close
Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်​ပေါင်းစု-SRA ကို တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ စတင်ဖွဲ့စည်း၊ တပ်​ပေါင်းစုမှာ တပ်ဖွဲ့ဝင်အင်အား​သောင်းနဲ့ချီရှိ

ဒီဇင်ဘာ-၁၅၊၂၀၂၅။​နေသစ်/People’s Spring

စစ်အုပ်စုကို ဗျူဟာမြောက်တိုက်ခိုက်ဖို့ အတွက်နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု – SRAကို တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ စတင်ဖွဲ့စည်းကြောင်း အဆိုပါ SRAက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)​၊ချင်းညီနောင်၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ယောတပ်တော်(YA)၊ယောကာကွယ်ရေးတပ်(YDF)၊96 Soldiers PDF၊ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ ဗမာ့တပ်တော်(BA)အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့​ဖော်ပြထားပါတယ်။

“ ကျွန်တော်တို့တွေက နွေဦးတော်လှန်ရေးအစကတည်းက လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို အားကောင်းမောင်းသန်ကူးပြောင်းသွားကတည်းက နေရာဒေသအသီးသီးမှာ ပုံသဏ္ဍာန်မျိုးစုံ နဲ့တိုက်ပွဲဝင်နေကြတာ အသီးသီးရှိပါတယ်။အဲဒီ အတွက်ကြောင့်ပဲ တော်လှန်ရေး လေးနှစ်ကျော်၊ငါးနှစ်ကြာလာတဲ့ကာလအတွင်းမှာ ဒီတပ်​ တွေကြားမှာ စုစည်းမှု ပိုခိုင်မာဖို့ တပ်ပေါင်းစုဖွဲ့ရတာဖြစ်ပါတယ်” လို့ SRA အဖွဲ့ဝင် ကျောင်းသားလက်ရုံးတပ်တော်ရဲ့ဒုဥက္ကဌ(၁)ကိုမင်းဟန်ထက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ​ကြောင့် SRA မှာ အာဏာသိမ်းစစ်တပ်ကို ​တော်လှန်တိုက်ခိုက်​နေတဲ့ အဖွဲ့​တွေများစွာပါဝင်​နေတာဖြစ်ပါတယ် ။

နွေဦးတော်လှန်ရေးမဟာမိတ် – SRAကို ခိုင်မာကျယ်ပြန့်တဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစုတရပ် ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး တော်လှန်ရေးတပ်ဖွဲ့ (၇)ဖွဲ့ဟာ၂ဝ၂၅ မေလမှာစတင်ညှိနှိုင်းခဲ့ကြပြီး နိုဝင်ဘာပထမအပတ်မှာ တပ်ဖွဲ့ (၁၄) ဖွဲ့နဲ့ ကနဦးတွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်နိုင်ခဲ့တယ်လို့ ​ဖော်ပြပါတယ်။

အဲဒီကတဆင့် ဘုံသဘောတူညီချက်တွေရရှိလာခဲ့ပြီး ထပ်မံဖိတ်ကြားသင့်တဲ့အဖွဲ့တွေကို ဖိတ်ခေါ်ပြီးတပ်ပေါင်းစု ဖြစ်မြောက်ရေးညီလာခံတရပ်ကို လွတ်မြောက်နယ်မြေတနေရာမှာနိုဝင်ဘာ ၂၁ ရက်ကစတင်ပြီး (၃)ရက်တာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။

အဲဒီညီလာခံမှာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(Spring Revolution Alliance – SRA)ကို အဖွဲ့ဝင်တပ်ဖွဲ့ (၁၉) ဖွဲ့နဲ့ ဖွဲ့စည်းနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။ ညီလာခံအတွင်း တပ်ပေါင်းစုရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေ ဆွေးနွေးအတည်ပြုတာ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တာနဲ့ တော်လှန်ရေးကတိကဝတ်ပြု လက်မှတ်ရေးထိုးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အခုပေါင်းစည်းလိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ခေတ်အဆက်ဆက် ပြည်သူလူထုတောင်းဆိုချက်နဲ့ တော်လှန်ရေးရည်မှန်းချက်များဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးအတွက်အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။

အချက်လေးချက်ပါတဲ့ ကတိကဝတ်မှာ စစ်အုပ်စုရဲ့ရာဇဝတ် မှုတွေ၊လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အထွေထွေအကြပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ ပြည်သူလူထုလွတ်မြောက်ဖို့ တပ်ပေါင်းစုအားနဲ့ တိုက်ပွဲ ဝင်မယ်လို့ ​ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေး လွှမ်းခြုံကွပ်ကဲနိုင်မှုနဲ့ချိတ်ဆက်မှုအားနည်းတာတွေကို ပြင်ဆင်ပြီး ခိုင်မာကျယ်ပြန့်တဲ့ မဟာမိတ်တပ်ပေါင်းစုအသွင် နဲ့ ရှင်လင်းအားကောင်းတဲ့ ကွပ်ကဲမှုယန္တရား တစ်ခု ဖော်ဆောင်မယ်လို့လည်းဆိုပါတယ်။

ကတိကဝတ်ရဲ့နောက်ဆုံးအချက်ကတော့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုအနေနဲ့ နိုင်ငံရေး၊စစ်ရေး ဆိုင်ရာဦးတည်ချက်၊ရည် ရွယ်ချက် နဲ့လုပ်ငန်းစဥ်တွေကို စုစည်းညီညွတ်မှု တွေနဲ့အကောင်အထည်ဖော်မယ်လို့ လက်မှတ်ရေးထိုးထားပါတယ်။

လတ်တလောတပ်ပေါင်းစုထဲ မပါဝင်နိုင်သေးတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကိုလည်း မူဝါဒ သတ်မှတ်ချက်တွေနဲ့အညီ ထပ်ဖိတ်ခေါ်မယ်လို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု က အသိပေးပါတယ်။ဒါ့အပြင်တပ်ပေါင်းစုရဲ့ရှေ့ဆက်လုပ်ငန်းစဉ်တွေ အကောင်အထည်ပေါ်လာစေဖို့ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

“ အခု ပါဝင်ကြတဲ့တပ်တွေကတစ်နှစ်နီးပါးကြိုတင်ပြင်ဆင်မှုတွေ၊တွေဆုံဆွေးနွေးမှုတွေ အကြိမ်များစွာပြုလုပ်ခဲ့တယ်။အဲဒီအတွက်ကြောင့်လဲ စစ်ရေးစီမံချက်တွေကို မဟာဗျူဟာကျ ရေးဆွဲ ပြီး ဆက်ပြီး တိုက်ပွဲဝင်ဖို့ရည်ရွယ်ပါတယ်” လို့ကိုမင်းဟန်ထက်က ရှင်းပြပါတယ်။

ဖွဲ့စည်းမှုထဲမှာပါတဲ့ တပ် ၁၉ ဖွဲ့က မြန်မာနိုင်ငံ နေရာဒေသအသီးသီးမှာ ရှိနေကြပြီးတော့ တပ်ဖွဲ့ဝင်အင်အားက သောင်းဂဏန်းရှိတယ်လို့ SRA အဖွဲ့ဝင် ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဒုဥက္ကဌ ၁ က အသိပေးပါတယ်။

“ ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုတွေ၊ထိုးစစ်တွေကို ဆက်ပြီးဆောင်ရွက်သွားမယ်” လို့ သူကဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

Facebook