ရှိန်း/People’s Spring
မန္တလေးမြို့ရဲ့ ညဘက် တွေမှာ လူနာတင်ကားသံတွေ တဝီဝီမကြားရတော့ပါဘူး။ဒါဟာ အရေးပေါ်လူနာ တွေမရှိလို့တော့ မဟုတ်ပါဘူး။
“ ညဘက် အက်ဆီးဒင့်ဖြစ်တဲ့လူနာဆို ဘယ်လူမှုကူညီ ရေးအသင်းကမှမကောက်ချင်တော့ဘူး” လို့ မန္တလေးမြို့ခံလူမှုကူညီ ရေးအသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီလိုဖြစ်စေတဲ့အကြောင်းအရင်းကတော့ မန္တလေးပြည်သူ့ဆေးရုံကြီးဟာလူနာ စောင့်မပါရင် အရေး ပေါ်ဌာနက လက်ခံ ဆေးကုသမပေးတော့တာ ကြောင့်ပါ။

Public Service Announcement
လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်း တွေလုပ်လာတဲ့ သက်တမ်း တလျှောက် ကိုငြိမ်း(လုံခြုံရေးကြောင့်အမည်လွှဲ) တယောက် ဒီကာလလောက် စိတ်ပင်ပန်းရတဲ့အချိန်မ ရှိခဲ့ဘူးလို့ ဖွင့်ဟပါတယ်။
၂၀၂၄ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တခုကိုသူကပြန်ပြောပြပါတယ်။ အဲဒီနေ့ကပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်းပေါ် က ယာဉ်တိုက်မှုတခုကိုသူတို့လူနာသွားကောက်ခဲ့ပါတယ်။
တကိုယ်လုံး သွေးတွေရွှဲပြီး သတိလစ် နေတဲ့လူနာကို မန္တလေးဆေးရုံကြီးက အရေး ပေါ်ဌာနကို ခေါ်လာပါတယ်။အရေး ပေါ်လူနာနဲ့ ရောက်လာတဲ့ ကိုငြိမ်းတို့ကားကို အရေး ပေါ်ဌာန အနီးက လုံခြုံရေး ကပြေးလာပြီး “ လူနာရှင်ပါလား။မပါရင် အောက်မချနဲ့” လို့ဆီးပြောပါတော့တယ်။
“ သေရေး ရှင်ရေးဖြစ်နေတာဗျာ။ကိုယ်လည်းပိုက်ဆံရလို့ လာပို့တာလည်းမဟုတ်ဘူး။ဒေါသ ထွက်လိုက်တာ” လို့ ကိုငြိမ်းက ဖွင့်ဟပါတယ်။
အဲဒီနောက်လူနာဟာဆေးကုသခွင့်မရဘဲလူမှုကူညီရေး အသင်းနဲ့ ဆေးရုံတာဝန်ရှိသူ တွေအ ငြင်းအခုန်ဖြစ်ကြပါတယ်။
အချိန်က နာရီဝက်လောက်ကြာသွားချိန်မှာ လူနာလာပို့တဲ့လူမှုကူညီ ရေးအသင်းကပဲ လူနာရှင်လုပ်ပြီးဆေးကုသဖို့ကိုငြိမ်းတို့ဆုံးဖြတ်လိုက်ရပါတယ်။
အဲဒီမှာ မှုခင်းရဲက တစခန်းထကာ စာရွက်စာတမ်း ကြေးဆိုပြီး ငွေကျပ်နှစ်သောင်းလာတောင်းပါတော့တယ်။ကိုယ့်အိတ်ထဲကစိုက် ပေးပြီး လူနာကို အရေးပေါ်ခန်းထဲထည့် ချိန်မှာလူနာဟာသေဆုံးသွားပါပြီ။
“ ကျွန် တော်တို့လူနာ ကောက်လာတဲ့သူ တွေက ငါတို့ အချိန်ကြာသွားလို့လားဆိုပြီး ယူကျုံးမရဖြစ်တယ်။ဒီကောင် တွေကတော့ အေးအေးဆေးဆေးပဲ ရင်ခွဲရုံထဲ ကောက်ထည့်လိုက်ကြ တယ်” လို့ကိုငြိမ်းက သူ့အတွေ့အကြုံကိုပြန်ပြောပြပါတယ်။
နောက်ထပ် လူမှုကူညီရေး အသင်းသားတဦးကလည်း “ သေလုမျောပါးဖြစ် နေတဲ့လူနာကိုတင်ပြီး အရေးပေါ်ဌာနမှာရန်ဖြစ်နေရတဲ့ ကူညီရေး အသင်း တွေအများကြီးပဲ” လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်တွေ ကြောင့် လူမှုကူညီရေးအသင်းတွေဟာမတော်တဆမှုလူနာကောက်မထွက်ကြ တော့ပါဘူး။ယခင်က ယာဉ်မ တော်တဆမှုဖြစ်ပါက မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ပိုင်ရှင်မယ့်လူနာ တွေကို ဆေးကုပြီး နေရာသီးသန့်ရှိပါတယ်။
အဲဒီမှာ လူနာတင်ထားပြီးတဲ့ နောက် ဆေးလူမှုဌာနက နေ တဆင့် ထောက်ပံ့ပေးတာ ရှိပြီး မိဘ ဆွေမျိုး တွေကို ဆက်သွယ်တာ၊ကူညီတာတွေလုပ် ဆောင် ပေးပါတယ်။
၂၀၂၁စစ်တပ်က အာဏာသိမ်းချိန်မှာဒီအကူအညီ ပေးမှု တွေအကုန်ပျက်သွားတယ်လို့အရင်ကတည်းက လုပ်ကိုင်နေတဲ့ လူမှုကူညီရေး အသင်းတာဝန်ရှိသူတဦး ကပြောပါတယ်။
“ ဘယ်လို စဖြစ်သလဲဆိုတော့ မှုခင်းဆရာဝန် ဒေါက်တာဇင်မင်းဆိုတာရှိတယ်။သူက အလောင်း တွေပျောက်တယ်လို့အထက်ကိုတင်ပြလို့ ၂၀၂၁ကတည်း လူနာရှင်မပါရင် မရတော့တာကနေစတာ အခုထိပဲ” လို့ ၎င်းက ဆက်ပြောပါတယ်။
ဆိုင်ကယ်စီးနင်းသူ များတဲ့ မန္တလေးမြို့မှာ ယာဉ်မ တော်တဆ ထိခိုက်သူတွေ ပြီးခဲ့တဲ့၂၀၂၄ခုနှစ်မှာ လည်းအများအပြားရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်း တွေဆီကသိရပါတယ်။
၂၀၂၄ ခုနှစ် အတွင်း မန္တလေးတိုင်းမှာယာဉ်မ တော်တဆမှု ၃၅၁မှု ရှိပြီး သေဆုံးသူ၁၉၃ဦး အထိ ရှိခဲ့တယ်လို့ စစ်ကောင်စီလက် အောက်ခံ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းအရသိရပါတယ်။
အဲဒီအထဲမှာ ဆိုင်ကယ် မတော်တဆမှု တွေဟာ အဖော်မပါဘဲ တဦးတည်းဖြစ်တာ တွေများပြီး ၅၀ရာခိုင်နှုန်း လောက်အထိ ပိုင်ရှင်မဲ့လူနာတွေ ဖြစ်တယ် လူမှုကူညီရေးအသင်း တွေဆီကစုံစမ်းသိရပါတယ်။
“ ဖုန်းပါလာတဲ့သူ ဆိုရင် ကျွန်တော်တို့က မရမက ဖုန်းကနေ လူနာအိမ်ကိုဆက်သွယ်ရပါတယ်။တကယ်လို့ ဆက်သွယ်လို့ မရရင် တော့ အပိုင်ရဲစခန်းက ရဲခေါ်ရရင် ရဲခေါ်သွားရ တာပေါ့” လို့ လက်ရှိ ဖြေရှင်း နေပုံကို အသင်းသားတဦး ကပြောပြပါတယ်။
နောက်ထပ် ဖြေရှင်းနည်းတခုကတော့ ဆေးရုံက လုံခြုံရေး၊တွန်းလှည်းတွန်းသူ၊သန့်ရှင်းရေး ဝန်ထမ်း တွေကိုပိုက်ဆံပေးကာလူနာရှင်လုပ်ခိုင်းရတာပါ။ဒီလိုနည်းနဲ့လူနာကို ဆေးကုသခွင့်ရ အောင်လုပ်ပြီး လူနာပုံကို ဖေ့ဘုတ်တင်ကာ ပိုင်ရှင်ရှာတာကို လူမှုကူညီရေး အသင်းအများစု လုပ်လာကြပါတယ်။
ဒီအထဲမှာ ဆေးရုံမှာပဲ သေဆုံးသွားတဲ့လူနာ တွေရှိပြီး တချို့လူနာ တွေဟာ ငှါးထားတဲ့ဝန်ထမ်းကပဲ ပိုင်ရှင်မဲ့ အနေနဲ့ရင်ခွဲရုံကိုပို့ပြီးသဂြိုဟ်လိုက်တာလို့ သိရပါတယ်။ရင်ခွဲရုံကနေ တပါတ်တခါပိုင်ရှင်မဲ့အလောင်းသဂြိုဟ်တဲ့စာရင်းဟာ ၃လောင်း ကနေ ၅ လောင်းအထိရှိတယ်လို့ လက်ရှိတာဝန်ထမ်းဆောင် နေဆဲ ဆရာဝန်တဦး ကပြောပါတယ်။
“ သင်္ချိုင်းကုန်းကြီးကျနေတာပဲ။မကုဘဲအချိန်ဆွဲတာနဲ့ ကုရမယ့်လူနာကိုတလွဲကုတာ။လူနာရှေ့ မပြောသင့်တဲ့ စကားပြောလို့ ရှော့ရပြီးသေသွားတာ စုံနေတာပဲ” လို့ အဲဒီဆရာဝန်က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ထူးချွန်ထက်မြတ် စေတနာကောင်းတဲ့ ဆရာဝန်တွေအပါအဝင်ကျန်းမာရေးဝန်ထမ်းတွေက စစ်အာဏာရှက်ကို အကြမ်းမဖက်အာဏာဖီဆန်(CDM)ပြီး စစ်တပ်လက်အောက်မှာမလုပ်ကြတော့ပါဘူး။ ကျန်ခဲ့တဲ့ဆရာဝန်ကျန်းမာရေးဝန်ထမ်းတွေဟာ အဲဒီကွက်လပ်ကို အရည်အချင်းအရရော ၊အရေအတွက်အရရော မဖြည့်ဆည်းနိုင်ကြပါဘူး။ ဒါ့အပြင်လူနာတွေအပေါ် စေတနာထားတာမှာလည်း CDM ဆရာဝန်တွေကသာလွန်တယ်လို့လူနာရှင်တွေကပြောပါတယ် ။
ဒါ့အပြင်ဆေးရုံကြီးမှာ မှုခင်းဌာနဟာ အကျင့်ပျက်ဌာနတခုဖြစ်ပြီး ငွေကြေးလာဘ်စားမှုများတာကြောင့် အရေးပေါ်ရောက်လာတဲ့ လူနာတွေနဲ့ပါတ်သက်ပြီး တရားမဝင် ငွေကြေးတောင်းလေ့ရှိတယ်လို့အထက်ပါဆရာဝန်ကပြောပါတယ်။ဒါပေမယ့် အရေးပေါ်လူနာကို ပိုင်ရှင်မပါရင် ကုမ ပေးတာမျိုး တော့မရှိဘူးလို့ အဲဒီဆရာဝန်က ငြင်းဆိုပါတယ်။
“ လူနာရှင်က တော့လိုတာပေါ့။လူနာရှင်မပါရင် ရဲမှုခင်းက ခွင့်ပြုရင်တော့ ကျွန် တော်တို့ကုပေးပါတယ်။ဒါပေမယ့် အဲဒီမှုခင်းရဲထောက်ခံချက်ကလည်း ဒီဌာနပဲပြန် ရောက်တာဆိုတော့ ဝန်ထမ်း တွေစားပေါက်ကလေး တွေကတော့ ရှိတာပေါ့” လို့ သူက ဝန်ခံပါတယ်။
ပြည်သူ့ဆေးရုံကြီးက လက်ခံကုမပေးလို့ တခြားပုဂ္ဂလိကဆေး ရုံကိုပို့ရင်လည်း ဆေးရုံကြီးကမှုခင်းရဲ တွေနဲ့ နယ်မြေရဲ တွေဟာလက်ခံကု ပေးတဲ့ ဆေးရုံကို ပြသနာရှာတာမို့ ဘယ်ဆေးရုံကမှ ကုသ မပေးရဲကြဘူးလို့ဆိုပါတယ်။
မန္တလေးမြို့ကလူမှု ကူညီရေး အသင်းတခုက ရတဲ့စာရင်းမှာ ယာဉ်မတော်တဆမှု ၃၀ မှာ ၁၀ ခုက လူနာရှင်မပါတဲ့အမှု တွေဖြစ်တယ်လို့သိရပါတယ်။
“ ဒီနှစ်က ယာဉ်တိုက်မှုနည်းနည်း လျော့သွားတယ်။ပေါ်တာ တွေဆွဲတော့ လူတွေသိပ်မထွက်ကြဘူး။ထွက်ရင်လည်း တယောက်ထဲသိပ်မထွက်ကြတော့ တခုခုဖြစ်ရင် တောင်အဖော်ပါတယ်” လို့ လူမှုကူညီရေးအသင်းတသင်းက ပြောပါတယ်။
ဒီလို ပိုင်ရှင်မဲ့လူနာလက်မခံ တော့ တာကြောင့် သင်္ကြန်နဲ့ နှစ်သစ်ကူးညလိုမျိုး ပွဲတော်ညတွေမှာ မြို့ခံ လူမှုကူညီရေး အသင်း တွေဟာအရင်က ဆေးရုံကြီးနဲ့ညှိနှိုင်းပြီး ပြုလုပ်ခဲ့တဲ့ အရေး ပေါ်ကယ်ဆယ်ရေး အစီစဉ် တွေကို ရပ်လိုက်ကြပြီလို့ စုံစမ်းသိရပါတယ်။
“ အခုက အက်ဆီးဒင့်ဖြစ်လို့ ကိုယ့်အိမ်ကမသိဘူးဆိုရင်သေပေါ့။ ဆေးရုံက ဒီမူဝါဒနဲ့သွား နေတာ” လို့ ကိုငြိမ်းကပြောလိုက်ပါတော့တယ်။ ။


















































