နိုဝင်ဘာ-၂၅၊၂၀၂၅။ဇော်ဝင်း/People’s Spring
ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အကျဥ်းထောင်မှာ စစ်ကောင်စီက ရွေးကောက်ပွဲကြိုတင်မဲပေးဖို့ အတင်းအကြပ်ဆောင်ရွက်နေတယ်လို့ ကရင်နီိနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး(KPPA)က ဒီကနေ့ (နိုဝင်ဘာ ၂၅ရက်) ထုတ်ပြန်ပါတယ်။
လွိုင်ကော်အကျဥ်းထောင်က အကျဥ်းသူ၊အကျဥ်းသားနဲ့ အချုပ်သူ ၊အချုပ်သားတွေကို ကြိုတင်မဲပေးဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာကတည်းက ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
ရွေးကောက်ပွဲ တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ မဲပေးပိုင်ခွင့်မရှိတဲ့သူစာရင်းမှာ ထောင်ကျခံနေရသူတွေပါဝင်ပေမယ့် အကျဥ်းကျခံနေရသူတွေကို အတင်းအကြပ်မဲပေးခိုင်းတာက စစ်ကောင်စီဟာ ရွေးကောက်ပွဲဥပဒေကို ကျူးလွန်နေတာလို့ အသိပေးပါတယ်။

Public Service Announcement
ဒါ့အပြင် တရားမျှတစွာမဲပေးပိုင်းခွင့်ဖြစ်တဲ့ နိုင်ငံသားအခွင့်အရေးကို စော်ကားတာအပြင် မဲမသာမာမှုကို ကြုံစည်တာလို့ KPPAရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ ရွေးကောက်ပွဲကိစ္စတွက် အုပ်ကြီးတွေပြောတာတော့ သူတို့ကိုအထက်ကဖိအားပေးတာလဲရှိတယ်။ဒါကြောင့်မလို့ မဲ ထည့်ကြဖို့ နဲ့ ကြံ့ခိုင်ရေး အမှတ်အသားပြပြီး အဲဒါကိုပဲ မဲပေးဖို့ ပြောတယ် “ လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီနှစ်စက်တင်ဘာလကုန်အထိစာရင်းတွေအရ လွိုင်ကော်အကျဥ်းထောင်မှာ အကျဥ်းသား ၅၀၀ ဝန်းကျင်ရှိတယ်လို့ KPPA တာဝန်ရှိသူက လူထုနွေဦးကို ပြောထားပါတယ်။
ဒါပေမယ့် လွိုင်ကော်မြို့နယ်အရှေ့ဖက်ဒေသတွေမှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုတွေ့ဆုံပွဲလုပ်ခဲ့တယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY)က ဒီကနေ့ အသိပေးပါတယ်။
အဲဒီလူထုတွေ့ဆုံပွဲမှာ လွိုင်ကော်မြို့နယ်အရှေ့ဖက်ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေက လူဦးရေ ၅၀၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။
စစ်ကောင်စီက ကရင်နီပြည်နယ် မယ်စဲ့၊ဖားဆောင်း နဲ့ ရှားတော မြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ဖို့ ကြေညာထားပါတယ်။
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အလုံးစုံကန့်ကွက်တာနဲ့ ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်း ကရင်နီပြည်အင်အားစုတွေက တုံ့ပြန်ထားပါတယ်။
















































