Connect with us
close

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

ဘင်္ဂလားဒေ့ရှ်အောင်ပွဲနဲ့ ​အောင်ပွဲနီးလာတဲ့ မြန်မာ့​နွေဦး​တော်လှန်​​ရေး

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားလူငယ်ထု ဆန္ဒပြမှုတွေကတဆင့် သက်တမ်းရှည်ဝန်ကြီးချုပ်ကို ဖြုတ်ချနိုင်ခဲ့ကာ အခုဆိုရင် ဆန္ဒပြသူတွေ လိုလားတဲ့ ကြားကာလအစိုးရ ပေါ်ထွန်းလာပါပြီ။

သော်မွန်/People’s Spring

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားလူငယ်ထု ဆန္ဒပြမှုတွေကတဆင့် သက်တမ်းရှည်ဝန်ကြီးချုပ်ကို ဖြုတ်ချနိုင်ခဲ့ကာ အခုဆိုရင် ဆန္ဒပြသူတွေ လိုလားတဲ့ ကြားကာလအစိုးရ ပေါ်ထွန်းလာပါပြီ။

တိုင်းပြည်ကို ၁၅နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဦးဆောင်တဲ့အစိုးရကို ကျောင်းသားလူငယ်တွေက နိုင်ငံတဝန်းဆန္ဒပြခဲ့ကြပြီးနောက် တစ်လခန့်အကြာ ဒီသီတင်းပတ်အစမှာပဲ ရှိတ်ဟာဆီနာ ရာထူးကနေ နှုတ်ထွက်ကာ တိုင်းပြည်ကနေ ထွက်ပြေးခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကဆင့် ဘင်္ဂလားဒေ့ရှ်ကျောင်းသားလူငယ်တွေရဲ့ အောင်ပွဲကို မြန်မာနိုင်ငံက စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံနဲ့ ​တော်လှန်နေကြတဲ့ ကျောင်းသားလူငယ်တွေကလည်း အားကျရင်း ဝမ်းပန်းတသာဂုဏ်ပြုကြပါတယ်။

“သမိုင်းမှာဆိုရင် အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တယ်လို့ ပြောလို့ရတယ်” လို့ အာဏာသိမ်းမြန်မာစစ်တပ်ကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့သူ မချယ်က ဘင်္ဂလားဒေ့ရှ်ကျောင်းသားတွေရဲ့ အောင်ပွဲအပေါ် မှတ်ချက်ပြုပါတယ်။ ဘင်္ဂလားဒေ့ရှ် ကျောင်းသားတွေ ဖြစ်ချင်တဲ့အရာတွေ ဖြစ်မြောက်လာခဲ့ပြီး ဘာတွေ ဆက်ဖြစ်မလဲဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမယ်လို့ ပြည်သူ့ရေးရာမူဝါဒ(Public Policy)ဘာသာရပ် မဟာဘွဲ့ယူထားတဲ့ မချယ်က သုံးသပ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာ ရာထူးကနေ ပြုတ်ကျခဲ့တာဟာ ဘင်္ဂလားဒေ့ရှ် စစ်တပ်က သူ့နောက်မှ ရှိမနေတာကလည်း အရေးပါတဲ့အချက်အဖြစ် မချယ်က ကောက်ချက်ချပါတယ်။

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုက ဘင်္ဂလားဒေ့ရှ်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ နောက်ခံအကြောင်းတရားတွေ၊ ဖြစ်စဥ်တွေမတူညီပါဘူး။ ဒါပေမဲ့ တူညီနေတဲ့အချက်ကတော့ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းစမှာ ကျောင်းသားလူငယ်တွေပါဝင်တဲ့ လူမျိုးဘာသာပေါင်းစုံ၊ နယ်ပယ်စုံ၊ လူထုလူတန်းစားအလွှာစုံက ငြိမ်းချမ်းစွာဖြင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ပြတ်ပြတ်သားသား ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲဒီကာလ ဖေဖော်ဝါရီတစ်လလုံးနဲ့ မတ်လထဲအထိ ပြည်သူသန်း​ပေါင်းများစွာက လမ်းမတွေပေါ် မှာ ကြွေးကြော်သံအမျိုးမျိုး၊ ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ နှစ်ငါးလုံး(၂၂-၂-၂၀၂၁)ခေါ်ဆိုတဲ့နေ့မျိုးမှာဆိုရင် ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေမှာ လူပင်လယ်တွေ ဖြစ်ခဲ့ပြီး နိုင်ငံတဝန်း သန်းဆယ်နှင့်ချီကာ စစ်အာဏာရှင် အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်က ကျည်အစစ်တွေနဲ့ ဦးခေါင်းတည့်တည့် ချိန်ပစ်တဲ့နောက်ပိုင်းအချိန်အထိလူငယ်တွေဟာ အကြမ်းမဖက်နည်းလမ်း(non-violence)ပျောက်ကြားသပိတ်တွေ ဆင်နွှဲခဲ့ကြပါတယ်။

သုံးနှစ်ခွဲကျော်ရှိလာတဲ့ ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးက လက်ရှိမှာ လက်နက်စွဲကိုင်တော်လှန်မှု စစ်ရေးက ရှေ့ကို ရောက်နေပေမယ့် အခုအချိန်အထိ ရန်ကုန်မြို့လိုနေရာတွေနဲ့ နိုင်ငံတဝန်းမှာ non-violence ပျောက်ကြားသပိတ်တွေကို ကျောင်းသားလူငယ်တွေ ပါဝင်တဲ့ မြန်မာပြည်သူတွေ ဆင်နွှဲနေကြတုန်းပါ။ မြန်မာစစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ထောင်နှင့်ချီကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကျောင်းသားလူငယ်တွေရဲ့ ရှိတ်ဟာဆီနာအစိုးရပြုတ်ကျရေး ဆန္ဒပြပွဲတွေကလည်း သွေးမြေကျမှုတွေ ရှိခဲ့ပြီး တစ်လအတွင်း ဆန္ဒပြသူ ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီက ၂၀၀၉ ခုနှစ်ကစလို့ ရွေးကောက်ပွဲတွေကဆင့် တက်လာတာဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း အာဏာရှင်ဆန်ဆန်လုပ်ဆောင်မှုတွေ မြင့်တက်လာတယ်လို့ ဝေဖန် ခံခဲ့ရပါတယ်။ အဆိုးဆုံးက လူဦးရေ သန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ သန်း ၃၀ ကျော်က အလုပ်အကိုင်နဲ့ ပညာရေးသင်ကြားခွင့် မရရှိတာပါ။

ဒါကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၁ရက်ကစလို့ မြို့တော်ဒါကာမှာ ကျောင်းသားတွေက ရှိတ်ဟာစီနာအစိုးရရဲ့ ဝန်ထမ်းခန့်အပ်ရေး ကိုတာစနစ်ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီကိုတာစနစ်ဟာ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ပြန်တွေရဲ့ ဆွေမျိုးတွေအတွက် ပြည်သူ့ဝန်ထမ်းနေရာ ၃၀ ရာခိုင်နှုန်း အခွင့်ထူးခံပေးထားခဲ့တာပါ။ ကိုတာစနစ်ကိုဖျက်သိမ်းဖို့ ကျောင်းသားတွေရဲ့ အဲဒီတောင်းဆိုဆန္ဒပြမှုကို တရားရုံးချုပ်က အနိုင်ပေးခဲ့ပေမယ့် ကျောင်းသားတွေက အာဏာရှင်ဆန်တဲ့ ရှိတ်ဟာဆီနာအစိုးရပြုတ်ကျရေးကို ဆက်လက်တောင်းဆိုခဲ့ကြပါတယ်။

အခုဆိုရင် ဘင်္ဂလားဒေ့ရှ်ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေ အကောင်အထည်ပေါ်လာခဲ့ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အသက် ၈၄နှစ်အရွ​ယ် စီးပွားရေးပါမောက္ခ မူဟာမက်ယူနွတ်စ်က ကြားကာလအစိုးရအဖွဲ့ကို ဦးဆောင် ​နေပြီဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးစနစ်ကို ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ ပြန်လည်တည့်မတ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ပြည်သူလူထုက ယူနွတ်စ်အပေါ် မျှော်လင့်နေပါတယ်။

ပြည်သူလူထုလိုလားတဲ့ နိုင်ငံရေးလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိဖို့ သူ့ကို ယုံကြည်အပ်နှင်းတဲ့ တာဝန်တွေကို မမှိတ်မသုန် ထမ်းဆောင်သွားမယ်လို့ ယူနွတ်စ်က ကတိပြုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူလူထု အပ်နှင်းထားခြင်းမရှိတဲ့ အာဏာကို ဆွဲဆန့်ဖို့ နည်းလမ်းမျိုးစုံသုံး ကြိုးပမ်းနေတာ တွေ့ရပါတယ်။ စစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ် ၁၄ခုအနက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကျရှုံးအပြီးမှာ အာဏာစစ်ခေါင်းဆောင်အပေါ် အရင် သူ့ကို ထောက်ခံခဲ့တဲ့ စစ်တပ်အသိုင်းအဝိုင်းရဲ့ ယုံကြည်မှုမရရှိတော့ဘဲ ဝေဖန်ပြစ်တင်မှုတွေ ရှိလာခဲ့ပါတယ်။

တိုင်းစစ်ဌာနချုပ်တစ်ခုနဲ့ မြို့ပေါင်း ၈၀ နီးပါး လက်လွှတ်ဆုံးရှုံးခဲ့ရအပြီးမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သြဂုတ် ၅ ရက်မှာ မိန့်ခွန်းထွက်ပြောခဲ့ပြီး သူ့ရဲ့စစ်တပ်ဟာ နိုင်ငံတဝန်း အရပ်မျက်နှာစုံမှ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ချေမှုန်းခြင်းကို ခံနေရတယ်လို့ သွယ်ဝိုက်ဝန်ခံခဲ့ပါတယ်။ တချိန်တည်းမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တိုင်းပြည်ကို အဆိုးဆုံးအခြေအနေအထိ ဆွဲခေါ်သွားမှာဖြစ်ပြီး သူကိုယ်တိုင်လည်း အသေထွက်ထွက်မယ်လို့ ကြေညာလိုက်တာလို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

“ကျွန်တော်တို့ ဒီဘက်(မြန်မာပြည်)မှာတော့ လုံးဝလွဲမှားနေတဲ့ မှားယွင်းနေတဲ့ အချက်ကတော့ ကိုယ်ကျိုးစီးပွားကို အတင်းအဓမ္မဆုပ်ကိုင်ပြီး ကာကွယ်ရေးဦးစီးချုပ်တင်မဟုတ်ဘဲ တစ်ခါ ဝန်ကြီးချုပ်၊ ဝန်ကြီးချုပ်တင်မဟုတ်ဘဲ အခု သမ္မတပါ ရာထူးတွေ ပူးတွဲယူပြီး မိုက်တွင်းနက်နေတာနဲ့ပတ်သက်လို့ ကျွန်တော်က ဘာမှတ်ချက်လဲ ပေးချင်လဲဆိုတော့ တိုင်းပြည်နာတာပေါ့လို့ပဲ သုံးချင်တာပေါ့” လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)အထွေထွေလုပ်ငန်းကော်မတီဝင် ဒေါက်တာလွမ်းဝေက ပြောပါတယ်။

နေရာစုံရှုံးနိမ့်နေတဲ့ စစ်တပ်ဟာ တိုင်းပြည်ရဲ့ လူများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားတို့ရဲ့ထောက်ခံမှုမရတော့တာကြောင့် မင်းအောင်လှိုင်ရော၊ စစ်တပ်ပါ ပွဲသိမ်းနေပြီမှာ အသေအချာဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ မြန်မာ့နိုင်ငံရေးအကဲခတ်များက တူညီစွာ ရှုမြင်ကြပါတယ်။

“ကျွန်တော့်အထင်တော့ ဟိုကောင်တွေ(စစ်အုပ်စု)သိပ်ကြာကြာ မတောင့်ခံနိုင်လောက်တော့ဘူး။ ဒီဘက်(တော်လှန်ရေးဘက်)က နိုင်ငံရေးစုဖွဲ့မှုတွေနဲ့ စစ်ရေးစုဖွဲ့မှုတွေက ပြင်ပြင်ဆင်ဆင်နဲ့ တွန်းနိုင်ရင် မကြာခင် လပိုင်းတွေ အတွင်းမှာကို အလားအလာကောင်းတယ် မြင်တာပါပဲ။ အဲ့အပြောင်းအလဲတစ်ခုရဲ့ အလွန်ကိုတော့ အများကြီး ကြိုးစားရမှာပေါ့” လို့ နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကောင်စီဝင်လည်းဖြစ်သူ ဒေါက်တာလွမ်းဝေက စစ်တပ်အနေဖြင့် သေချာပေါက်ရှုံးနိမ့်မယ့် တိုက်ပွဲကို ဆက်လက်တိုက်နေမယ့်အစား အလင်းဝင်လိုက်ခြင်း၊ စစ်တပ်အနေဖြင့် နိုင်ငံရေးမှ လုံးဝထွက်သွားဖို့ ကတိကဝတ်ပြုလိုက်ခြင်းကသာ ဒီနေ့ ဒီအချိန်မှာ မင်းအောင်လှိုင်အတွက် အကောင်းဆုံးလုပ်ရပ်၊ သိက္ခာရှိတဲ့ ထွက်ပေါက် ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။

“တော်လှန်ရေးကြားထဲမှာ မင်းအောင်လှိုင်တင်မကဘူး၊ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှုက သေချာပေါက်ဖြစ်ကို ဖြစ်မှာဖြစ်တယ်။ ဒါအတွက်ကလည်း ထင်ထင်ရှားရှားခိုင်ခိုင်မာမာ မြင်နေရပြီ ဖြစ်တယ်။ ဒီစစ်တပ်ကို နိုင်ငံရေးထဲမှာ ဆက်လက်မပါဝင်နိုင်လို့၊ ထွက်သွားဖို့အတွက် ပြင်းပြင်းထန်ထန်လုပ်နိုင်ဖို့ လမ်းစတွေ မြင်နေရပြီဖြစ်တယ်။ သို့ပေမဲ့ ဒါတွေနဲ့ပတ်သက်ရင် သူ့ရဲ့ မိုက်တွင်းနက်မှုတွေကြောင့် ကျွန်တော်တို့ တိုင်းပြည်က ခုနက ပြောသလို နစ်နာတယ်။ တိုင်းပြည်မှာ အများကြီးနစ်နာတယ်” လို့ ဒေါက်တာလွမ်းဝေက ပြောပါတယ်။

မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ပကတိအရှိတရား အရှုံးကို လက်မခံသေးဘဲ လတ်တလော ရှမ်းပြည်နယ် မြောက်ပိုင်းအပါအဝင်တောက်လျှောက်လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေဒေသများရှိ အရပ်သားပြည်သူလူထုကို ဦးတည်ပြီး ဆေးရုံ၊ စာသင်ကျောင်း၊ စျေး၊ ဘာသာရေးအဆောက်အဦးပါမချန် လေကြောင်းကနေ ဗုံးကြဲတဲ့ လုပ်ရပ်ဟာ အင်မတန်ရုပ်ဆိုးအကျည်းတန်ပါတယ်။

“ဒါတွေရဲ့ နောက်ဆက်တွဲ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အများကြီးပျက်စီးပြီးတော့ ဒုက္ခရောက်တာဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ အများကြီး အချိန်တွေ ကြန့်ကြာမယ်။ ပိုပြီး resource တွေ သုံးရမယ်။ ပြည်သူလူထုတွေက ဒီထက်ပိုပြီး ပင်ပန်းဆင်းရဲမှုနှင့်တကွ ဖြတ်သန်းပြီး သွားရမှာဖြစ်တယ်” လို့ ဒေါက်တာလွမ်းဝေက သူ့အမြင်ကိုပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြားကာလအစိုးရခေါင်းဆောင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ယူနွတ်စ်က သူ့နိုင်ငံရဲ့လက်ရှိအခြေအနေဟာ ဒုတိယအကြိမ်လွတ်လပ်ရေးရတာလို့ တင်စားပြောဆိုပါတယ်။ မြန်မာပြည်သူတွေအနေနဲ့လည်း ဗြိတိလျှကိုလိုနီလက််​အောက်က လွတ်လပ်​ရေးရပြီး ​နောက်မှာစစ်အာဏာရှင် စနစ်လက်​အောက်ကလွတ်​မြောက်ဖို့ ဒုတိယအကြိမ် လွတ်လပ်ရေးရဖို့ အရှိန််မြှင့် တိုက်ပွဲဝင်​နေကြပြီဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်​ နဲ့စာရင် ​မြန်မာ​နွေဦး​တော်လှန်​ရေးခရီးဟာ အချိန်ကာလပို​ကြာရှည်သလို ပိုမိုရုန်းကန်ကြိုးစားရပြီး​တော့မှ ခက်ခက်ခဲခဲတိုက်ပွဲဝင်ရတဲ့ ခရီးကြမ်းရှည်ကြီးဖြစ်ပါတယ် ။ ပိုမိုခက်ခဲရုန်းကန်ရသလို ရလာမယ့်​အောင်ပွဲကလည်း အစိုးရအ​ပြောင်းအလဲသာမကပဲ ခေတ်​ပြောင်း၊စနစ်​ပြောင်း ​​​အောင်ပွဲဖြစ်လာမှာပါ။ လူမျိုးကြီးဝါဒ နဲ့ ၁၉၆၂ ခုနှစ်ကစပြီး အကြိမ်ကြိမ်အာဏာသိမ်းပြီး တိုင်းပြည်ကိုဖျက်ဆီးပစ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးကို အမြစ်က​နေဖယ်ရှားသုတ်သင်ပြီး​တော့ ဖက်ဒရယ် ဒီမိုက​ရေစီစနစ်နဲ့ တိုင်းပြည်သစ်ကိုပြန်တည်​ဆောက်မယ့် ​တော်လှန်​ရေးဖြစ်​နေတာ​ကြောင့်ပါ။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ပရော်ဖက်ဆာ မူဟာမက် ယူနွတ်စ်ဟာ ဘင်္ဂလားဒေ့ရှ် ကြားကာလ အစိုးရရဲ့ အကြီးအကဲအဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

သတင်း

အများပြည်သူသဘောထားကို ကိုယ်စားပြုသူများပါဝင်သော ဒီမိုကရေစီနည်းကျ အနာဂါတ်အတွက် လမ်းကြောင်းကိုဖော်ဆောင်ရာတွင် သက်ဆိုင်သူများ အားလုံးနှင့် ထိတွေ့ဆက်ဆံမှုပြုရန် စစ်​ကောင်စီကို အ​မေရီကန်တိုက်တွန်း

နိုင်ငံတကာ

အရပ်ဝတ်နဲ့ ရဲတွေဟာ ဆေးရုံကို ရောက်လာပြီးတဲ့နောက် ကျောင်းသားခေါင်းဆောင် သုံးယောက်ကို အတင်းအကျပ် ဆေးရုံဆင်းစေခဲ့ကြောင်း၊ ဆေးရုံဝန်ထမ်းတွေက တားဆီးပေမယ့် မအောင်မြင်ခဲ့ကြောင်း ဆေးရုံဖက်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဆီယံဟာ ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ချိန် ကတည်းက မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခတွေကို ပြေလည်စေဖို့ ရည်ရွယ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ခုကို အတူပူးတွဲ ဆုံးဖြတ်ပေးခဲ့ပါတယ်။