောင်စီက ပြန်သိမ်းယူခဲ့ပြီး အောက်တိုဘာလ၁ရက်နေ့မှာ ကျောက်မဲမြို့နဲ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ သီပေါမြို့တို့ကို ထပ်မံထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါအပြင် TNLAထိန်းချုပ်ထားတဲ့ ၉ မြို့ထဲက ၄ မြို့ကို အောက်တိုဘာ ၁၉ ရက်မှာ ဗုံးဆက်တိုက်ကြဲခဲ့တာဖြစ်ပါတယ်။
ဒါအပြင် စစ်ကောင်စီဟာ TNLA ထိန်းချုပ်မြို့ရွာတွေကို အောက်တိုဘာလအတွင်းလေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လျက်ရှိရာ အောက်တိုဘာ ၁ရက်ကနေ ဒီကနေ့ ၁၉ရက်နေ့အထိ အကြိမ် ၃၀ ကျော်ရှိပြီဖြစ်ပါတယ်။
ကျောက်မဲ၊ သီပေါ၊ မန်တုံ၊ မိုးမိတ်၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးကုတ်၊ နမ္မတူ၊ နမ့်ဆန် စတဲ့ မြို့တွေကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၄၀ဦးနီးပါးသေဆုံးကာ ၄၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
TNLA ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်တားဘုန်းကျော်ကဒီကနေ့ မွန်းလွဲပိုင်းမှာ “ ထုံးတို့ထားမယ်… မနက် ၊နေ့ခင်း ၊ ညနေ ၊ညသန်းခေါင်းဆက်တိုက် လယ ဗုံးကြဲနေတာ…ကြဲတဲသူ ကြဲဖို့ဆော်သြသူ ကြဲခံရတာကို ဝမ်းမြောက်လက်ခုပ်တီးသူ… အားလုံးကို ထုံးသေချာတို့မှတ်ထားမယ်…အလှည့်ဆိုတာ ရှိစမြဲပဲ…” လို့ သူ့ရဲ့ Facebook မှာရေးသားခဲ့ပါတယ်။



















































