အောက်တိုဘာ-၂၈၊ ၂၀၂၅။ People’s Spring
လာမယ့်ဒီဇင်ဘာမှာ ကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီရွေးကောက်ပွဲအတွက် အာဆီယံက စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ သံတမန်ရင်းမြစ်တွေက AFP သတင်းဌာနကို ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သူ့ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့ အာဆီယံကို တောင်းဆိုထားပေမယ့် အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံအကြား ဘုံသဘောတူညီချက် မရရှိတာကြောင့် အာဆီယံရဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာမဟုတ်ဘူးလို့ သံတမန်တွေက ဆိုပါတယ်။
အာဆီယံအနေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာမဟုတ်ပါဘူး၊ ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးအပေါ် မူတည်ပြီး စောင့်ကြည့်လေ့လာသူတွေ လွတ်လွတ်လပ်လပ်ပဲ စေလွှတ်နိုင်ပါတယ် လို့ အမည်မဖော်လိုသူ သံတမန်တစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။

Public Service Announcement
နောက်ထပ်သံတမန်တစ်ဦးကလည်း အာဆီယံအဖွဲ့အစည်းကြီးအောက်ကနေ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီချက်မရရှိဘူးလို့ AFP ကို အတည်ပြုပါတယ်။
အခုလို အာဆီယံက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ မစေလွှတ်တာဟာ တရားဝင်မှုလိုချင်နေတဲ့ စစ်ကောင်စီအတွက် ထိုးနှက်ချက်ဖြစ်လာမှာ သေချာတယ်လို့ နိုင်ငံတကာရေးရာအကဲခတ် မူစတာဖာအစ်ဇက်ဒင်က ပြောပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)က စစ်ကောင်စီရွေးကောက်ပွဲကို အတုအယောင်ဖြစ်တယ်လို့ ရှုတ်ချထားပြီး အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာအဖွဲ့(AI)ကလည်း ရွေးကောက်ပွဲကို ဝေဖန်တဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးခြင်းနဲ့ ဖိနှိပ်တဲ့နည်းဗျူဟာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီကို စွပ်စွဲပြစ်တင်ထားပါတယ်။
လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က ချက်ချင်းအပစ်ခတ်ရပ်စဲဖို့ မနေ့က ထပ်လောင်းတောင်းဆိုထားပါတယ်။
အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်လို့ အလွန်အမင်းစိုးရိမ်ကြောင်းနဲ့ ငြိမ်းချမ်းရေးအတွက် ထိရောက်တဲ့တိုးတက်မှုမရှိတဲ့အပေါ်လည်း သတိပေးကြောင်း အောက်တိုဘာ ၂၆ရက် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းနိုင်မယ့် ဘုံသဘောတူညီချက် ၅ ရပ် (5PC)ကို ပိုမို ထိရောက်တဲ့ အကောင်အထည် ဖော်မှုတွေ လိုအပ်ကြောင်း အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ချိန် ကတည်းက မြန်မာ့ အကျပ်အတည်းဟာ အာဆီယံအတွက် အကြီးမားဆုံး ခေါင်းခဲစရာ ပြဿနာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အာဆီယံဟာ မြန်မာ့ နိုင်ငံရေး ပြဿနာတွေကို ကူညီဖြေရှင်းဖို့အတွက် 5PCကို ညှိနှိုင်း သဘောတူခဲ့ပေမယ့် အာဏာသိမ်း စစ်တပ်ကတော့ လက်တွေ့ အကောင်အထည်ဖော်မှု မရှိသလောက် အားနည်းခဲ့ပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ အာဆီယံဟာ 5PCရဲ့ အကောင်အထည် ဖော်နိုင်စွမ်း အရှိတရားတွေကို ဆန်းစစ်ထားတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာမှုနဲ့ လုံခြုံရေး အခြေအနေတွေ ပိုမို ဆိုးရွားလာနေတာတွေကိုလည်း ထည့်သွင်းထောက်ပြ ဆွေးနွေးထားပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သား ပြည်သူတွေ၊ အရပ်ဖက် အဆောက်အအုံတွေနဲ့ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လက် မြင့်တက်နေတာကို အလေးအနက် စိုးရိမ်ကြောင်း အာဆီယံ ကြေညာချက်ထဲမှာ ဖော်ပြထားပြီး အရပ်သားတွေရဲ့ လုံခြုံရေး၊ လူသားချင်းစာနာမှု အကူအညီတွေ လက်လှမ်းမီနိုင်ရေးကို ပိုမို အားထည့် ဆောင်ရွက်ပေးဖို့၊ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ အားလုံး ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
နောက်ပြီး အာဆီယံ အနေနဲ့ မြန်မာ့ အကျပ်အတည်းကို ငြိမ်းချမ်းပြီး အရှည်တည်မယ့် ဖြေရှင်းမှုမျိုး ပေါ်ထွန်းလာအောင် ဆက်လက် ကူညီသွားမယ်လို့ ကတိပြုထားပြီး တစ်ဖက်မှာတော့ ဒီဖြေရှင်းမှုမှာ မြန်မာကိုယ်တိုင် ဦးဆောင်သင့်တယ်ဆိုတဲ့ အယူအဆကို သဘောတူ လက်ခံထားပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှား နိုင်ငံက 5PC အကောင်အထည် ပေါ်လာစေရေး ဆက်လက် တွန်းအားပေး ကြိုးစားနေတာ၊ မလေးရှားနဲ့ ထိုင်းတို့ရဲ့ လူသားချင်း စာနာမှု ကြိုးစား မြှင့်တင်ရေး ခရီးစဉ်တွေ သွားရောက်ခဲ့တာကို အာဆီယံ အနေနဲ့ အသိအမှတ်ပြု ကြိုဆို ထောက်ခံကြောင်းလည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
နောက်ပြီး မြန်မာနိုင်ငံက စစ်ရှောင်တွေနဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် အာဆီယံရဲ့ လူသားချင်းစာနာမှု ကူညီရေး ပူးပေါင်းဆောင်ရွက်မှု စင်တာ (AHA Centre)ရဲ့ အကူအညီပေးမှု အခန်းကဏ္ဍတွေကိုလည်း ထုတ်ပြန်ချက်ထဲမှာ မီးမောင်း ထိုးပြထားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အစုအဖွဲ့အားလုံး၊ အထူးသဖြင့် လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ရန်လို တင်းမာမှုတွေကို လျှော့ချပြီး ကျယ်ကျယ်ပြန့်ပြန့် အပစ်အခတ် ရပ်စဲနိုင်အောင် ဦးတည် လုပ်ဆောင်ပေးကြဖို့လည်း အာဆီယံက တိုက်တွန်းခဲ့ပါတယ်။ နောက်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရော၊ နိုင်ငံတကာ မိတ်ဖက်တွေ အနေနဲ့ပါ မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး အားထုတ်မှုတွေမှာ ဆက်လက် အားဖြည့် ပူးပေါင်းပေးကြဖို့ ထုတ်ပြန်ချက်က တိုက်တွန်းထားခဲ့ပါတယ်။
နောက်ပြီး မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ဖြစ်ထွန်းလာစေရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ်ကနေတဆင့် အကြံပြုဖို့၊ ကုလသမဂ္ဂနဲ့ အနီးကပ် ညှိနှိုင်းလုပ်ဆောင်ဖို့လည်း အာဆီယံက ဆုံးဖြတ်ခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေး အခြေအနေကို အာဆီယံက မျက်ခြေမပြတ် ဆက်လက် စောင့်ကြည့်ရင်း မြန်မာနဲ့ ဒေသတွင်းအတွက် ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေး ကဏ္ဍတွေကို အားပေး ကူညီသွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား – AFP၊ Ministry of Foreign Affairs-Malaysia
















































