အောက်တိုဘာ-၂၈၊၂၀၂၅။People’s Spring
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိပ်တန်း အစည်းအဝေး ကာလအတွင်း မလေးရှား အမျိုးသမီး ကိုယ်ရံတော်တွေရဲ့ ပေါ့ပါးဖျတ်လတ်မှုကို လူမှုကွန်ရက် သုံးစွဲသူတွေက ချီးကျူးနေကြပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့တုန်းက အာဆီယံ အစည်းအဝေး တစ်ခုကနေ ထွက်ခွာလာတဲ့ နိုင်ငံခြား ယာဉ်တန်း တစ်ခုကို လိုက်ပါ စောင့်ရှောက်ဖို့ ရွေ့လျားနေတဲ့ ကားပေါ် ခုန်တက်သွားကြတဲ့ အမျိုးသမီး ကိုယ်ရံတော် နှစ်ယောက်ရဲ့ ဗီဒီယိုက လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့နောက် အခုလို ချီးကျူးမှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ဗီဒီယိုထဲမှာတော့ အနက်ရောင် အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့ ကိုယ်ရံတော်တွေဟာ ယာဉ်တန်းထဲက SUV တစ်စီးနောက် ပြေးလိုက်ပြီး နောက်ဖက် တံခါးတွေကို ဆွဲဖွင့်ပြီး အလိုက်သင့် ပြေးတက်သွားကြတာကို တွေ့ရပါတယ်။ ပြီးတော့ သူတို့ဟာ ကားထဲကို ဝင်မစီးဘဲ တံခါးဖွင့်လျက်သား အခြေအနေမှာ ခြေနင်းဘောင်ပေါ် မတ်တပ်ရပ်ရင်း လိုက်ပါသွားခဲ့ကြပါတယ်။

Public Service Announcement
အဲဒီ ဗီဒီယိုက TikTokပေါ် ရောက်လာတဲ့နောက် လူထုကြားမှာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ လူမှုကွန်ရက် သုံးစွဲသူ အများအပြားက အထူးလုံခြုံရေး တာဝန်ယူတဲ့ ကိုယ်ရံတော်တွေအဖြစ် လေ့ကျင့်ထားတဲ့ အမျိုးသမီး ရဲအရာရှိတွေရဲ့ ကျွမ်းကျင်မှု၊ ခွန်အား၊ မြန်နှုန်း၊ ချိန်သားကိုက်မှုတွေကို ချီးကျူးခဲ့ပါတယ်။ တချို့ကလည်း အဲဒီ ကိုယ်ရံတော်တွေရဲ့ စည်းကမ်းကောင်းမှုနဲ့ ဖိအားတွေအောက်မှာ သက်တောင့်သက်သာ အလုပ်လုပ်နေပုံတွေကို တအံ့တဩ ဖြစ်ခဲ့ကြပါတယ်။
ကားနောက်ကို ပြေးလိုက်ပြီး ခုန်တက်သွားတာကို မြင်ရတာက အသက်ရှူမှားစရာ ဖြစ်ကြောင်း၊ အဲဒီ အပိုင်းကို ခဏခဏ ပြန်ကြည့်မိကြောင်း၊ မလေးရှား လုံခြုံရေး တပ်ဖွဲ့ဝင် အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်က တကယ့်ကို ထူးကဲကြောင်း တစ်ဦးက မှတ်ချက်ပြုခဲ့ပါတယ်။
တခြားလူမှုကွန်ရက် သုံးစွဲသူ တစ်ယောက်ကလည်း သူဟာ အမျိုးသား ကိုယ်ရံတော်တွေကိုသာ တွေ့ခဲ့ဖူးပေမယ့် အခုလိုမျိုး ထက်မြက်တဲ့ အမျိုးသမီး ဝန်ထမ်းတွေလည်း ရှိနေတာကို သိရတော့ အတော်လေး သဘောကျမိတယ်လို့ ရေးသားထားပါတယ်။
တချို့ လူမှုကွန်ရက် သုံးစွဲသူတွေကတော့ အဲဒီ အမျိုးသမီး သက်တော်စောင့်တွေကို ချာလီရဲ့ နတ်သမီးတွေလို့ ညွှန်းဆိုနေကြပါတယ်။ အဲဒီ အသုံးအနှုန်းဟာ Charlie’s Angels ရုပ်ရှင်ထဲ အမျိုးသမီး လူစွမ်းကောင်း ဇာတ်ကောင်တွေနဲ့ ခိုင်းနှိုင်းခဲ့တာလည်း ဖြစ်ပါတယ်။
ကိုးကား: Straits Times
















































