နိုဝင်ဘာ-၂၉၊ ၂၀၂၅။ တာရာ/People’s Spring
ရန်ကုန်တိုင်း၊ ခရမ်းနဲ့ သုံးခွမြို့နယ်တို့မှာ စစ်တပ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာကြောင့် ညမထွက်ရအမိန့် အချိန်ပြောင်းလဲသတ်မှတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က စတင်ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပြီး ဒေသခံတွေအနေနဲ့ အခက်အခဲတွေဖြစ်လာတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အရင်က မနက် ၁နာရီကနေ ၃ နာရီအထိကို ညမထွက်ရ အမိန့် သတ်မှတ်ထားရာကနေ ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို အချိန်တိုးမြှင့်လိုက်တာပါ။

Public Service Announcement
အခုလို ညမထွက်ရအမိန့် အချိန်တိုးမြှင့်လိုက်ခြင်းဟာ စစ်ကောင်စီရွေးကောက်ပွဲ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာနဲ့ လူစုလူဝေးဖြစ်မှာ စိုးရိမ်လို့ ဖြစ်ကြောင်း ခရမ်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ အစောပိုင်းက ရန်ကုန်တိုင်းတစ်တိုင်းလုံးကို မနက် ၁ နာရီကနေ ၃ နာရီအထိ ညမထွက်ရအမိန့် သတ်မှတ်ထားတာပါ။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲလုံခြုံရေးကို အကြောင်းပြပြီး လူငယ်တွေကို ပစ်မှတ်ထားပြီး တောက်လျှောက်ဖမ်းဆီးနေသလို အရင်ထက်လည်း လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။
















































