အောက်တိုဘာ-၂၆၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့ အချို့ နဲ့ဒေသခံပြည်သူတွေက စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) မှာလည်း ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်မဲမပေးနဲ့သပိတ်မှောက်” လို့ ကြွေးကြော်ပြီး စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။
ဝက်လက်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်ကော်မတီဝင်တွေ ဦးဆောင်ပြီး “ တရားမဝင် အတုယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဟောပြောပွဲ” ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူလုထုအတွက် စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘဲ စစ်အာဏာသက်ဆိုးရှည်ရေး၊ ကျူးလွန်ခဲ့သော ရာဇဝတ်မှုမျိုးစုံကို ခဝါချနိုင်ရေး၊ ရင်ဆိုင်နေရသော စစ်ရေး နိုင်ငံရေး အထွေထွေပြဿနာများကိုလျှော့ချနိုင်ရေးအတွက်သာ ရည်ရွယ်ဆောင်ရွက်နေသော နိုင်ငံရေးလှည့်ကွက်ဖြစ်ကြောင်း သပိတ်ကော်မတီဝင်တွေက ရှင်းလင်းပြောကြားခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်ကျေးရွာတစ်ရွာမှာလည်းခေတ်ဟောင်းချိုးဖျက် ဒို့မျိုးဆက် သပိတ်စစ်ကြောင်းမှ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာသားတွေ ကိုင်ဆောင်ပြီး ပြည်သူတရပ်လုံးအနေနဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဝက်လက်လူထုသပိတ်


















































