မတ်-၂၉၊၂၀၂၆။ဟာနာဆန်/People’s Spring
ရန်ကုန်မြို့၊ အင်းစိန်ဆေးရုံက အကျဥ်းသား ဆေးကုသဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ နာတာရှည် ဝေဒနာရှင် နိုင်ငံရေးအကျဉ်းသားတစ်ဦးနဲ့ အခြားအကျဉ်းသားတစ်ဦးကို မြို့နယ်ရဲမှူးသိန်းဝင်းက ကိုယ်ထိလက်ရောက် ရိုက်နှက်မှုခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
အင်းစိန်ဆေးရုံက အကျဥ်းသား ဆေးကုသဆောင် Guard Wardမှာ ပုဒ်မ ၅၀(စျ)နဲ့ ထောင်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရပြီး ခါးနာနဲ့ အာရုံကြောညပ်ဝေဒနာကြောင့် မတ်လ ၁၂ ရက်ကစပြီး ဆေးကုသမှုခံယူနေရတဲ့ နိုင်ကျဥ်းတဦးဆီကို အင်းစိန်မြို့နယ်ရဲမှူး သိန်းဝင်း ရောက်ရှိလာခဲ့ကြောင်း နိုင်ကျဥ်းတွေနဲ့ နီးစပ်သူအချို့ကပြောပါတယ်။
သိန်းဝင်းက နိုင်ကျဥ်အား ဘယ်ကလဲလို့ မေးမြန်းရာ ရန်ကုန်ကလို့ ဖြေလို့ဆိုပြီး ဆဲဆိုကြိမ်းမောင်းကာ မျက်နှာကို ရိုက်နှက်တာ၊ နာတာရှည် ဝေဒနာခံစားနေရတဲ့ ခါးကို ကန်ကျောက်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ရဲမှူးဟာ နာတာရှည် ခါးနာဝေဒနာ ခံစားနေရတဲ့ အခြားအကျဥ်းသားတစ်ဦးကိုလည်း ထပ်မံရိုက်နှက် ကန်ကျောက်ခဲတာကြောင့် အဆိုပါနိုင်ကျဥ်းဟာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ပြန်မထနိုင်တဲ့ အခြေအနေအထိဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ကျူးလွန်သူ ရဲမှူးသိန်းဝင်းက “ မင်းတို့ ဘာကောင်ဖြစ်ဖြစ် ဂုတ်ချိုးသတ်လို့ရတယ်” ဟု ခြိမ်းခြောက်ပြောဆိုခဲ့တဲ့အပြင် လူနာရဲ့ အဝတ်အစား၊ အစားအသောက်နဲ့ ဆေးဝါးတွေကိုပါ သိမ်းဆည်းဖို့အမိန့်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ဒါ့အပြင် လူနာတွေအတွက် လိုအပ်တဲ့ဆေးဝါးနဲ့ စားစရာတွေ လာရောက်ပို့ဆောင်ပေးတဲ့ မိသားစုဝင်တွေကိုလည်း လာရောက်ခြင်းမပြုဖို့ ပိတ်ပင်ခဲ့တာကြောင့် လူနာတွေအတွက် ကြီးမားတဲ့ အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။
၎င်းနိုင်ငံရေးအကျဥ်းသားဟာ ဆေးရုံမှာ ဆေးကုသမှုခံယူစဉ် စည်းကမ်းဖောက်ဖျက်မှု မရှိဘဲ ကောင်းမွန်စွာ နေထိုင်ခဲ့တာကို Guard Ward ရှိ ဝန်ထမ်းများ သိရှိကြောင်း နိုင်ကျဥ်းအချို့ကပြောပါတယ် ။
ဒါ့ကြောင့် အင်းစိန်မြို့နယ် ရဲမှူးသိန်းဝင်းရဲ့ လူ့အခွင့်အရေး ပြင်းထန်စွာ ချိုးဖောက်မှု၊ အာဏာအလွဲသုံးစားလုပ်မှုနဲ့ ဥပဒေမဲ့ ပြုမူမှုတွေအပေါ် ထိရောက်စွာ အရေးယူပေးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးသို့ စာပေးပို့တိုင်ကြားထားကြောင်း သိရှိရပါတယ်။





















































