close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ ပိုမိုအကြမ်းဖက်မှုဆီ တွန်းပို့မယ်လို့ ဗြိတိန် သတိပေး

ကုလလုံခြုံရေးကောင်စီအစီအစဥ်တွေထဲမှာ မြန်မာ့အရေးကို ဆက်လက်ထားရှိမယ်

ဗြိတိန်သံအမတ်ကြီး ဂျိမ်းစ်ကာရူကီ။ ဓာတ်ပုံ - ဗြိတိန်နိုင်ငံခြားရေး

ဒီဇင်ဘာ-၂၃၊ ၂၀၂၅။ People’s Spring

လက်ရှိအခြေအနေမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ ပိုမိုအကြမ်းဖက်မှုဆီ တွန်းပို့ပြီး ရေရှည်အဖြေရှာဖို့ ခက်ခဲမယ့်အန္တရာယ်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအရာရှိဂျိမ်းစ်ကာရူကီက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၂​ ရက် ဒေသစံတော်ချိန် မနက်ပိုင်းမှာ ပြုလုပ်မယ့် မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲ မတိုင်မီ ဗြိတိန်သံအမတ်ကြီးက မီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပြီး စစ်ကောင်စီ ကျင်းပဖို့ စီစဥ်ထားတဲ့ ရွေးကောက်ပွဲတွေက လွတ်လပ်တရားမျှတမယ့် လက္ခဏာတွေ မရှိဘူးလို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ မြန်မာပြည်သူတွေနဲ့အတူ၊ သူတို့ရဲ့ ငြိမ်းချမ်းပြီး အားလုံးပါဝင်တဲ့ ဒီမိုကရက်တစ်အနာဂတ် ဆန္ဒနဲ့အတူ ခိုင်ခိုင်မာမာရပ်တည်ပါတယ်”လို့ ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန်ဟာ မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစီအစဥ်ထဲမှာ ဆက်လက်ထားရှိမယ်လို့လည်း အသိပေးပါတယ်။

စစ်တပ်ရွေးကောက်ပွဲရက်မတိုင်မီ ၆ ရက်အလိုမှာ ခေါ်ယူတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးဟာ ဗြိတိန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ တောင်းဆိုမှုအရ ဖြစ်ပေါ်လာတာပါ။

အဲဒီအစည်းအဝေးမတိုင်မီမှာ ဗြိတိန်သံအမတ်ကြီးက စစ်တပ်အနေနဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုကို လျှော့ချပြီး ရပ်တန့်ရမယ်လို့ ပြောပါတယ်။

“အရပ်သားတွေနဲ့ အရပ်သားအဆောက်အအုံအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ရပ်တန့်ရပါမယ်”လို့ ဗြိတိန်သံအမတ်ကြီး ဂျိမ်းစ်ကာရူကီက ပြောပါတယ်။

ဒါ့အပြင် အရပ်သား ၃၀ကျော် သေဆုံးခဲ့တဲ့ မကြာသေးခင်က ရခိုင်ပြည်နယ် ဆေးရုံတရုံကို လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ရက်မှာ စစ်တပ်က မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့တာပါ။

မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ဖြုတ်ချအာဏာသိမ်းခဲ့တဲ့ ၅နှစ်နီးပါးရှိလာချိန်အထိ ဆက်လက်ဖြစ်ပွားနေဆဲအကြမ်းဖက်မှုတွေအပေါ် ဗြိတိန်အနေနဲ့ အလွန်အမင်းစိုးရိမ်နေဆဲဖြစ်ကြောင်း သံအမတ်ကြီးဂျိမ်းစ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအခြေအနေဟာ ကပ်ဆိုက်နေဆဲဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။ လက်ရှိ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ပြည်သူ ၃ဒသမ ၆သန်းခန့်ရှိပြီး မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာမလုံလောက်မှုဟာ စိုးရိမ်ဖွယ်အမြင့်မားဆုံးဖြစ်တယ်လို့ ကုလမဂ္ဂရဲ့နိုဝင်ဘာလထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လာမယ့် ၂၀၂၆မှာ မြန်မာပြည်သူ ၁၆သန်းကျော်ဟာ အသက်ရှင်သန်ရေးအထောက်အပံ့ လိုအပ်လိမ့်မယ်လို့ ဗြိတိန်က ဆိုပါတယ်။

ဗြိတိန်ဟာ ဒီဘဏ္ဍာနှစ်ထဲမှာ လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ပေးအပ်ခဲ့ပေမယ့် ခွင့်ပြုနေရာတွေမှာသာ အမှန်တကယ်အကျိုးရှိအောင် ပံ့ပိုးနိုင်ခဲ့တာလို့ ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ စစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်သူ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက် အဖြစ်သတ်မှတ်မယ်လို့ ကရင်နီပြည်လူငယ်ထုက ဒီကနေ့(ဒီဇင်ဘာ ၂၁ရက်)မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ ဇိုမီးဖက်ဒရယ်အစည်းအရုံး-ZFU တို့ပူးပေါင်းပြီး စစ်တပ်​ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဖော်ဆောင်သည့် ဆိုင်းဘုတ်(ပိုစတာ) များကိုမြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းတလျှောက်ဖြစ်တဲ့ ကလေး-တီးတိန်-ရိဒ်မှာ လိုက်လံစိုက်ထူခဲ့ကြပါတယ် ။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ကြဖို့ (ဒီဇင်ဘာ ၁၆) မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကောင်စီတပ်က ဓားမိုး၊သေနတ်ထောက်ပြီး ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံကြမယ့် ပါတီကိုယ်စားလှယ်လောင်းတွေ၊ အတင်းအဓမ္မ မဲပေးခိုင်းသူ‌တွေ၊ မဲဆွယ်စည်းရုံးရေးဆင်းမယ့် ပုဂ္ဂိုလ်တွေဟာ စစ်အုပ်စုနဲ့ အလိုတူအလိုပါအဖြစ် သတ်မှတ်ရေးယူသွားမယ်လို့ ခန္တီး-PDFက သတိပေးထုတ်ပြန်ပါတယ်။