ဂျပန်မှာ ရှိနေတဲ့ ပန်ဒါဝက်ဝံ နှစ်ကောင်ကို တရုတ်ဆီ ပြန်လည် လွှဲပြောင်းပေးရတော့မယ်လို့ တိုကျိုမြို့မှာရှိတဲ့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ပြောပါတယ်။
လိုင့်လိုင်နဲ့ ရှိုရှိုလို့ နာမည်ပေးထားတဲ့ ပန်ဒါတွေဟာ တိုကျိုမြို့၊ အွန်နိုရပ်ကွက်မှာရှိတဲ့ တိရစ္ဆာန်ရုံမှာ လာရောက် လည်ပတ်သူတွေ အချစ်ဆုံး၊ သဘောအကျဆုံး တိရစ္ဆာန်လေးတွေ ဖြစ်ပါတယ်။ တရုတ်ရဲ့ ပန်ဒါ ဒစ်ပလိုမေစီ မူဝါဒအရ ၁၉၇၂ ခုနှစ်မှာ ဂျပန်နဲ့ သံတမန် ဆက်ဆံရေး စတင်ထူထောင်ပြီးနောက်ပိုင်း ခင်မင်ရင်းနှီးမှု သင်္ကေတ အနေနဲ့ ပန်ဒါ ဝက်ဝံလေးတွေကို ငှားရမ်းပေးခဲ့ပါတယ်။
အခုတော့ ပန်ဒါတွေရဲ့ ငှားရမ်းပေးထားမှု ခွင့်ပြုကာလကို သက်တမ်း ထပ်တိုးခွင့် မပေးတော့တဲ့အတွက် ဂျပန်ဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပန်ဒါ ဝက်ဝံတွေ မရှိတော့တဲ့ အခြေအနေကို ဖြတ်သန်းရတော့မှာပါ။
ပန်ဒါနှစ်ကောင်ရဲ့ အငှားခွင့်ပြုချက် ကာလဟာ ဖေဖော်ဝါရီလမှာ စေ့မှာဖြစ်ပေမယ့် တရုတ်ဖက်က တစ်လကြိုပြီး ပြန်ခေါ်မယ်လို့ တိရစ္ဆာန်ရုံဆီ အကြောင်းကြားထားကြောင်း ဂျပန်ရဲ့ အဆာဟိ ရှင်ဘွမ်း သတင်းစာက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ပန်ဒါတွေကို ဆက်လက် ငှားရမ်းထားနိုင်ရေး ညှိနှိုင်း တောင်းဆိုခဲ့ပေမယ့်လည်း တရုတ်က လက်မခံတော့ဘူးလို့ ဆိုပါတယ်။ တိုကျိုမြို့တော် အုပ်ချုပ်ရေး အစိုးရ အဖွဲ့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။
တိရစ္ဆာန်ရုံ အာဏာပိုင်တွေက လိုင့်လိုင်နဲ့ ရှိုရှိုကို ပြန်မပို့သေးခင် နောက်ထပ် ပန်ဒါတစ်စုံကို ငှားရမ်းနိုင်ဖို့ ကြိုးစား ညှိနှိုင်းနေပေမယ့် အောင်မြင်မယ့် အလားအလာ မရှိဘူးလို့လည်း အဆာဟိ ရှင်ဘွန်းက ဆိုပါတယ်။
တရုတ်နဲ့ ဂျပန်တို့ကြား သံတမန်ရေးရာ တင်းမာမှုတွေ ဖြစ်ပေါ်နေချိန်မှာ ဂျပန်ရောက် ပန်ဒါတွေကို ပြန်ခေါ်ဖို့ တရုတ်က စီစဉ်လာတာ ဖြစ်ပါတယ်။ တကယ်လို့ တရုတ်ကသာ ထိုင်ဝမ်ကို စစ်အင်အားသုံး တိုက်ခိုက်ရင် ဂျပန်ကလည်း ထိုင်ဝမ်ကို ကူဖို့ တပ်တွေ စေလွှတ်ပေးမယ်လို့ ဂျပန်ဝန်ကြီးချုပ် စာနအဲ တကအိချိက ပြောကြားခဲ့တဲ့ မှတ်ချက်စကားကို တရုတ်က ခါးခါးသီးသီး တုံ့ပြန်ရာက နှစ်ဖက်ကြား ဆက်ဆံရေး အေးခဲသွားခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: CNA















































