ဇန်နဝါရီ-၂၇၊ ၂၀၂၆။ ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်က အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ခဲ့တဲ့ ကျောင်းဆရာတစ်ဦး တိုက်ပွဲtတွင်း ကျဆုံးခဲ့တယ်လို့ ကျောက်တံခါးမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
CDM ကျောင်းဆရာဖြစ်တဲ့အပြင် ပြည်သူ့ ကာကွယ်ရေးတပ်သားအဖြစ် စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ကျောက်တံခါးမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း – သူဌေးကြီး(ရွာသစ်) က မူလတန်းပြ ဆရာတစ်ဦးဖြစ်တဲ့ ဆရာ ဦးဘိုဘိုကိုဟိန်းဟာ ဇန်နဝါရီ ၂၅ ရက်မှာ ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်ရင်း အသက်ပေးလှူသွားခဲ့ကြောင်း ဖော်ပြပါတယ်။
“ တပ်ပြန်ဆုတ်ချိန် မနက် ၁၀ ကျော်အချိန် ပဲနွယ်ကုန်းနဲ့ ဖြူးမြို့နယ်အစပ်နေရာမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ဦးခေါင်းထိ ကျဆုံးခဲ့တာပါ” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ဇန်နဝါရီ ၁၂ ရက်ကစလို့ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးရှိ ကြိမ်ခါးကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ့ဟာ ဒီနေ့အထိ ထိတွေ့တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျဆုံးခဲ့ရတဲ့ ဆရာ ဦးဘိုဘိုကိုဟိန်းကို ပညာရေး CDM သူရဲကောင်းအဖြစ်မှတ်တမ်းတင် ဂုဏ်ပြုသလို မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်အမြစ်ပြတ် တော်လှန်ရေးနဲ့ ပြည်သူ့ပညာရေး တာဝန်တွေကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ကျောက်တံခါးမြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆရာဦးဘိုဘိုကိုဟိန်းဟာ ကျောက်တံခါးမြို့နယ်တိုက်ပွဲအတွင်း ပထမဦးဆုံးကျဆုံးခဲ့ရတဲ့ ပညာရေးဝန်ထမ်းတစ်ဦးလည်း ဖြစ်တယ်လို့ CDM ပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

















































