အောက်တိုဘာ – ၂၂ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring
ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ထားတဲ့ မြ၀တီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာက ကျားဖြန့် လုပ်ငန်း နာမည်ထွက်ရာ နေရာတွေကို စစ်တပ်က ထပ်မံ စီးနင်းမယ် ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက် အောက်တိုဘာ ၂၂ ရက်ကစပြီး တရုတ်နိုင်ငံသားတွေအပါအဝင်မြန်မာအလုပ်သမားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းထွက်ပြေးနေကြပါတယ်။
စစ်တပ်က KK Park ကအဆောက်အအုံအချို့ကို အောက်တိုဘာ ၁၉ ရက်နေ့မှာ ဟန်ပြ အဖမ်းပြပြီး စတားလင့် စက်အချို့ ဖမ်းဆီးဖျက်ဆီးတယ်လို့သတင်းထုတ်ပြန်ပါတယ် ။ KK Park ထဲကို ထပ်မံဖမ်းဆီးပြဦးမှာဖြစ်လို့ ၂ ရက်အချိန် ပေးတဲ့သတင်းတွေထွက်လာပြီးနောက် ကျားဖြန့်အလုပ်ရုံတွေက တရုတ်နိုင်ငံသားတွေရော ၊မြန်မာတွေရော ထွက်ပြေးနေကြတာဖြစ်တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
မယ်ထော်သလေးရွာအနီးမှာရှိတဲ့ KK Park ထဲက တရုတ်နိုင်ငံသားတွေ နဲ့ အလုပ်သမားတွေဟာမြို့ဝတီမြို့ဘက်ကိုရွှေ့ပြောင်းတာကြောင့် မြို့ဝတီမြို့ပေါ်မှာဆိုရင်တည်းခိုခန်း ၊ဟိုတယ်တွေအပြင် အိမ်ခန်းအဌားတွေပါ လူပြည့်သွားတယ်လို့ မြ၀တီမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement
“ (တည်းခိုခန်းဟိုတယ်တွေ) ပြည့်သွားပြီ၊ တချို့ တန်းလျားတွေ ၊ဟောခန်းကြီးတွေ အဲ့လိုမျိုးတော့လိုက်နေကြတယ်၊ကြံခင်းလမ်းမှာဆို ပိတ်နေတာသင်္ကြန်ကျနေသလိုပဲ၊ (ရွှေ့ပြောင်းဖို့) နှစ်ရက်အချိန်ပေးတယ်လို့ကြားတယ်” လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။
တရုတ်နိုင်ငံသားတွေဟာသောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ခြမ်းကို တိမ်းရှောင်ရာမှာ ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းတာ ရှိနေပါတယ်။
ထိုင်းဘက်ခြမ်းကူးလာသူတွေကို ထိုင်းစစ်တပ်က သတ်မှတ်အဆောက်အအုံတွေမှာ ခေတ္တထားပြီး အောက်တိုဘာ ၂၃ ရက်အထိ့ ၅၀၀ ကျော်ရှိနေပြီလို့ ထိုင်းသတင်းဌာန Khaosod ကဖော်ပြပါတယ် ။ဒါအပြင် ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားတွေဆက်တိုက်ရှိနေပြီး ထပ်တိုးလာမှာဖြစ်တယ်လို့ Khaosod ကဖော်ပြပါတယ် ။
ထွက်ပြေးတဲ့တရုတ်နိုင်ငံသားအချို့ဟာ ကရင့်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလ်မြို့သစ်ဆီ တိမ်းရှောင်သူတွေလည်းရှိနေကြတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
“ တရုတ်တွေ ရွှေကုက္ကိုလ်ထဲပြေးလာတယ်” လို့ ရွှေကုက္ကိုလ်မြို့ခံတဦးကပြောပါတယ်။BGF ထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့သစ်ဟာလည်း ကျားဖြန့် နဲ့ နာမည်ဆိုးထွက်ခဲ့ပါတယ်။
အလားတူ ဘားအံ့မြို့ဘက်ကိုလည်းထွက်ပြေးလာတဲ့တရုတ်တွေရှိတယ်လို့ ဒေသခံအချို့က People’s Spring ကိုပြောပါတယ် ။
နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KK Park ဟာကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၂)စစ်ဒေသမှုး ဗိုလ်မှုးချုပ်စောတင်ဝင်းနဲ့ အမှတ်(၄)စစ်ဒေသမှုး ဗိုလ်မှုးချုပ်စောမို့သိုတို့ရဲ့ တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတစ်နေရာလည်း ဖြစ်ပါတယ်။
ထိုင်း – မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲက ကျားဖြန့်လို့ လူသိများတဲ့ အွန်လိုင်းငွေလိမ် စင်တာတွေဟာနှိမ်နင်းနေတဲ့ကြားကနေကြီးထွားလာနေပြီးအဆောက်အဦးတွေပေါ်မှာစတားလင့်ခ်(Starlink)ဂြိုဟ်တု အင်တာနက် စက်တွေ အများအပြား တပ်ဆင်ထားတယ်ဆိုတာကို AFP သတင်းဌာနက အောက်တိုဘာတတိယပါတ်မှာသတင်း ဖော်ပြခဲ့ပါတယ်။
အဲဒီနောက် အမေရိကန်လွှတ်ရဲ့ စီးပွားရေးကော်မတီက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ်လို့ကြေညာလာပြီးနောက်မှာ စစ်တပ် က KK Park ကို အောက်တိုဘာ ၁၉ ရက်နေ့မှာဟန်ပြအဖမ်းပြခဲ့ပါတယ်။ဒါအပြင် စစ်တပ်က ကျားဖြန့်လုပ်ငန်းတွေအတွက် BGF ကို အပစ်မတင်ပဲ KNU ကမြေငှားပေးထားသလို၊အခကြေးငွေယူလုံခြုံရေးပေးပြီးလုပ်နေတာလို့စွပ်စွဲထားတယ် ။ စစ်တပ်ရဲ့အဆိုပါစွပ်စွဲချက်အပေါ် KNU ကမကြာခင်တရားဝင် ရှင်းလင်းထုတ်ပြန်မယ်လို့တာဝန်ရှိသူတဦးကပြောပါတယ် ။
မြဝတီမြို့ခံသတင်းရင်းမြစ်အချို့ကလည်း KK Park ကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးတာဟာ BGF နဲ့ကြိုတင်ညှိနှိုင်းပြီးမှဟန်ပြသဘောလောက် သာ စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။မြန်မာစစ်ကောင်စီ ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ပြနေတဲ့ Justice For Myanmar အဖွဲ့ကလည်း KK Park ကို စီးနင်းမှုဟာ အာဆီယံ အစည်းအဝေးမတိုင်ခင် အချိန်ကိုက်လုပ်ဆောင်တဲ့ အယောင်ပြစီးနင်းမှုဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။
ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ Starlink အင်တာနက် ချိတ်ဆက်တဲ့စက်ပေါင်း ၂၅၀၀ ကျော်ကို အောက်တိုဘာ ၂၂ ရက်မှာ ပိတ်ချခဲ့ပြီး ဖြစ်ကြောင်း Starlinkရဲ့ မိခင် ကုမ္ပဏီ SpaceXက ပြောကြားခဲ့ပါတယ်။
ကမ္ဘာကျော် နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ထူထောင်ထားတဲ့ SpaceXရဲ့လက်အောက်ခံအင်တာနက် ဝန်ဆောင်မှုကို ထိုင်းနိုင်ငံနဲ့ နယ်စပ်နားက ကျားဖြန့်ဂိုဏ်းတွေက အသုံးချပြီး အမေရိကန် ပြည်သူတွေ နစ်နာစေမယ့် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အပေါ် အမေရိကန် လွှတ်တော်က ကြားနာ စစ်ဆေးနေပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ SpaceXရဲ့ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးက မြန်မာနိုင်ငံ အခြေစိုက် ဒုစရိုက် ဂိုဏ်းတွေနဲ့ ဆက်နွှယ် ပတ်သက်နေနိုင်တဲ့ Starlink ချိတ်ဆက်မှု ကိရိယာ ၂၅၀၀ ကျော်ကို အင်တာနက် သုံးလို့ မရအောင် ပိတ်ထားပြီး ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
SpaceX အနေနဲ့ မြန်မာနိုင်ငံထဲကငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်ဆက်နွှယ်တယ်လို့ ယူဆရတဲ့ နေရာတွေ တဝိုက်က အင်တာနက် ချိတ်ဆက်ထားတဲ့ စက်အလုံးရေ ၂၅၀၀ ကျော်ဆီ ဆက်သွယ်မှု ပိတ်ချထားကြောင်း လော်ရန် ဒရိုင်ယာက ဆိုပါတယ်။
ကျားဖြန့်လုပ်ငန်းတွေက ထွက်ပြေးသူတွေ အောက်တိုဘာ – ၂၂ ၊၂၀၂၅ ၊နိုင်ပကောင်း/People's Spring ကရင်နယ်ခြားစောင့်တပ်(BGF)…
Posted by People's Spring on Thursday 23 October 2025
ရုပ်သံ-social media viral
















































