တူရကီနိုင်ငံ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဟာ အထင်ကရ ဗလီကြီးတစ်ခုဆီ သွားရောက် လည်ပတ်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့က အစ္စတန်ဘူလ် မြို့မှာရှိတဲ့ နာမည်ကျော် ဗလီပြာကြီးဆီကို ပုပ်ရဟန်းမင်း လီယိုက အလည်အပတ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ် ရာထူးကို ရယူပြီးနောက်ပိုင်း အစ္စလာမ် ဘာသာရေး အထင်ကရ အဆောက်အအုံ တစ်ခုဆီ ပထမဆုံးအကြိမ် ပုပ်လီယိုက သွားရောက်ခြင်းလည်း ဖြစ်ပါတယ်။
ဗလီပြာကြီးဟာ ဝတ်ပြုသူ ၁၀၀၀၀ လောက် ဝင်ဆံ့တဲ့ ဧရာမ ဘာသာရေး အဆောက်အအုံကြီး တစ်ခုလည်း ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ အဆောက်အအုံထဲမှာ မိနစ် ၂၀ လောက် လှည့်လည်ကြည့်ရှုရင်း သူသိချင်တာတွေကိုလည်း စိတ်ဝင်တစား မေးမြန်းနေခဲ့ပါတယ်။ ပြီးတော့ သမိုင်းကြောင်း ရှင်းပြသူ ဗလီရဲ့ အရာရှိ တစ်ဦးနဲ့ တစ်ခုခု အရွှန်းဖောက် ပြောဆိုရင်း ပွဲကျ ရယ်မောနေတာကိုလည်း တွေ့ခဲ့ရပါတယ်။
ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်က ဗလီထဲကို ဝင်ကြည့်ချင်တယ်၊ ဗလီရဲ့ အငွေ့အသက်တွေကို ခံစားကြည့်ချင်တယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း၊ အခုလည်ပတ်မှု အတွက်လည်း ပုပ်ရဟန်းမင်းကြီးက အရမ်း ကျေနပ်သွားခဲ့ကြောင်း ဗလီ အရာရှိ တစ်ဦးဖြစ်သူ အက်စ်ကင်တွန်ကာက ပြောပါတယ်။

Public Service Announcement
ဗလီထဲမှာ ရှိနေရင်း ဘုရားသခင်ဆီ ဝတ်ပြု ဆုတောင်းတာမျိုး လုပ်လိုသလားလို့ ကမ်းလှမ်းခဲ့တဲ့အခါ ပုပ်လီယိုကတော့ လှည့်ပတ်ကြည့်ရှုတာမျိုးနဲ့ပဲ ကျေနပ်ပါတယ်လို့ တုံ့ပြန်ခဲ့တယ်လို့ တွန်ကာက ဆိုပါတယ်။
ပုပ်ရဟန်းမင်း စိုးစံရာ ဗာတီကန် နန်းတော်ကတော့ ပုပ်လီယိုဟာ ဗလီပြာနဲ့ အဲဒီအဆောက်အအုံမှာ ဝတ်ပြုသူတွေရဲ့ လေးနက်တဲ့စိတ်အပေါ် လေးစားမှု အပြည့်နဲ့ သွားရောက်လေ့လာခဲ့၊ ရှင်းပြတာတွေကို နားထောင်ခဲ့တယ်လို့ ကြေညာပါတယ်။
ပုပ်ရဟန်းမင်းကြီးက ဗလီထဲက ပြန်ထွက်ခါနီးမှာတော့ ပုံမှန်ဆိုရင် အဝင်ပဲ ခွင့်ပြုပြီး ထွက်ခွင့်မပေးတဲ့ ဝင်ပေါက်ကနေ ထွက်ခွာဖို့ တာဝန်ရှိသူတွေက စီစဉ်ပေးခဲ့ပါတယ်။ ဒါကြောင့် အပြင်ထွက်ခွင့် မပြုကြောင်း သတိပေးချက်ကို ပုပ်ရဟန်းမင်းကြီး ညွှန်ပြရင်း ဒီကနေ ထွက်လို့ မရဘူးမဟုတ်လားလို့ မေးတဲ့အခါ တွန်ကာက ပုပ်လီယို အနေနဲ့ ပြန်မသွားတော့ဘဲ ဒီမှာပဲ အပြီးနေလို့ ရပါတယ်ဆိုပြီး ကျီစယ်ခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးအဖြစ် ရာထူးဆက်ခံပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံး ခရီးစဉ်အတွက် လက်ဘနွန်နဲ့ တူရကီ နိုင်ငံတွေကို ပုပ်လီယိုက ရွေးချယ်ခဲ့ပါတယ်။ သူဟာ နိုဝင်ဘာ ၃၀ မှာ တူရကီကနေ ပြန်လည်ထွက်ခွာမှာပါ။
ပုပ်လီယို သွားရောက် လည်ပတ်ခဲ့တဲ့ ဗလီပြာရဲ့ တရားဝင် နာမည်ကတော့ ပထမ ဆူလ်တန် အာမက်ဘုရင် ဗလီဖြစ်ပါတယ်။ ဆူလ်တန် အာမက် ဘုရင်ဟာ အော့တိုမန် အင်ပါယာရဲ့ ခေါင်းဆောင်အဖြစ် ၁၆၀၃ ကနေ ၁၆၁၇ ထိ စိုးစံခဲ့ပြီး ဗလီပြာကြီး တည်ဆောက်မှုကို ကြီးမှူးခဲ့သူ ဖြစ်ပါတယ်။ အဆောက်အအုံကြီးမှာ အပြာရောင် ကြွေပြားတွေ အမြောက်အမြားနဲ့ ဆင်ယင်ထားတာကြောင့် ဗလီပြာဆိုတဲ့ နာမည်နဲ့ ပိုပြီး ကျော်ကြားတာ ဖြစ်ပါတယ်။
ကိုးကား: Al Jazeera
















































