close
Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်တိုက်ဖျက်ရေး စစ်ရေးနည်းနဲ့လည်း ဖော်ဆောင်ရမှာ နားလည်လက်ခံပြီး တော်လှန်ရေးမှာအတူပါဝင်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

ကရင့်အမျိုးသားတော်လှန်ရေးရဲ့ ရည်မှန်းချက် ဟာ အာဏာရှင်ဝါဒနဲ့ အာဏာရှင်ပုံသဏ္ဍာန် အမျိုးမျိုးကို ဆန့်ကျင်တိုက်ဖျက်ဖြိုချအဆုံးသတ်ပြီး နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အဖြစ် တည်ဆောက်သွားဖို့ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း။ ဓာတ်ပုံ - KNU

ဒီဇင်ဘာ-၁၉၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ကရင့်အမျိုးသားတော်လှန်ရေးရဲ့ ရည်မှန်းချက် ဟာ အာဏာရှင်ဝါဒနဲ့ အာဏာရှင်ပုံသဏ္ဍာန် အမျိုးမျိုးကို ဆန့်ကျင်တိုက်ဖျက်ဖြိုချအဆုံးသတ်ပြီး နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အဖြစ် တည်ဆောက်သွားဖို့ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပါတယ်။

ဒီရည်မှန်းချက် အပြည့်အ၀ရရှိဖို့ နိုင်ငံရေးနည်းလမ်းတစ်ခုထဲနဲ့ မလုံလောက်တာကြောင့် စစ်ရေးနည်းလမ်းနဲ့လည်း အကောင်အထည်ဖော်သွားရ မှာဖြစ်ကြောင်း အသိပေးပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၂၇၆၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သို့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်က ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလို ပြောကြားခဲ့တာပါ။

Public Service Announcement

Public Service Announcement

” ကရင်လူမျိုးများသာကမ ပြည်သူလူထုများ၊ လူမျိုးစုများ အားလုံး ကလည်း ဒီအခြေအနေကို သဘောပေါက်နားလည်လက်ခံပြီး ကျနော်တို့နဲ့အတူ လက်တွေ့ရင်ဆိုင်ပြီး တော်လှန်ရေးတိုက်ပွဲမှာ အတူရပ်တည်ကာ ဒီနိုင်ငံရဲ့ အုပ်ချုပ်ရေးမူဝါဒတွေကို ပြောင်းလဲနိုင်ဖို့ အတူ တကွ ပါဝင်ဆောင်ရွက်လျက် အောင်မြင်မှုကို အတူတကွ ရယူကြဖို့ရန် တိုက်တွန်းဖိတ်ခေါ်လိုပါတယ်” လို့ KNU ဥက္ကဋ္ဌက နိုင်ငံရေးနည်းအပြင် စစ်ရေးနဲ့ ဖော်ဆောင်မယ့် နည်းလမ်းမှာ အားလုံး ပူးပေါင်း ပါဝင်ကြဖို့ ပြောကြားခဲ့ပါတယ်။

စစ်အာဏာရှင် စနစ်အုပ်ချုပ်ရေးခေတ် ချုပ်ငြိမ်းပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင် နိုင်တဲ့ အချိန်ကျမှသာလျှင် စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရမယ်ဆိုတာကိုလည်း ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

” အခုအချိန်မှာ ဗမာစစ်အာဏာရှင်အုပ်စုဟာ သူတို့ရဲ့အာဏာ ထာဝရတည်တံ့ခိုင်မြဲနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေရာမှာ အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတိုင်း ကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ စစ်တပ်ဟာ ဒီနိုင်ငံရဲ့ နိုင်ငံရေးကို အမြဲတမ်းချုပ်ကိုင်ချယ်လှယ်ပြီး ထာဝရအာဏာတည်တံ့ခိုင်မြဲနေစေဖို့အတွက်ပဲ ဖြစ်တယ်။ ဒီအတုအယောင် ရွေးကောက်ပွဲမှာ သေချာပေါက် အနိုင်ရဖို့အတွက်ကို ပြင်ဆင်စီမံနေပြီး စစ်ခေါင်းဆောင်အများအပြားဟာ ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံပြီး အနိုင်ရဖို့ နည်းလမ်းမျိုးစုံ သုံးနေ တာ ဖြစ်တယ်”လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။

စစ်အာဏာရှင်အုပ်စုဟာ စစ်တပ်ထဲမှာရှိနေတဲ့ ဗမာလူမျိုးတွေနဲ့ မိတ်ဖက်ဆွေမျိုးများ အာဏာရရှိရေးနဲ့ ကြီးပွားတိုးတက်ရေးအတွက်ကို လုပ်ဆောင်နေတာပဲ ဖြစ်ကြောင်း ပြောပါတယ်။

“လက်ရှိမှာတော့ ကရင်လူမျိုးများနဲ့ လူမျိုးစုများ အားလုံးအပြင် ဗမာလူမျိုးများလည်း ဒီစစ်အာဏာရှင်အုပ်စုရဲ့ အဓမ္မ အုပ်ချုပ်မှုအောက်မှာ မတရားမှုတွေကို ရင်ဆိုင်ခံစားနေကြရတာဖြစ်ပါတယ်။”လို့လည်း ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းတာဟာ ဒီနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအနေနဲ့ တည်ထောင်ဖို့ လုံးဝ လက်မခံ နိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြတာပဲဖြစ်ပြီး (၂ဝဝ၈) ဖွဲ့စည်းပုံ အခြေခံဥပဒေက ရေးသားထားတဲ့ အခွင့်အာဏာပေးထားတဲ့အတိုင်းပဲ စစ်တပ်ကနေ ကြီးစိုးချုပ်ကိုင် လိုတဲ့ ဆန္ဒပဲရှိနေတာလို့ ပြောပါတယ်။

“အခုအချိန်မှာ စစ်တပ်က အဓမ္မအာဏာသိမ်းထားတာ (၅)နှစ်ပြည့်တော့ မှာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အဓမ္မအာဏာသိမ်းမှုကို သံခင်းတမန်ခင်း နည်းလမ်းတွေ၊ စစ်ရေးနည်းလမ်း တွေ၊ နိုင်ငံရေးနည်းလမ်းတွေ၊ လူထုလှုပ်ရှားမှုနည်းလမ်းတွေနဲ့ ဆန့်ကျင်တိုက်ပွဲဝင်နေတာ များသထက် များလာ၊ အားကောင်းသထက် အားကောင်းလာနေပါတယ်”လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။

နိုင်ငံအချို့ကလွဲရင် ကမ္ဘာ့နိုင်ငံအများစုက အဓမ္မအာဏာသိမ်းယူထားတဲ့ စစ်အုပ်စုကို အသိအမှတ် မပြုကြဘဲ နိုင်ငံရေး၊ စီးပွားရေးနဲ့ ကူညီ ထောက်ပံ့မှုတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ပစ်လိုက်လို့ စစ်တပ်ဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေမှာ အခက်အခဲ အကျပ်အတည်း အမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ပြောပါတယ်။

“ နိုင်ငံအနှံ့ နေရာအနှံ့မှာ စစ်ပွဲတွေဖြစ်ပွားနေပါတယ်။ ဗမာစစ်တပ် အနေနဲ့ စစ်ရေးတော်လှန်မှုတွေကို ဖြိုခွင်းဖို့အတွက် လူမဆန်တဲ့ စစ်စည်းကမ်းဥပဒေနဲ့မညီတဲ့ စစ်ဆင် ရေး နည်းလမ်းတွေကို သုံးနေပါတယ်။ အရပ်သားပြည်သူတွေ နေထိုင်ရာရပ်ရွာ၊ မြို့ပြ၊ အများပြည်သူ စုဝေးရာနေရာ၊ အများပြည်သူဆိုင်ရာ အဆောက်အဦးတွေနဲ့ ဘာသာရေး အဆောက်အဦးတွေကိုစစ်ဖက်ပစ်မှတ်နဲ့ အရပ်ဖက်နေရာ ခွဲခြားပိုင်းခြားခြင်း မရှိဘဲကို အဆင့်မြင့် လက်နက်ကြီးတွေ၊ စစ်လေ ယာဉ်တွေနဲ့ ပစ်ခတ်ဗုံးကြဲ သတ်ဖြတ်ဖျက်ဆီးနေပါတယ်”လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။

ဒီအခြေအနေမျိုးမှာ စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ပြည်သူလူထုဟာ ကျပ်တည်းမှု၊ ပျက်စီးဆုံးရှုံးမှု၊ သေဆုံးမှု၊ ပူပင် ကြောင့်ကြရမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရ တဲ့သူတွေ အရေ အတွက် များသထက် များလာနေကြောင်း KNU ဥက္ကဋ္ဌက ပြောပြပါတယ်။

KNU ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ မတူကွဲပြားမှုတွေကို ဘေးဖယ်ပြီး ကိုယ့်အဖွဲ့အစည်း အကျိုး စီးပွားအတွက်ကိုပဲ ကြည့်တာမျိုးမလုပ်ပဲ ကရင်လူမျိုး နဲ့ နိုင်ငံ့အကျိုးစီးပွားကို ရှေ့ရှုပြီး ဆောင်ရွက် သွားကြဖို့လည်း တိုက်တွန်းထားပါတယ်။

ကရင်အမျိုးသားရေးအတွက် ဆောင်ရွက်မယ်လို့ ကြွေးကြော်ထားတဲ့ ကရင် အမျိုးသားအဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ကရင် တမျိုးသားလုံးရဲ့ အကျိုးစီးပွားအတွက် ရည်မှန်းချက်တစ်ခုထဲ၊ ခေါင်းဆောင်မှုတစ်ခုထဲအောက်မှာ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့ကိုလည်း KNU ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

"ကျနော်တို့က ဒီပြဿနာကို ကျနော်တို့ရှင်းမယ်။ တမင်သပ်သပ် ပြဿနာဖန်တီးတာမဟုတ်ဘူး။ မတော်တဆ ပြီးတော့အောက်ခြေမှာရင်းနှီးမှုနဲ့ နားလည်မှု မရှိလို့ဒီလိုဖြစ်တာပါ" -KNU တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူ

သတင်း

ပုလောမြို့နယ်၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံဆရာမဒေါ်ပန်ထွာ (ခ) ဒေါ်အေသီအောင် နဲ့ခင်ပွန်း ဖြစ်သူ သတ်ဖြတ်ခံရမှုကို အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကျူးလွန်သူတွေကို အရေးယူပေးဖို့ တနင်္သာရီတိုင်းက အခြေခံပညာပညာရေးအစုအဖွဲ့တွေက KNU နဲ့ တော်လှန်ရေးအင်အားစုတွေထံ ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ်တလျှောက်ရှိစစ်ကောင်စီတပ်စခန်း ၅၅ ခုကိုတစ်နှစ်အတွင်းမှာ KNU နဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)ရဲ့ဒီနေ့ (ဒီဇင်ဘာ ၉ ရက်) ထုတ်ပြန်တဲ့ "အရှေ့ဘက်နယ်စပ်ကို ပြန်လည်သိမ်းပိုက်ခြင်း"အစီရင်ခံစာမှာ ဖော်ပြပါတယ်။

သတင်း

မြဝတီ မြို့နယ်ထဲက မင်းလက်ပံ ရွာနားမှာ ကရင် အမျိုးသား အစည်းအရုံး (KNU)က မကြာသေးခင်ကမှ ဖော်ထုတ် တွေ့ရှိထားတဲ့ အွန်လိုင်း ငွေလိမ် (ကျားဖြန့်)ဂိုဏ်းရဲ့ နိုင်ငံခြားသား ဝန်ထမ်း ၉၀၀ ကျော်ဟာ အဲဒီနေရာကို စွန့်ခွာဖို့ ငြင်းဆိုနေကြောင်း သိရပါတယ်။

Facebook