နိုဝင်ဘာ – ၂၉ ၊၂၀၂၅ ၊နိုင်ပကောင်း /People’s Spring
နယ်မြေတည်ငြိမ်းအေးချမ်းရေးကို ရှေးရှုတဲ့အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ သွားလာမှုကို ပိတ်ပင်ထားတဲ့ မြဝတီမြို့တောင်ပိုင်းကဖလူးလေး၊ဝေါ်လေနဲ့ စုကလိလမ်းပိုင်းကိုဒီနေ့ (နိုဝင်ဘာ၂၉)ရက်မှာ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖလူးလေး၊ ဝေါ်လေနဲ့ စုကလိအထိ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဖြတ်သန်းသွားလာတာ ခွင့်မပြုဘူးလို့ DKBA က နိုဝင်ဘာ ၂၆ ရက်နေ့ကမှာ ကြေညာချက်ထုတ်ထားတာပါ။
အဲဒီကြေညာချက်ကို လေးရက်အကြာမှာ ပြန်လည်ရုတ်သိမ်းသွားပါတယ်။

Public Service Announcement
“ နယ်မြေတည်ငြိမ်းအေးချမ်းရေးကို ရှေးရှုသောအားဖြင့် ပြန်လည်ရုတ်သိမ်းလိုက်သည်” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ထိန်းချုပ်နယ်မြေထဲ ဘယ်နက်ကိုင်အဖွဲ့ကိုမှ ဖြတ်သန်းသွားလာခွင့်မပြုဘူးဆိုတဲ့ ကြေညာချက်ကို မြဝတီမြို့ တောင်ဘက်ရှိ မင်းလက်ပံရွာမှာ DKBA တပ်ဖွဲ့ဝင်တွေ KNU ရဲ့ ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းတာခံရပြီးနောက် DKBA က ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။
နိုဝင်ဘာလ ၂၁ ရက်က မြဝတီမြို့တောင်ဘက် ၁၆ ကီလိုမီတာခန့်အကွာ မှာရှိတဲ့ ဖလူး ( မင်းလက်ပံ) ဒေသ အနီးကို နယ်မြေစိုးမိုးဖို့ အတွက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာမှာ KNU တပ်ဖွဲ့ တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ DKBA တပ်ဖွဲ့က စစ်ကောင်စီတပ်ဘက်ကနေ တိုက်ခိုက်လာတယ်လို့ KNU က နိုဝင်ဘာလ ၂၅ ရက်မှာ ကြေညာ ချက် ထုတ်ထားပါတယ်။
KNU ကိုတိုက်ခိုက်တဲ့ DKBAတပ်ဖွဲ့ကို ဗိုလ်မှုးကြီးနိုင်လွင် ဦးဆောင်တာဖြစ်ပြီး သူ့ကို စိုင်းကျော်လှ ဆိုသူက ကွပ်ကဲတာလို့ KNU ဆိုပါတယ်။
စိုင်းကျော်လှ ဟာ ကျားဖြန့် လုပ်ငန်းတွေမှာပါဝင် ပတ်သက်လို့ အမေရိကန် အစိုးရက နိုဝင်ဘာလ ၁၂ ရက်မှာ ပိတ်ဆို့အရေးယူထားသူ DKBA ခေါင်းဆောင် လေးဦး ထဲက တစ်ဦး ဖြစ်တယ်လို့ KNU က ဖော်ပြပါတယ်။
KNU တပ်ဖွဲ့တွေက DKBA တပ်ဖွဲ့ တပ်စွဲ ရာနေရာတွေကို ရှင်းလင်းတိုက်ခိုက်ရာမှာ DKBA တပ်ဖွဲ့ဝင် အနည်းဆုံး ၂၃၀ ခန့် လက်နက်ချလာသလို အဲဒီနေရာ တဝိုက်မှာ နိုင်ငံပေါင်းစုံက ထောင်ချီတဲ့ လူတွေရှိနေပြီး ဂိတ်အထပ်ထပ်ချကာ ကျားဖြန့် လုပ်ငန်း လုပ်ကိုင် နေတဲ့ ခြံဝင်းကိုတွေ့ရှိခဲ့ရတယ်လို့ KNU က ကြေညာချက်ထည့်ရေးထားပါတယ်။
DKBA ကလည်း ကရင်ပြည်နယ် ၊မြဝတီမြို့နယ်ထဲက ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ စုကလိ ၊ ဝေါ်လေ နဲ့ ဖလူးလေး ဒေသတွေဆီ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကို မဆို ဖြတ်သန်း သွားလာခွင့်မပြုဘူးလို့ နိုဝင်ဘာလ ၂၆ ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြီးတုံ့ပြန်ခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ဖို့ KNU နဲ့ DKBA ကြား ဆွေးနွေးခဲ့ပြီးနောက်နိုဝင်ဘာလ ၂၇ ရက်မှာ KNU က ပြန်လွှတ်ပေး လိုက်ပါတယ်။
















































