close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားဆီ လောင်စာဆီ မရောက်အောင် ထိုင်းပင်လယ်ကွေ့ ရေလမ်းကြောင်းတွေကိုပိတ်ဖို့ ထိုင်းစီစဉ်

ထိုင်းပင်လယ်ကွေ့က အရေးပါတဲ့ ရေလမ်းကြောင်း တချို့ကို ပိတ်ပစ်ဖို့ ထိုင်းက စီစဉ်နေကြောင်း သိရပါတယ်။ ရည်ရွယ်ချက်ကတော့ ထိုင်းနဲ့ လက်ရှိ စစ်မက် ဖြစ်ပွားနေတဲ့ ကမ္ဘောဒီးယားဆီ လောင်စာနဲ့ စစ်ရေးအထောက်အပံ့တွေ ရောက်ရှိနိုင်မှုကို ရပ်တန့်ပစ်ဖို့ ဖြစ်ပါတယ်။

ဓာတ်ပုံ - ARMY MILITARY FORCE FACEBOOK

ထိုင်းပင်လယ်ကွေ့က အရေးပါတဲ့ ရေလမ်းကြောင်း တချို့ကို ပိတ်ပစ်ဖို့ ထိုင်းက စီစဉ်နေကြောင်း သိရပါတယ်။ ရည်ရွယ်ချက်ကတော့ ထိုင်းနဲ့ လက်ရှိ စစ်မက် ဖြစ်ပွားနေတဲ့ ကမ္ဘောဒီးယားဆီ လောင်စာနဲ့ စစ်ရေးအထောက်အပံ့တွေ ရောက်ရှိနိုင်မှုကို ရပ်တန့်ပစ်ဖို့ ဖြစ်ပါတယ်။

ပြီးတော့ ထိုင်းဟာ ကမ္ဘောဒီးယား ဆိပ်ကမ်းတွေ တဝိုက်က ဧရိယာတွေကိုလည်း အန္တရာယ်ရှိနိုင်တဲ့ ရေပြင်အဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ ထိုင်းက ရေလမ်းကြောင်းတွေကို ပိတ်ပစ်တဲ့ အခါမှာ ထိုင်းမှာဖြစ်စေ၊ တခြားနိုင်ငံတွေမှာဖြစ်စေ မှတ်ပုံတင်ထားတဲ့ ထိုင်းရေယာဉ်တွေနဲ့ ထိုင်းကုမ္ပဏီတွေက ကမ္ဘောဒီးယားဆီ လောင်စာဆီနဲ့ စစ်သုံးပစ္စည်းတွေ တင်ပို့မှုကို အဓိက တားဆီးသွားမှာ ဖြစ်ပါတယ်။

ဒါဟာ ထိုင်းနိုင်ငံကို ကမ္ဘောဒီးယားဖက်က ခြိမ်းခြောက်နိုင်စွမ်းကို သိသိသာသာ လျှော့ချပစ်ဖို့ ရည်ရွယ်ထားတဲ့ အစီအမံ တစ်ရပ်လို့ ထိုင်းက ပြောပါတယ်။ ထိုင်းပင်လယ်ကွေ့က ရေလမ်းကြောင်းတွေကို ကန့်သတ်ပိတ်ပင်မယ့် ကိစ္စကို အရေးပေါ် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် တစ်ခုအဖြစ် စဉ်းစားပေးဖို့လည်း အမျိုးသား လုံခြုံရေးကောင်စီ (NSC)ကို ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက တိုက်တွန်း တောင်းဆိုထားပါတယ်။

NSCဆီက ဆုံးဖြတ်ချက် ထွက်လာရင်တော့ ထိုင်းရေကြောင်း သယ်ယူပို့ဆောင်မှု ကြပ်မတ်ရေးဌာနဟာ ကမ္ဘောဒီးယားဆီ လောင်စာနဲ့ စစ်သုံးပစ္စည်းတွေ ရောက်ရှိမှုကို ကန့်သတ်နိုင်မယ့် စည်းမျဉ်းတွေကို ကြေညာသွားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လကုန်ပိုင်းက နယ်စပ် ပဋိပက္ခကို အကြောင်းပြုပြီး ၅ ရက်ကြာ စစ်ခင်းတိုက်ခိုက်ခဲ့ရာက လတွေနဲ့ချီကြာအောင် အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ တိုက်ပွဲတွေ တကျော့ပြန် စတင်လာတာ ဖြစ်ပါတယ်။

ထိုင်းစစ်တပ်ကတော့ ဒီဇင်ဘာ ၈ ရက်ကနေ ၁၆ ရက်နေ့ထိ အတောအတွင်း နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းစစ်သား ၁၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ စုစုပေါင်း ၃၂၇ ဦး ရှိခဲ့တယ်လို့ ကြေညာထားပါတယ်။ ပြီးတော့ ကမ္ဘောဒီးယားဖက်မှာ စစ်သား ၂၂၁ ယောက်သေပြီး စစ်စခန်း ၅၁ ခု ဖျက်ဆီး ခံခဲ့ရတယ်လို့လည်း ထိုင်းက ဆိုပါတယ်။ ကမ္ဘောဒီးယားကတော့ အရပ်သား သေဆုံးမှု ဒါဇင်နဲ့ချီ များပြားကြောင်း ထုတ်ပြန်ပေမယ့် စစ်တပ်ရဲ့ အသေအပျောက် ဦးရေနဲ့ ပတ်သက်လို့တော့ နှုတ်ဆိတ်နေဆဲပါ။

ဒီဇင်ဘာ ၁၄ ရက်နေ့မှာတော့ ထိုင်းစစ်တပ်ဟာ နယ်စပ်နားက ကမ္ဘောဒီးယား စစ်စခန်းမှာ တရုတ်နိုင်ငံထုတ် အဆင့်မြင့် GAM-102LR အမျိုးအစား တာဝေးပစ် တင့်ကားဖျက် ဒုံးကျည်စနစ်တွေ သိမ်းဆည်းရမိခဲ့ကြောင်း ကြေညာပါတယ်။ အဲဒီ လက်နက်တွေကို နှစ်ဆန်းပိုင်းကမှ စတင် မိတ်ဆက်ထားတာပါ။ ၁၀ ကီလိုမီတာလောက် အကွာက ပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်တဲ့ ပဲ့ထိန်းဒုံးကျည် လက်နက်ကို တရုတ်က ကမ္ဘောဒီးယားဆီ ထောက်ပံ့ပေးထားတာနဲ့ ပတ်သက်ပြီး ထိုင်းလူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ တရုတ်ရဲ့ သဘောထားအပေါ် ဝေဖန်မှုတွေလည်း မြင့်တက်လာပါတယ်။

ပဉ္စမမျိုးဆက် တင့်ဖျက်လက်နက်တွေကို တရုတ်ရဲ့ စစ်ရေးနည်းပညာ လုပ်ငန်းစုကြီး တစ်ခုဖြစ်တဲ့ Poly Defenseက ထုတ်လုပ်ပါတယ်။ အဲဒီလက်နက်ဟာ ပစ်မှတ်ကို အမြန်ဆုံး ချိန်ရွယ် မှတ်သားပြီး တိတိကျကျ ချေမှုန်းနိုင်တဲ့ ပဲ့ထိန်းစနစ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဒုံးကျည်က ပစ်မှတ်ဆီ မရောက်သေးခင် ပျံသန်းနေဆဲ အဆင့်မှာ ပစ်ခတ်သူက တခြားပစ်မှတ် တစ်ခုကို ပြောင်းလဲပြီး တိုက်ခိုက်စေတာမျိုးလည်း လုပ်ဆောင်နိုင်ပါတယ်။

ထိုင်းစစ်ဘက် သတင်းရင်းမြစ် တချို့ကတော့ ကမ္ဘောဒီးယား စစ်သားတွေဟာ အဲဒီလက်နက်စနစ်နဲ့ အကျွမ်းတဝင် မရှိသေးဘဲ သင်ယူနေဆဲလို့ ယူဆရကြောင်း၊ ဒါကြောင့် ထိုင်းက ထိုးစစ်ဆင်ချိန်မှာ ထိထိရောက်ရောက် အသုံးမချနိုင်ခဲ့ဘဲ စခန်းမှာပဲ ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးကုန်တာ ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုထားကြပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခတွေ ဆက်လက် မြင့်တက်နေချိန်မှာ ထိုင်းက ကမ္ဘောဒီးယားနဲ့ နယ်စပ် ဧရိယာ တစ်ခုမှာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ စစ်တိုက်နေတာကို ရပ်တန့်လိုက်မှာ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောကြားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ တိုက်ခိုက်နေတာတွေကို ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ရပ်ကြလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ နယ်စပ် တိုက်ပွဲတွေမှာ နယ်မြေတချို့ကို စစ်ရေးအရ တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။