■အချို့ကမြန်မာနိုင်ငံထဲထွက်ပြေးခွင့်ပေးဖို့ ၊ထိုင်းအာဏာပိုင်တွေထံမလွှဲပြောင်းဖို့လာဘ်ငွေပေးဖို့ကြိုးစား၊အချို့ကမေးမြန်းမှုကိုမဖြေ
■အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားဖို့ အထူးတာဝန်ပေးအပ်ခံရတဲ့ ဖိလစ်ပိုင်နိုင်ငံသား တဦးတည်းက တလလျင်အနည်းဆုံး ဒေါ်လာ ငါးသိန်း ရရှိခဲ့ဟု ထွက်ဆို
■သိမ်းဆည်းရတဲ့အထောက်အထားပစ္စည်းတွေ ပူးပေါင်းဆောင်ရွက်တဲ့ ကျွမ်းကျင်စုံစမ်းရေးအဖွဲ့တွေဆီ လွှဲပြောင်းပေးမယ်လို့KNUအသိပေး
နိုဝင်ဘာ-၂၅၊၂၀၂၅။ပုရစ်/People’s Spring

Public Service Announcement
မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့နယ်၊ ဖလူး(မင်းလက်ပံ)ဒေသမှာDKBA(ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်)ရဲ့အကာအကွယ်အောက် လည်ပတ်နေတဲ့နိုင်ငံတကာရာဇဝတ်မှုနဲ့ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေကို ထိရောက်စွာနှိမ်နင်းနိုင်ရေး နိုင်ငံတကာမှ လေးနက်မြန်ဆန်စွာပူးပေါင်းပါဝင်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကတောင်းဆိုချက်ထုတ်ပြန်လိုက်ပါတယ်။
DKBAဆိုတာတနိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းစစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်နေသလိုစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ လည်း ပူးပေါင်းဆောင်ရွက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။
KNU ရဲ့ထုတ်ပြန်ချက်မှာ စစ်တပ်ကနိုဝင်ဘာ ၂၁ရက်မှာ မင်းလက်ပံဒေသ(ဖလူး)ကို နယ်မြေစိုးမိုးရေး အင်အားသုံးထိုးစစ်ဆင်လာလို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ DKBA ဗိုလ်မှူးကြီး နိုင်လွင်ဦးဆောင်တဲ့ တပ်ဖွဲ့က စစ်တပ်နဲ့ ပူးပေါင်းပြီး KNU တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ဟု အသိပေးပါတယ်။ ဗိုလ်မှူးကြီး နိုင်လွင်ကို DKBA ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ စိုင်းကျော်လှက တိုက်ရိုက်ကွပ်ကဲတာလို့ သိရကြောင်း အသိပေးပြီး စိုင်းကျော်လှဆိုတာဟာလည်း နိုဝင်ဘာ၁၂ရက်မှာနိုင်ငံတကာရာဇဝတ်မှုနဲ့ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်လို့ ဆိုပြီး အမေရိကန်ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေး ယူမှုပြုလုပ်ခဲ့တဲ့ DKBA ခေါင်းဆောင်(၄)ဦးထဲက တဦးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
KNU ကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ DKBA တပ်ဖွဲ့တွေ တပ်စွဲရာနေရာကို ရှင်းလင်းရာမှာDKBA တပ်ဖွဲ့ဝင် အနည်းဆုံး ၂၃ဝ ဦးလက်နက်ချပြီး သူတို့ အခြေချစခန်းကိုသိမ်းပိုက်နိုင်ခဲ့ရာမှငွေလိမ်လုပ်ငန်း လုပ်ကိုင်ရာ ခြံဝန်းကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
DKBA တပ်ဖွဲ့တပ်စွဲထားတဲ့ နေရာဟာ နိုင်ငံပေါင်းစုံမှ ထောင်ချီသောလူများကို ဂိတ်အထပ်ထပ်ပိတ်၍ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆောင်ရွက်နေသော ခြံဝင်းဖြစ်နေကြောင်း တွေ့ရှိခဲ့လို့ အဲဒီ ခြံဝင်းပတ်လည်မှာ ခွင့်ပြုချက်မရှိဘဲ သွားလာမှုကို ကန့်သတ်တာ၊ ရာဇဝတ်မှုလုပ်ငန်းတွေမှာပါဝင်သူတွေ ထွက်ပြေးခြင်းမရှိစေဖို့ လုံခြုံရေးချမှတ်တာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ၂၂ရက်မှာ KNUကပိတ်မိသူတွေကိုဘေးကင်းရာပို့ဆောင်ဖို့နဲ့အွန်လိုင်း ငွေလိမ်လည်မှုလုပ်ငန်းတွေ ကွင်းဆက်အကဲဖြတ်ဖို့ မြေပြင်အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ သက်ဆိုင်ရာ ထိုင်းနဲ့ နိုင်ငံတကာအာဏာပိုင်တွေ၊ အေဂျင်စီတွေဆီကို ချက်ချင်းအကြောင်းကြားခဲ့ပြီး ဖြစ်ရပ်ကို စနစ်တကျကိုင်တွယ်ဖြေရှင်းဖို့လမ်းညွှန်မှုရရှိဖို့ တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်းအသိပေးပါတယ်။
အဲဒီလိုတိုင်ပင်ဆွေးနွေးတာတွေပြုလုပ်ပြီး ခြံဝင်းမှာပိတ်မိနေသူတွေကို ခွဲခြားသတ်မှတ်တာ၊ကာကွယ်စောင့်ရှောက်တာနဲ့ ဘေးကင်းစွာနေရပ်ပြန်ပို့တာအပြင်သက်သေအထောက်အထားများ စုဆောင်းခြင်းဆိုင်ရာ အကြံဉာဏ်များ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
“KNU ၏ စိုးရိမ်မှုများနှင့် လေးနက်မြန်ဆန်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အရေးတကြီး တောင်းဆိုချက် အခြေအနေသည် လျင်မြန်စွာပြောင်းလဲနေပြီး KNU မြေပြင်အဖွဲ့နှင့် အဆောက်အဦအတွင်း ပိတ်မိနေသော နိုင်ငံ များစွာမှ နိုင်ငံသားများအတွက် အသက်အန္တရာယ် စိုးရိမ်ရမှုများ အချိန်နှင့်အမျှ တိုးပွားလာနေသည်။ ဤမျှကြီးမားသော အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းကို ထိရောက်အောင်မြင်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာမှ လေးနက်မြန်ဆန်စွာ ပူးပေါင်းဆောင်ရွက်ပေးရန် KNU မှ အလေးအနက် တိုက်တွန်းတောင်းဆိုပါသည်” လို့ KNUက ထုတ်ပြန်ပါတယ်။
KNU ဒုတိယဥက္ကဋ္ဌနဲ့ အကြီးတန်း KNU/KNLA ခေါင်းဆောင်တွေ ဦးဆောင်တဲ့ အဆင့်မြင့် KNU မူဝါဒ အဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုနဲ့ Scam တိုက်ဖျက်ရေး အစီအစဉ်တွေ အာလုံးကို ထိရောက်စွာ စီမံခန့်ခွဲနိုင်စေဖို့ မြေပြင်အကဲဖြတ်အဖွဲ့တွေ၊ KNU ဒူးပလာယာနဲ့ ဖားအံခရိုင်တွေက ခေါင်းဆောင်တွေနဲ့ အနီးကပ် ညှိနှိုင်းပြီး တုံ့ပြန်မှုကို ညွှန်ကြားနိုင်ဖို့ စတင်ခဲ့ကြောင်းဖော်ပြပါတယ်။
Scam အလုပ်သမားတွေဆီက ထွက်ဆိုချက်အချို့ကို KNUက အသိပေးခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးက သူဟာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားဖို့ အထူးတာဝန်ပေးအပ် ခံရပြီး တစ်လလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀၀,ဝ၀ဝ ရရှိခဲ့ကြောင်း ထွက်ဆိုခဲ့ဟု KNUက ထုတ်ပြန်ပါတယ်။
“ဤကိစ္စမျိုး နှင့်ပတ်သက်ပြီး နောက်ထပ် သေချာစွာ စုံစမ်းစစ်ဆေးမှုများ မဖြစ်မနေ လုပ်ဆောင်ရန် အရေးကြီး ပါသည်။အခြားအလုပ်သမားတစ်ဦးက သူရောက်သည့်အချိန်မှစ၍ လုပ်ခလစာ လုံးဝမရရှိကြောင်း ထွက်ဆိုခဲ့သည်” ဟု KNUကဖော်ပြထားပါတယ်။
DKBA လုံခြံရေးယူပေးထားသောခြံဝန်းအတွင်းကွန်ပျူတာများ ၊အိုင်တီပစ္စည်းများနှင့်အတူ အွန်လိုင်းလိမ်လည်မှုလုပ်သူများ ပြည့်နေသော လေးထပ်အဆောက်အအုံ ၂ လုံး ၊ဆေးရုံ ၁ ရုံ ၊လူနေအိမ်အဆောက်အအုံများ အပါအဝင်ကွန်ကရစ်အဆောက်အအုံ ၂၀ ခန့်တွေ့ခဲ့ပါတယ်။ လူဦးရေ ၂၀၀၀ ခန့်ရှိပြီး တရုတ် ၊အီသီယိုးပီးယား ၊ရဝမ်ဒါ၊အီဂျစ် ၊ထိုင်း၊ လာအို ၊ဖိလစ်ပိုင် ၊မလေးရှား၊ထိုင်ဝမ် ၊ဟောင်ကောင်၊ ဘဂ်လားဒေရှ် စတဲ့နိုင်ငံတွေကဖြစ်တယ်လို့သိရပါတယ်။
ကျားဖြန့်လုပ်သူတွေအသုံးပြုတဲ့ ကွန်ပျူတာနဲ့ စက်ပစ္စည်းတွေကို ဖြုတ်သိမ်းထားပြီး နောက်ပိုင်းကျွမ်းကျင်တဲ့ ရာဇဝတ်မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေအတွက်သိမ်းယူထားတယ်လို့အသိပေးပါတယ် ။နိုဝင်ဘာ ၂၃ နဲ့ ၂၄ ရက်မှာ ကွန်ပျူတာအလုံးပေါင်း ၁၅၀၀ မှ ၂၀၀၀ အတွင်းနဲ့မိုဘိုင်းဖုန်း၁၀,၀၀၀ကိုသိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။
ဒါအပြင် အမြင့် ၄ ပေရှိတဲ့ မီးခံသေတ္တာတွေကိုရှာတွေ့ခဲ့ပြီး အများစုက သောခတ်လျက်ဖြစ်တယ်လို့ဖော်ပြပါတယ် ။ DICA မှာ ၂၀၁၆ သြဂုတ် ၂ ရက် နေ့စွဲနဲ့ မှတ်ပုံတင်ထားတဲ့Myanmar FutureStar ကုမ္ပဏီမှတ်ပုံတင်စာရွက်အပါအဝင်အခြားအရေးကြီးစာရွက်စာတမ်းတွေ တွေ့ရတယ်လို့ဆိုပါတယ်။
ထိုင်းနိုင်ငံသား ၂၈ ဦးကို ထိုင်းပဒေအရ အရေးယူနိုင်ဖို့ထိုင်းနိုင်ငံကိုလွှဲပေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင် နိုဝင်ဘာ ၂၄ ရက်မှာတရုတ်နိုင်ငံသား ၃၆ ဦးကိုထိုင်းကိုလွှဲပေးခဲ့တယ်လို့ဆိုပါတယ်။
ကျားဖြန့်လုပ်တဲ့အဆောက်အအုံတွေမှာ ၄ ပေ× ၆ ပေခန့်ရှိပြီးထိုင်ခုံ ၁ လုံပါတဲ့အလုံခန်းလေးတွေတွေ့ရပြီး ညှင်းပန်းနှိပ်စက်တာမှာ အသုံးပြုတာဖြစ်ဖွယ်ရှိတယ်လို့ KNU ရဲ့မြေပြင်အကဲခတ်အဖွဲ့က သံသယရှိတယ်လို့သိရပါတယ်။ဒါကြောင့် ကျွမ်းကျင်သူတွေနဲ့ သေချာစုံစမ်းစစ်ဆေးဖို့လိုတယ်လို့လည်းဖော်ပြပါတယ်။
ကျားဖြန့်လုပ်သူအချို့က လူ့အသတ်သေစေနိုင်တဲ့ လက်နက်တွေကိုင်ဆောင်ထားတာကိုတွေ့ရှိရတဲ့အတွက် KNU ရဲ့အရပ်ဖက် အကဲဖြတ်အဖွဲ့ဝင်တွေ နဲ့ ကျားဖြန့်လုပ်ငန်းမှ အခြားဝန်ထမ်းတွေကိုအသက်အန္တရာယ်ပြုမှာကိုလည်း ထိတ်လန့်ဖွယ်တွေ့ရှိရတယ်လို့အသိပေးပါတယ် ။ KNU ကမြေပြင်အကဲဖြတ်အဖွဲ့ကို ၃၃ ဦးနဲ့လုပ်ကိုင်နေတယ်လို့သိရပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကသူဌေးလေးလို့ခေါ်သူတွေ ၊ Site မန်နေဂျာတွေ ၊အဓမ္မဖိအားပေးစေခိုင်းခံရသူတွေကို KNU ရဲ့ အကဲဖြတ်အဖွဲ့မေးမြန်းခဲ့တာဖြစ်ပါတယ် ။ဒါပေမယ့်အချို့က ပူးပေါင်းဖြေဆိုခြင်းမရှိပဲ ကလန်ကဆန်လုပ်တာ ၊ဆန်ကျင်တာကြောင့်အခက်ကြုံခဲ့တယ် လို့သိရပါတယ်။အချို့ကမြန်မာနိုင်ငံထဲသို့ထွက်ပြေးခွင့်ပေးဖို့ ၊ထိုင်းအာဏာပိုင်တွေထံလွှဲမပေးဖို့ KNU ဝန်ထမ်းတွေကို လာဘ်ငွေပေးရန်ကြိုးစားနေကြတာကိုလည်းတွေ့ရပါတယ်။
နိုဝင်ဘာ ၂၅ရက်မနက်မှာလည်း Scam အလုပ်သမားရာပေါင်းများစွာဟာအသေခံဒရုန်းတိုက်ခိုက်မှုများ ရှိမည်ဟု ကြားလို့ထိတ်လန့်တုန်လှုပ်စွာ ခြံဝင်းတွင်းမှ ထွက်ပြေးဖို့ ကြိုးစားခဲ့သလို အဆောက်အအုံများတွင်းရှိ Scam အလုပ်သမားများအချင်းချင်း ရန်ပွဲများ ဖြစ်နေလို့ ဆူညံသံတွေနဲ့ အရိပ်အယောင်တွေ တွေ့ရှိခဲ့ဟု KNU က ထုတ်ပြန်ပါတယ်။
KNUအနေနဲ့ ကျန်ရှိနေတဲ့လူပုဂ္ဂိုလ်တွေကို ဆက်လက်ဖော်ထုတ်ပြီး စုံစမ်းစစ်ဆေးမှုအချို့ကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပေမယ့် ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုနဲ့ အထောက်အထားစုဆောင်းမှုတွေကို စစ်ဆေးနိုင်ဖို့ KNU တစ်ဖွဲ့တည်းက စွမ်းဆောင်နိုင်မည်မဟုတ်ဟု အသိပေးထားပါတယ်။
“KNU မြေပြင်အဖွဲ့မှ ယခုအချိန်အထိ သိမ်းဆည်းရမိသော ပစ္စည်းအထောက်အထားအားလုံးကို KNU နှင့် ပူးပေါင်း ဆောင်ရွက်နေသော အာဏာပိုင်များ၏ ကျွမ်းကျင်စွာ လေ့ကျင့်ပေးထားသော ရာဇဝတ်မှုဖြစ်ပွားရာနေရာတို့အပေါ် စုံစမ်းစစ်ဆေးသည့် ကျွမ်းကျင်စုံစမ်းစစ်ဆေးရေးအဖွဲ့များထံ လွှဲပြောင်းပေးမည်ဖြစ်သည်။ နက်ရှိုင်းစွာ အမြစ်တွယ်နေသော၊ ရှုပ်ထွေးသော နိုင်ငံတကာဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်များကို တိုက်ဖျက်ရေးကြိုးပမ်းမှုများသည်ခိုင်မာသောခေါင်းဆောင်မှု၊ မယိမ်းယိုင်သော ကတိကဝတ်နှင့် ထိခိုက်ခံရသော သာ နိုင်ငံများ၊ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သည်” လို့ KNUက ထုတ်ပြန်ပါတယ်။
ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုနဲ့ ဖလူး(မင်းလက်ပံ)ရှိ Scam Center ဟာနိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေအတွက် Case Study လက်တွေ့ ဖြစ်ရပ်တစ်ခုအနေနဲ့ လေ့လာနိုင်ဖို့ အင်မတန် အရေးကြီးတဲ့ အခွင့်အလမ်းဖြစ်ကြောင်းလည်း အသိပေးပါတယ်။အကယ်၍ နိုင်ငံတကာက လျင်မြန်စွာနဲ့ လေးနက်စွာ ပါဝင်ဆောင်ရွက်မှုတွေမရှိရင် အခွင့်အရေး ဆုံးရှုံးမည်ကို လွန်စွာစိုးရိမ်ကြောင်း KNUကဖော်ပြပါတယ်။
နောက်ဆက်တွဲ အခြေအနေဖြစ်ပေါ်မှုတွေကို အချိန်နဲ့တပြေးညီ အသိပေး မျှဝေသွားမယ်လို့လည်း KNUက ထုတ်ပြန်ခဲ့ပြီး အုပ်ချုပ်မှုနယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့၊ နိုင်ငံတကာ ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ ၊ သားကောင်တွေကို ကာကွယ်ဖို့၊ နယ်စပ်နဲ့ ပြင်ပတွင် လှုပ်ရှားနေသော ရာဇဝတ်မှုကွန်ရက်တွေအတွက် တာဝန်ခံမှုရှိစေဖို့ တော်ဝင်ထိုင်းအစိုးရနဲ့ အခြားသက်ဆိုင်ရာ အာဏာပိုင်တွေ၊ အဖွဲ့အစည်းတွေနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ပါတယ်။
ဖလူး (မင်းလက်ပံ)ဒေသ အနီးတဝိုက်ကိုစစ်တပ်နဲ့ စစ်တပ်ကိုကူညီနေတဲ့ အဖွဲ့ချို့ကဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်တာမို့ တိုက်ပွဲတွေဆက်လက်ဖြစ်နေပါတယ် ။ဒါကြောင့် ခြံဝန်းနဲ့ ပတ်ဝန်းကျင် လုံခြုံရေးကို KNU က ဆက်လက်တာဝန်ယူထားတယ်လို့သိရပါတယ် ။
စစ်တပ် နဲ့ BGF က အောက်တိုဘာလကစပြီး KK Park နဲ့ ရွှေကုက္ကိုလ်မှာ ကျားဖြန့် နှိမ်နင်းရေးလုပ်တယ်ဆိုပြီး လူတွေကို ကြိုထွက်ပြေးခိုင်းကာ၊ အဆောက်အအုံတွေကို ဗုံးခွဲ ၊ကွန်ပျူတာနဲ့ ဖုန်းတွေကိုဖျက်ဆီးနေတာဖြစ်ပါတယ် ။ အဲဒီအချိန်မှာ KNU က DKBA အကာအကွယ်ပေးနေတဲ့ ကျားဖြန့်ရုံကိုစီးနင်းပြီး လူတွေ ၊ကွန်ပျူတာတွေ ၊ဖုန်းတွေ၊လုပ်ငန်းသုံးပစ္စည်းတွေကိုထိန်းသိမ်းပြီး ရာဇဝတ်မှုကျွမ်းကျင်းသူတွေစစ်ဆေးနိုင်ဖို့ လွှဲပြောင်းပေးဖို့ လုပ်နေတာဖြစ်ပါတယ်။
စစ်တပ်ကို ခုခံတိုက်ခိုက်တာရော ၊စတင်ပစ်ခတ်တဲ့ DKBA တပ်ဖွဲ့တွေကို လက်နက်ချခိုင်းပြီး ဖမ်းဆီးတာကို နာမည်ကျော် ဗိုလ်ဒါဘော နဲ့ KNLA တပ်ဖွဲ့ဝင်တွေကလုပ်ခဲ့တာလို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
United States Institute of Peace(USIP)ရဲ့ အစီရင်ခံစာတွေအရ BGF ဟာကျားဖြန့်လုပ်ငန်းတွေကနေ နှစ်စဉ် ဒေါ်လာသန်းရာနှင့်ချီ ရရှိနေတယ်လို့ဖော်ပြပါတယ်။ BGF ဟာ စစ်ကောင်စီရဲ့ ကွပ်ကဲမှုအောက်မှာ ရှိပြီး BGF အဖွဲ့ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို စစ်တပ်သို့ ခွဲဝေပေးတယ်လို့အစီရင်ခံစာတွေက ဆိုပါတယ်။


























































