ဒီဇင်ဘာ-၂၃၊၂၀၂၅။သုည/People’s Spring
စစ်ကိုင်းနဲ့ ပဲခူးတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဒီဇင်ဘာ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။
ပဲခူးတိုင်း ရွှေတောင်မြို့နယ်ရဲ့ ဒေသခံပြည်သူတွေဟာ “ အတုယောင်ရွေးကောက်ပွဲ အလိုမရှိ၊ သင့်မဲဖြင့် လူသတ်ခွင့်မပေးနဲ့၊ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်၊ ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်” ကြွေးကြော်သံတွေနဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးအတွက်လည်း “ အမေစုနဲ့သမ္မတကြီး ချက်ချင်းလွှတ်၊ နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွှတ်” စာသားတွေနဲ့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက “ သင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့” စာသားကိုင်ဆောင်ပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားတွေ ကိုင်ဆောင်ကာ လူထုသပိတ်ဆန္ဒပြခဲ့ပါတယ်။
ဒါ့အပြင် တော်လှန်ပြည်သူတွေဟာ ဖမ်းဆီးထားသောနိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးချက်ချင်းလွှတ် ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။



















































