ဒီပ/People’s Spring
“ ဟန်ပြ ဇာတ်ကားရိုက်နေတာ မပြီးကြသေးဘူး” စစ်တပ် နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)တို့က မြဝတီမြို့အနီးဝန်းကျင်မှာ ကျားဖြန့်တိုက်ဖျက်ရေးလုပ်နေတယ်ဆိုပြီး တိုက်တွေဖြိုလိုက်၊ကွန်ပျူတာနဲ့ ဖုန်းတွေကိုလမ်းကြိတ်စက်နဲ့ ကြိတ်လိုက် ၊မီးတွေရှို့လိုက်လုပ်နေတဲ့အပေါ် ဒေသခံတဦးကပြောလိုက်ပါတယ်။
စစ်တပ်ရဲ့အကျင့်ကို သိနေတဲ့ ပြည်သူတွေအတွက်စစ်အုပ်စုဝါဒဖြန့်နေမှုတွေအပေါ် စိတ်မဝင်စားကြတာ တွေ့ရပါတယ်။ ဒါပေမယ့် စစ်အုပ်စုကျားဖြန့်တိုက်ဖျက်ရေး ဟန်ပြဇာတ်ကားရိုက်နေတာရဲ့နောက်ကွယ် မြေပြင်ဖြစ်ပျက်နေတာတွေက သတိထားစရာအချက်တွေရှိနေပါတယ် ။
■စစ်အုပ်စုနဲ့ မဟာမိတ်တွေ ငွေရှာကောင်းနေ

Public Service Announcement
ကျားဖြန့်တိုက်ဖျက်ရေးခေါင်းစပ်တပ်ပြီး သက်သေခံပစ္စည်းတွေဖျောက်နေကြမှာ စစ်တပ်လက်အောက်ခံ အုပ်ကြီးတွေ ၊ရဲတွေ ၊ပျူစောထီးတွေကစပြီး BGF ၊ DKBA တို့ဟာ ကျားဖြန့်လုပ်တဲ့သူတွေဆီက ငွေညှစ်လို့ကောင်းနေကြတယ်လို့ဒေသခံတွေကပြောပါတယ် ။
ဒီထဲက ဖြစ်ရပ်တစ်ခုပြောပြပါမယ်။
နိုဝင်ဘာ ၂၇ ရက်က မြဝတီမြို့ ၊အမှတ်(၄)ရပ်ကွက်က စစ်တပ်ချိတ်ပိတ်ထားတဲ့အိမ်တစ်လုံးကို စစ်သားတွေ၊ရဲတွေ၊အုပ်ကြီး၊ပျူ၊ BGF ၊DKBA ပူးပေါင်းအဖွဲ့က ကျားဖြန့်လုပ်သူတွေရှိတယ်ဆိုပြီး ဖမ်းဆီးပြပါတယ်။ဒီအိမ်က စစ်တပ်အာဏာသိမ်းကတည်းက စစ်တပ်ကိုဆန့်ကျင်ပြီး တော်လှန်ရေးမှာပါဝင်နေတဲ့ အေအေစီကိုရဲမင်းရဲ့အိမ်ပါ။
သူ့အိမ်ကိုစစ်တပ်က ချိတ်ပိတ်ပြီး DKBA ကအရာရှိနဲ့ အမှတ် (၄)ရပ်ကွက်အုပ်ကြီးတွေပေါင်းပြီးကျားဖြန့်လုပ်တဲ့တရုတ်နိုင်ငံသား ၃၀ ကျော်ကိုငွေယူပြီးထားတာပါ။ တခါ သူတို့ကပါ ကျားဖြန့်တိုက်ဖျက်ရေးအတွက် ပတ်ဝန်းကျင်ကတိုင်လို့ဖမ်းတဲ့ပုံစံနဲ့ ပြန်ဖမ်းတာဖြစ်ပါတယ် ။တရုတ်နိုင်ငံသားအမျိုးသား ၃၁ ဦး၊ စကားပြန်အပါအဝင် အမျိုးသမီး ၃ ဦးပါတဲ့ အုပ်စုဟာ နိုဝင်ဘာ ၂၇ ရက်ညမှအဖမ်းခံရပြီး သူတို့ရဲ့ပိုက်ဆံတွေ ၊ဖုန်းတွေ ၊တန်ဖိုးရှိသမျှအကုန်လုံးကို စစ်တပ် လက်အောက်ခံတွေက ခွဲဝေယူလိုက်ကြတယ်လို့ ဖြစ်စဥ်သိသူတချို့ကပြောပါတယ် ။သက်သေခံအနေ နဲ့ ပစ္စည်းနည်းနည်းကိုပဲ ရဲစခန်းကိုအပ်တာလို့ဆိုပါတယ် ။
ဒီတင်မပြီးသေးပါဘူး။ အဲဒီတရုတ်တွေကိုပဲ ကျားဖြန့်လုပ်တာမှာကျွမ်းကျင်သူတွေ မလို့တခြားကျားဖြန့်ရုံတွေမှာ ခိုင်းဖို့ ဆိုပြီး စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေက ၁ ဦးကိုဘတ် ၅ သိန်း၊ ၆ သိန်း (ကျပ်သိန်း ၆၀၀ ကျော်မှ ကျပ်သိန်း ၇၀၀ ကျော်)နဲ့ပြန်ရောင်းကြပြန်တယ်လို့ဒေသခံအချို့ကပြောပါတယ် ။
စစ်အုပ်စုက အိမ်ကိုချိတ်ပိတ်တဲ့အပြင် အမည်ဆိုးနဲ့ကျော်ကြားတဲ့ကျားဖြန့်တွေကို အိမ်ပေါ်ထားတဲ့လုပ်ရပ်က နှစ်ထပ်ကွမ်းရင်နာရတယ်လို့ အေအေစီကိုရဲမင်းကပြောပါတယ်။
“ ကျွန်တော်တို့တွေ အိမ်ကိုပစ်ပြီးပြေးခဲ့ရတယ် ။ကျွန်တော်တို့အိမ်လေးတွေ ချိတ်ပိတ်ခံရတယ်။အဲဒီချိတ်ပိတ်ထားတဲ့အိမ်မှာပါထပ်ပြီးတော့ လူလိမ်ကျားဖြန့်တွေထပ်ထားပြီးတော့ သူတို့ ဒီလိုရုပ်ရှင်ရိုက်ပြတဲ့အကွက် မျိုးတွေက ကျွန်တော်တို့ရင်တွေ နှစ်ထပ်ကွမ်းနာရတယ်” လို့ အေအေစီကိုရဲမင်းက People’s Spring ကပြောပါတယ်။
အခုဆိုရင်ကျားဖြန့်လုပ်သူတွေက ကရင်ပြည်နယ်တင်မကပဲ တခြားဒေသတွေကိုပါထွက်ပြေး၊ပျံ့နှံ့သွားပြီဖြစ်ပါတယ်။ဒါကြောင့်ကျန်ဒေသတွေမှာလည်းသူလို ချိတ်ပိတ်ခံရတဲ့သူတွေရဲ့အိမ်တွေပေါ် စစ်အုပ်စုကကျားဖြန့်တွေထားနိုင်တယ်အလားအလာတွေရှိနေပြီလို့သူကဆက်ပြောပါတယ်။
●မြဝတီကနေ ရန်ကုန် တရုတ် ၁ဦး သိန်း ၁၅၀ ထိပေါက်
ကရင်ပြည်နယ်မှာ အရင်လိုအခြေအနေ သိပ်မကောင်းတော့လို့ ရန်ကုန်ဘက်ကိုသွားချင်တဲ့ တရုတ် ၁ ဦးဆိုရင် ပို့ဆောင်ခ ကျပ်သိန်း ၁၅၀ အထိပေါက်တယ်လို့ မြဝတီ ဒေသခံအချို့ကပြောပါတယ် ။ ဘယ်သူတွေက ပို့ပေးနေလဲ ဆိုရင် စစ်တပ်နဲ့ နီးစပ်သူတွေ နဲ့ DKBA၊BGF တပ်ဖွဲဝင်တွေကပဲ ပို့ပေးတာလို့ ဒေသခံအချို့ကပြောပါတယ်။
မြဝတီမြို့အနီးက ကျားဖြန့် လုပ်တဲ့နေရာတွေကို ဟန်ပြ နှိမ်နင်းပြတာမှာ ကျားဖြန့်လုပ်တဲ့ တရုတ်တွေဟာ ရန်ကုန် ၊ဘားအံ့၊ဘုရားသုံးဆူ အပြင်နေရာစုံကိုသွားကြတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ဒါအပြင် ကျားဖြန့်ရုံအသစ်တွေကို စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေက နွေရော၊ညပါအမြန်တည်ဆောက်နေပြီး နေရာပြောင်းလုပ်ငန်းလည်ပတ်ဖို့လုပ်နေတာလည်း မနည်းမနေရှိနေတယ်လို့ စုံစမ်းသိရပါတယ်။
DKBA အကာအကွယ်ပေးထားတဲ့ မင်းလက်ပံ(ဖလူး)ဒေသက ကျားဖြန့်ခြံဝန်းကို KNU/KNLA ဖမ်းဆီးခဲ့စဥ်တုန်းကလည်း ဖမ်းရတဲ့ ကျားဖြန့်လုပ်တဲ့တရုတ်နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံဘက်ကိုလွှဲပြောင်းမပေးဖို့ ၊မြန်မာနိုင်ငံတွင်းကို ပို့ပေးရင်း ပိုက်ဆံပေးမယ်ဆိုပြီး ပြောတယ်လို့ KNU ကထုတ်ပြန်ခဲ့ပါတယ် ။ တရုတ်အပါအဝင်နိုင်ငံစုံက လူ နှစ်ထောင်ကျော်ကို ဘေးကင်းအောင်လွှဲပြောင်းပြီးချိန်မှာလည်း လူ ၉၀၀ ကျော်ကမပြန်ချင်ပဲ အခြားကျားဖြန့်လုပ်ငန်းတွေမှာသွားလုပ်ချင်နေကြတယ်လို့ KNU ကအသိပေးခဲ့ပါတယ်။အဲဒီ၉၀၀ ကျော်မှာ အားလုံးနီးပါးကလည်း တရုတ်နိုင်ငံသားတွေဖြစ်ပါတယ် ။
●ကျားဖြန့် အောက်ခြေဝန်ထမ်းတွေကို စစ်တပ်ကနေပြည်တော်ပို့ဖို့စီစဥ်
ဒါ့အပြင် စစ်အုပ်စုက KK Park ၊ ရွှေကုက္ကိုလ်မှာကျားဖြန့်အဓိက လုပ်ကိုင်နေသူတွေဆိုပြီး တရုတ်နိုင်ငံသား ၈၀ လောက်ကို နေပြည်တော်ကိုပို့ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ တကယ်တော့ အဲဒီဖမ်းဆီးထားသူတွေထဲမှာ ကျားဖြန့်လုပ်ငန်းတွေကို အဓိက ကြိုးကိုင်နေသူတွေမပါပဲ အောက်ခြေအဆင့်ဝန်ထမ်းတွေ ၊မလည်မဝယ်တွေသာဖြစ်တယ်လို့ ဖြစ်စဥ်ကိုသိသူအချို့ကပြောပါတယ်။
“ အယောင်ပြ နေပြည်တော် ပို့မယ့် အယောက် ၈၀ ကလည်းကျားဖြန့်တော့ကျားဖြန့်ပဲ ထမင်းချက်၊ဟင်းချက် မလည်မဝယ်တွေများတယ်” လို့ အမည်မဖော်လို့တဲ့သတင်းရင်းမြစ်တဦးကပြောပါတယ်။
တကယ်ငွေကြေးတက်နိုင်တဲ့ ကျားဖြန့်လုပ်ငန်းကတာဝန်ရှိသူတွေကို စစ်တပ်လက်အောက်ခံလက်နက်ကိုင်အဖွဲ့တွေက ငွေအများကြီးယူပြီး အစောင့်အရှောက်နဲ့ ဘေးလွတ်ရာကြိုပို့၊ပြောင်းရွေ့ပြီးဖြစ်တယ်လို့ သူကထက်ပြောပါတယ်။
ဒါတောင် နေပြည်တော်ကို ပို့မယ်ဆိုပြီး ဖမ်းဆီးထားတဲ့ တရုတ် နိုင်ငံသား ၈၀ ထဲက သုံးဦးကို နိုဝင်ဘာ ၂၇ ရက်မှာ စစ်တပ်လက်အောက်ခံလက်နက်ကိုင် အဖွဲ့ ၁ ဖွဲ့က ၁ ဦးကို ဘတ် တစ်သန်းခွဲပေးပြီး ထုတ်သွားတယ်လို့ ဖြစ်စဥ်ကိုသိသူတဦးကပြောပါတယ် ။
■သူခိုးလက်က သူဝှက်လု
ဒါကြောင့် ကျားဖြန့်ရုံတွေထဲကငွေတက်နိုင်တဲ့ တရုတ်တွေဟာ စစ်အုပ်စု နဲ့ စစ်တပ်လက်အောက်ခံ ရဲတွေ ၊ပျူတွေ ၊အုပ်ကြီးတွေ ၊စစ်တပ်မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေရဲ့ ငွေညှစ်ဖို့ အဓိက ပစ်မှတ်ဖြစ်နေပါတယ် ။
“ မြဝတီမှာဘယ်လိုဖြစ်နေလဲ ဆို ငွေရှိလို့ ဟိုတယ်၊တည်းခိုးခန်း တည်းတဲ့ တရုတ်တွေဆိုရင် ရဲတွေရော၊ပျူတွေရော ၊အုပ်ကြီးတွေရော၊ BGF နဲ့ DKBA ရောကဖမ်းပြီးငွေတောင်းတယ်။ ငွေမရှိလို့ လမ်းဘေးမှာပဲ နေရတဲ့တရုတ်ဆိုရင် မဖမ်းဘူး။အဲလိုအထားတွေရှိတယ် ။ကုလား ( သတင်းပေးသူပြောတဲ့အသုံးအနှုန်းတိုင်းရေးထားခြင်းဖြစ်ပါတယ်) တွေဆိုမဖမ်းဘူး သူတို့မှာ ပိုက်ဆံမရှိမှန်းသိကြတယ်” လို့ ဒေသခံတဦးကပြောပါတယ်။
ဒါကြောင့် ကမ္ဘာတစ်ဝန်းကပြည်သူတွေကို လိမ်ပြီး ငွေယူနေတဲ့ကျားဖြန့် တရုတ်တွေဟာ ကျားဖြန့်နှိမ်နင်းရေး အယောင်ပြဇာလမ်းမှာ စစ်အုပ်စုအပေါင်းအပါတွေရဲ့ ငွေညှစ်မှုကို ပြန်ခံနေကြရတာဖြစ်ပါတယ် ။
ကျားဖြန့်နှိမ်နင်းတယ်ဆိုပြီး စစ်အုပ်စုက တရုတ်နိုင်ငံသားတွေဖမ်းဆီးပြ ကွန်ပျူတာနဲ့ ဖုန်းတွေကိုဖျက်ဆီးပြတာတွေကို စစ်တပ်လက်အောက်ခံမီဒီယာတွေမှာဖော်ပြနေပေမယ့် သူတို့ဆီကငွေကြေးတွေ သိမ်းဆည်းတာဘယ်လောက်ရတယ်ဆိုတာထုတ်ပြန်တာတော့ မတွေ့ရပါဘူး ။
●စစ်အုပ်စု ဟန်ပြကျားဖြန့်နှိမ်နင်းရေး အလုပ်မဖြစ်
စစ်တပ်နဲ့ BGF တို့ကပြီးခဲ့တဲ့အောက်တိုဘာလကစပြီး KK Park ကကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းတယ်ဆိုပြီး လုပ်ကိုင်နေသူတွေကိုထွက်ပြေးခိုင်း ၊သူဌေးတွေကိုနေရာပြောင်းပေးပြီး အဆောက်အအုံတွေကို မိုင်းခွဲဖျက်ဆီးနေပါတယ်။
အောက်တိုဘာလကနေ ဒီဇင်ဘာလ ၈ ရက်အထိ အဆောက်အအုံ ၃၄၁ လုံးကိုဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ စစ်အုပ်စုကထုတ်ပြန်ထားပါတယ် ။
ဒါအပြင် ကျားဖြန့်လုပ်ငန်းအများစုရှိတဲ့ ရွှေကုက္ကိလ်မြို့သစ်က အဆောက်အအုံ ၁၆၀ကျော်ကိုလည်း ချိတ်ပိတ်ထားတယ်လို့ စစ်တပ်ကဆိုပါတယ် ။
ကျားဖြန့်လုပ်ကိုင်သူတွေအသုံးပြုတဲ့ မိုဘိုင်းလ်ဖုန်းတွေ ၊ကွန်ပျူတာတွေ စတဲ့ဆက်စပ်ပ္စည်းတွေကိုလည်း လမ်းကြိတ်စက်တွေနဲ့ကြိတ်ပြီး ဖျက်ဆီးပြနေပါတယ် ။
ဒါကြောင့် စစ်တပ်နဲ့ BGF က ကျားဖြန့်နှိမ်နင်းရေးလုပ်တာဟာ ကျားဖြန့်တွေနဲ့ပတ်သက်တဲ့ သက်သေတွေဖျောက်ဖို့ကြိုးစားနေတာလို့ဝေဖန်မှုတွေကျယ်လောင်စွာထွက်ပေါ်လာပါတယ် ။KNU က မင်းလက်ပံက ကျားဖြန်ခြံဝန်းကို ဖမ်းဆီးပြီးကျားဖြန့်တွေဘယ်လို ကမ္ဘာပါတ်လိမ်နေလဲဆိုတဲ့ အချက်အလက်တွေရယူပုံနဲ့ ချိန်ထိုးကြည့်ရင်စစ်အုပ်စု သက်သေတွေဖျောက်ဖျက်နေတယ်ဆိုတာပိုထင်းရှားစေပါတယ်။
ဒါအပြင်အာဏာသိမ်းဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် ကွန်ပျူတာတွေ၊ ဖုန်းတွေအားလုံးကိုဖျက်ဆီးဖို့ အမိန့်ပေးထားတာကစစ်အုပ်စုရည်ရွယ်ချက်ကိုမြင်သာစေပါတယ်။
“ မြဝတီမြို့မှာ ကြိုက်တဲ့နေရာလက်ညှိုးထိုး ကျားဖြန့်မရှိတဲ့နေရာမရှိဘူး ။ကြံခင်းလမ်းဆို ကျားဖြန့်ရုံတွေမီးစက်တွေတဝုန်းဝုန်းနဲ့ “
မြဝတီဒေသမှာ ကျားဖြန့်ရုံတွေတကယ်နည်းသွားပြီလားဆိုတဲ့အမေးကို ဒေသခံတဦးကပြောတာဖြစ်ပါတယ် ။
ဒါ့အပြင် စစ်အုပ်စုက ဟန်ပြဖမ်းဆီးမှုတွေလုပ်ပြီးရက်ပိုင်းအကြာမှာပဲ ကျားဖြန့်လုပ်သူတွေကို ပြန်လုပ်ခွင့်ပေးနေပါတယ် ။
“ စစ်တပ် ဝင်စစ်တုန်းကတော့ အကုန်ထုတ်သွားပြီးတော့အခု ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး နိုင်ငံခြားသားတွေရော ၊တရုတ်တွေရော ၊ပြန်ထည့်နေပြီ” လို့ မြဝတီ ဒေသခံတဦးကပြောပါတယ်။ဒီဇင်ဘာ လဆန်းကစပြီး ကျားဖြန့်လုပ်သူတွေကို ပြန်ပို့ ပြန်စနေတဲ့နေရာတွေက ဝမ်ခ(ရွှေပီတောက်မြိုင်) ၊ ဧက ၁၀၇ စတဲ့ဘက်တွေမှာလို့စုံစမ်းသိရပါတယ်။ဘုရားသုံးဆူက ဟိုတယ် အချို့မှာလည်း အခြားနေရာကကျားဖြန့်သမားတွေရောက်လာပြီး လုပ်နေကြတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ အရင်က ကျားဖြန့် ခြံဝန်းကျယ် ၊အဆောက်အအုံကြီးတွေမှာလုပ်တဲ့ပုံစံကနေ ဟိုတယ်တွေ ၊ရပ်ကွက်ထဲက အိမ်တွေ ၊အဆောက်အအုံသစ်တွေကနေလုပ်တဲ့ပုံစံပြောင်းကုန်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါကြောင့်ကျားဖြန့်တွေ တကယ် နှိမ်နင်းနိုင်ဖို့ ဆိုရင်တော့ နောက်ကွယ်က အဓိကပါဝင်ပက်သက်နေတဲ့အခု စစ်တပ်မရှိမှပဲ ကျားဖြန့်တွေကွယ်ပျောက်သွားမယ်လို့ မြဝတီဒေသခံကပြောပါတယ်။
United States Institute of Peace(USIP)ရဲ့ အစီရင်ခံစာတွေအရ BGF ဟာကျားဖြန့်လုပ်ငန်းတွေကနေ နှစ်စဉ် ဒေါ်လာသန်းရာနှင့်ချီ ရရှိနေတယ်လို့ဖော်ပြပါတယ်။ BGF ဟာ စစ်ကောင်စီရဲ့ ကွပ်ကဲမှုအောက်မှာ ရှိပါတယ် ။ဒါကြောင့် BGF အဖွဲ့ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို စစ်တပ်ကို ခွဲဝေပေးတယ်လို့အစီရင်ခံစာတွေက ဆိုပါတယ် ။ အချို့အစီရင်ခံစာတွေမှာတော့ မြန်မာနိုင်ငံကကျားဖြန့်တွေက တစ်နှစ်ကို ဒေါ်လာဘီလီယံချီ လိမ်လည်နေပြီး ခွဲတမ်းအခုထက်ပိုများနိုင်တယ်လို့တောင်ဆိုပါတယ် ။
ကျားဖြန့်လုပ်ငန်းတွေရဲ့နောက်ကွယ်မှာ မြန်မာစစ်တပ်ရှိနေတယ်လို့နိုင်ငံတကာ ရာဇဝတ်မှုခင်းများ ကိုင်တွယ်ရေး ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ ဖြစ်တဲ့ GI-TOC က အကြီးတန်း ပညာရှင်ဖြစ်တဲ့ ဂျေဆင်တာဝါကလည်းပြောပါတယ် ။
ဒါကြောင့် စစ်အုပ်စုရဲ့ကျားဖြန့်နှိမ်နင်းရေးဟန်ပြလုပ်ရပ်တွေက အလုပ်ဖြစ်နိုင်သလားဆိုတဲ့အမေးကိုကရင်ပြည်နယ်ကကျားဖြန့်လုပ်ငန်းတွေကို စောင့်ကြည့်နေတဲ့ ဒေသခံတဦးက
“ ခေတ်ပြောင်း ၊စနစ်ပြောင်း သွားရင်တော့ တမျိုး မပြောင်းရင်တော့ ဘာမှ မထူးနိုင်ဘူး” လို့ ပြောလိုက်ပါတယ် ။ ။


























































